ချင်းပြည်ကောင်စီကို လက်မခံကြောင်း ချင်းညီနောင်အဖွဲ့တွေထုတ်ပြန်
2024.01.07
ချင်းပြည်နယ်ရဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ချင်းပြည်ကောင်စီက အုပ်ချုပ်မှာကို လက်မခံဘူးလို့ ချင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ်ထဲမှာ အင်အားကြီးအဖွဲ့သုံးဖွဲ့ဖြစ်တဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) တို့ သုံးဖွဲ့ပေါင်းပြီး မဟာမိတ်ဖွဲ့ထားတာဖြစ်ပါတယ်။
ချင်းပြည်ကောင်စီဟာ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို မယူဘဲ ဖွဲ့စည်းပုံ ဥပဒေအခြေခံမူကြမ်းတစ်ရပ်ကို ရေးဆွဲအတည်ပြုခဲ့တယ်လို့ ဇန်နဝါရီလ ၅ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။
အဲဒီဖွဲ့စည်းပုံအရ ချင်းပြည်ကောင်စီမှာ ချင်းအမျိုးသားတပ်ဦး (CNF)က နေရာအများဆုံး ယူထားတာဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ CDF Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
"မင်းတပ်ရသမျှ ဟားခါးရရမယ်။ ဟားခါးရသမျှ ဖလမ်းရရမယ်။ ဖလမ်းရသမျှ ကန်ပလက်ရရမယ်။ ကန်ပလက်ရသမျှ ပလက်ဝ၇ရမယ်။ ပလက်ဝရသမျှ မင်းတပ်ရရမယ်။ ဘယ်သူ့ထက်မှလည်း ပိုမလိုချင်ဘူး၊ ဘယ်သူ့အောက်မှလည်း ပိုမလိုချင်ဘူး။ အားလုံးတန်းတူညီတူ မျှမျှတတ လိုချင်တာပါ"
ချင်းပြည်ကောင်စီက ထုတ်ပြန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားတပ်ဦး (CNF) ဟာ လက်နက်ကိုင်အစုအဖွဲ့ နေရာ ၂၇ နေရာအထိ ၂ဝ ရာခိုင်နှုန်း ယူထားပြီး၊ ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေကိုတော့ ရာခိုင်နှုန်းနည်းနည်းပဲ ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းတစ်မျိုးသားလုံးရဲ့ အလံကိုလည်း CNF အဖွဲ့ရဲ့ အလံကို အတင်းအဓ္ဓမ သတ်မှတ်ထားတယ်လို့ ညီနောင်အဖွဲ့တွေက ပြောပါတယ်။ ဒီညီနောင်သုံးအဖွဲ့အနေနဲ့ကတော့ ချင်းပြည်ကောင်စီနဲ့ မပူးပေါင်းဘဲ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC နဲ့ လက်တွဲပြီး အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဇိုမီးဖက်ဒရယ်အစည်းအရုံး ပြောခွင့်ရှိသူကိုရောဘတ်က " ICNCC ထဲမှာ တော်လှန်ရေးမှာပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေ၊ CSO၊ CDM၊ အမျိုးသမီးလူငယ် အစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ မြို့နယ်အဆင့် နိုင်ငံရေးကိုယ်စားပြုအဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေလည်းပါပါတယ်။ အဖွဲ့အစည်းအသီးသီးပါလို့ ကျွန်တော်တို့လည်း အဲဒီထဲမှာ ပါဝင်ရတာဖြစ်ပါတယ်"
ဒီလိုအဖွဲ့တွေကွဲနေတဲ့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေက ဘယ်လိုရှိလာနိုင်ပါသလဲ...
ချင်းညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ချင်းပြည်ကောင်စီကို ဦးဆောင်တဲ့ CNF အနေနဲ့ သူတို့ရဲ့ နယ်မြေကို မကျူးကျော်ဖို့နဲ့၊ နယ်မြေကျူးကျော်လာရင် အချင်းချင်းကြား တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ပြောခွင့်ရှိသူ ဆလိုင်းပီတာထန်းက သတိပေးလိုက်ပါတယ်။
'သူလဲ သူ့နေရာမှာ သူတပ်ရှိမယ်။ သူ့နေရာမှာ အုပ်ချုပ်မယ်ဆို ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ချင်းပြည်တစ်ခုလုံးရဲ့ အစိုးရကဲ့သို့ ကိုယ့်ရဲ့ ဦးဆောင်မှုအောက်မှာမရှိသေးတဲ့ နေရာထိကို အာဏာသက်ရောက်ဖို့ကြိုးစားမယ်ဆိုရင် ပြဿနာဖြစ်လာမှာပါ"
အချင်းချင်းကြားမှာ လက်နက်နဲ့ ဖြေရှင်းစရာမလိုဘဲ တန်းတူညီမျှဖြစ်မယ့် အခြေအနေကို မျှော်လင့်နေတယ်လို့လည်း သူကပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ချင်းပြည်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ လူမျိုးစုပေါင်း ၅ဝ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေတဲ့ ဒေသဖြစ်ပါတယ်။