ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းမှုအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.02.02
ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းမှုအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းလန်းကောင်စီ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်လာသူများအား တွေ့ရစဉ်။
Chinland Council

ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကနေ ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ချင်းပြည်ကောင်စီရဲ့ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ချင်းပြည်အစိုးရအဖွဲ့အပါအဝင် မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ် (Salai Paul) က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြည်သူလူထုကို ချပြတယ်၊ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကနေပြီးတော့ ကြေညာချက်အတိုင်း ဒီညီလာခံကနေ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအရ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ မဏ္ဍိုင်ကြီးသုံးရပ်ကို ဖွဲ့စည်းသွားမယ်ဆိုတဲ့အတိုင်းပဲ ခုချင်းပြည်ကောင်စီ ဒုတိယအစည်းအဝေးကနေ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားရေး၊ တရားလွှတ်တော်ချုပ်နဲ့ ချင်းပြည်လွှတ်တော်တို့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်"

လက်ရှိတော်လှန်ရေးကာလမှာ ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ရည်ရွယ်ဖွဲ့စည်းတာလို့လည်း ဆိုပါတယ်။

ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ပူပသန် (Pu Pa Thang) က ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ချင်းပြည် (Chinland) ကောင်စီက ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားပိုင်နယ်မြေနဲ့ ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်မဲ့ ချင်းအမျိုးသားတပ်မတော် တည်ဆောက်ရေး စတာတွေကို ချင်းပြည်သူတွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဒါပေမဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) တို့ ပါဝင်တဲ့ ချင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့ ချင်းပြည်နယ်ရဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ ချင်းပြည်ကောင်စီက အုပ်ချုပ်မှာကို လက်မခံဘူးလို့ ဇန်နဝါရီ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းလန်းကောင်စီ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်လာသူများအား တွေ့ရစဉ်။ (Photo : Chinland Council)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းလန်းကောင်စီ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်လာသူများအား တွေ့ရစဉ်။ (Photo : Chinland Council)

ဒီလို ချင်းပြည်ကောင်စီကနေ အစိုးရဖွဲ့လိုက်တာဟာ ချင်းပြည်နယ်မှာ စည်းလုံးမှုပျက်ပြားစေတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆလိုင်းယောမာန်က ပြောပါတယ်။

"ဒေသတွင်းမှာ အာဏာသိမ်းတာ၊ ဒေသတွင်းမှာ အုပ်စုဖွဲ့လာတဲ့ ပုံစံတွေမှာ ကျွန်တော်တို့ ချင်းအမျိုးသားတွေ စည်းလုံးညီညွတ်ရေးကို အများကြီးထိခိုက်စေတယ်ပေါ့၊ နောက်ထပ် ပြည်နယ်အစိုးရရယ်လို့ နှစ်ခုပေါ်လာမယ်ဆိုရင်လည်း ကြားထဲက ပြည်သူတွေက မြေစာပင်သဘောဖြစ်လာမယ်၊ ဘယ်လိုညှိနှိုင်းပေါင်းစည်းဆွေးနွေးကြမလဲဆိုတာလည်း အာရုံစိုက်ဖို့လိုမယ် "

လက်ရှိ ချင်းပြည်နယ်ဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေမဟုတ်သေးဘူးလို့လည်း ဆလိုင်းယောမန်ကပြောပါတယ်။

" ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် မြို့သိမ်းတိုက်ပွဲတွေ ဆင်စရာရှိတယ်၊ ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်စရာရှိတယ်၊ ဆိုလိုတာက အများကြီးရှိတဲ့အချိန်မှာ တော်လှန်ရေးပြီးခဲ့သော် အသွင်ကူးပြောင်းရေး ကာလအတွက် စားပွဲကြိုပြင်ထားမယ်၊ ထိုင်ခုံကြိုနေရာရှာထားမယ်ဆိုတဲ့ စကစကို တော်လှန်ဖို့ မေ့လျော့ပြီးမှ နိုင်ငံရေးလက်ဦးမှု ရယူတဲ့ပုံစံတွေ တော်လှန်ရေးအပိုင်စီးတဲ့ပုံစုံတွေက ကျွန်တော်တို့အများကြီး ဝမ်းနည်းစေတယ်၊ စိတ်ထိခိုက်စေတယ် "

ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ် (Salai Paul) ကတော့ ဒီအစိုးရအဖွဲ့ကို ချင်းပြည်နယ် လိုအပ်ချက်အရ ဖွဲ့စည်းတာဖြစ်ပြီး အားလုံးပါဝင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

"အခုလိုမျိုး စောစောလျင်လျင် အစိုးရဖွဲ့တာမျိုးမဟုတ်ပါဘူး၊ ကျွန်တော်တို့ ချင်းပြည်နယ်မှာ သုံးနှစ်တိုင်တိုင် အုပ်ချုပ်ရေးအကောင်အထည်ဖော်တဲ့စနစ်တွေကို ကိုယ်ရဲ့ဒေသ ကိုယ်မြို့နယ်အနေနဲ့ပဲ အဆင့်လောက်ပဲ ရှိတယ်၊ ကျွန်တော်တို့အနေနဲ့ အမျိုးသားတစ်ရပ်လုံးစုပြီးတော့မှာ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခု၊ တရားရေးမဏ္ဍိုင်တစ်ခု၊ ဥပဒေပြုရေးလို့ဟာမျိုးကို တော်လှန်ရေးကာလကတည်းက ဖွဲ့စည်းထူထောင်ကြမယ်ဆိုတဲ့ရည်မှန်းချက်က ဒီအချိန်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုင်သုံးရပ်အနေနဲ့ရော ဝန်ကြီးဌာနတွေအနေနဲ့ရော၊ ချင်းအမျိုးသားအားလုံးကို ကိုယ်စားပြုပြီး အလုပ်လုပ်သွားမှာဖြစ်သလို ဒီမှာမပါဝင်နိုင်သေးတဲ့အဖွဲ့အစည်းတွေကိုလဲ ပူးပေါင်းပါဝင်နိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်"

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းပြည်ကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို  တက်ရောက်လည့် ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးအား တွေ့ရစဉ်။ (Photo : Chinland Council)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချင်းပြည်ကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်လည့် ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးအား တွေ့ရစဉ်။ (Photo : Chinland Council)

ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းလန်းကောင်စီရှိသလို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လည်းရှိနေပြီး ICNCC ကလည်း ချင်းပြည်အစိုးရ ဖွဲ့စည်းသွားမယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က စာထုတ်ထားပါတယ်။

ချင်းပြည်အစိုးရ ဖွဲ့စည်းသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးသိရဖို့ ICNCC ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

အမည်မဖော်လိုတဲ့ ချင်းအရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပေါ်ပေါက်လာတဲ့အပေါ် အခုလိုသုံးသပ်ပါတယ်။

"မရှိတဲ့ဟာကို တစ်ခုခုဖြစ်အောင်လုပ်ရတာက တော်လှန်ရေးရဲ့ သဘောသဘာဝလို့ ပြောချင်ပါတယ်၊ ရှေ့ဆက်သွားရမဲ့ လုပ်ငန်းတွေ၊ တစ်ခြား စစ်ကောင်စီဘက်က မလုပ်နိုင်တဲ့ဟာတွေ၊ ပြည်သူလူထုတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတဲ့ဟာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့၊ ဒီလိုမျိုးဖြစ်လာတာက အပေါင်းလက္ခဏာလို့ မြင်တယ်"

ချင်းလန်းကောင်စီက ဖွဲ့စည်းလိုက်တဲ့အစိုးရကတော့ လုံခြုံရေးအရ နေရာပြောလိုမရတဲ့ ချင်းလုံမြို့မှာ ရုံးစိုက်ပြီး အောက်ခြေကနေ စတင်မဲ့ ချင်းအစိုးရအဖွဲ့အပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ လူမျိုးစုပေါင်း ၅ဝ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေတဲ့ ဒေသဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။