ခရီးသည်တင်သင်္ဘောပေါက်ကွဲမှု စစ်ကောင်စီစွပ်စွဲချက် PDF အဖွဲ့တွေ ငြင်းဆို

RFA Burmese
2022.12.19
ခရီးသည်တင်သင်္ဘောပေါက်ကွဲမှု စစ်ကောင်စီစွပ်စွဲချက် PDF အဖွဲ့တွေ ငြင်းဆို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ပြေးဆွဲနေသည့် ချယ်ရီအမှတ်-၂ ခရီးသည်တင်ရေယာဉ်ပေါ် ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအား တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်မြို့ကနေ တစ်ဖက်ကမ်း ဒလမြို့ကို ပြေးဆွဲနေတဲ့ ချယ်ရီအမှတ် (၂) သင်္ဘောပေါ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လ ၁၈ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးတစ်လုံးပေါက်ကွဲ ခဲ့တာကြောင့် ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးခဲ့တဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒလဘက်ကို ပြန်ထွက်ဖို့ ခရီးသည်စောင့်နေချိန် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့အထဲမှာ အသက် ၁၈ နှစ် ကနေ ၄၀ ကျော်အတွင်း အမျိုးသား ၁၅ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး ပါဝင်ပါတယ်။

သင်္ဘောအောက်ထပ် စက်ဘီးနဲ့ ဆိုင်ကယ်တွေ ထားတဲ့နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်သလို အများပြည်သူ ရုံးပိတ်ရက် ဖြစ်တာကြောင့် လူထိခိုက်မှုနည်းပြီး သေဆုံးမှုမရှိတာလို့ ဆိုပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာသီတာလှကလည်း သေဆုံးသူမရှိဘူးလို့ RFA ကို အတည်ပြု ဖြေဆိုထားပါတယ်။

"ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ရှုတ်ချတယ်။ အဲဒီအတွက်ကိုလည်း တာဝန်ယူရမယ်"

အများစုဟာ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ရင်ဘတ်တွေမှာ ဗုံးစထိမှန်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး ကို ပို့ဆောင်ပေးခဲ့ တယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"အသေအပျောက် မရှိပါဘူး။ ပေါက်ကွဲမှုက အသံကတော့ တော်တော်ကျယ်တာပေါ့နော်။ သိပ်မဝေးဘူး၊ ပေ ၂၀၀ ကျော်လောက်ပဲ ဝေးတာပေါ့။ ကျမနဲ့ ပေါက်ကွဲတဲ့နေရာနဲ့က။ သင်္ဘောပေါ် တက်သွားတဲ့အချိန်မှာ မထနိုင်တဲ့ လူနာတွေက အကုန်လုံး ဒီအတိုင်းပဲ။ ကျမတို့ ရောက်သွားတော့ လူတွေတော့ မကျန်တော့ဘူး၊ လူနာတွေပဲ ကျန်ခဲ့တယ်။ လျှောက်နိုင်တဲ့လူနာကိုတော့ လမ်းလျှောက်ပြီး အပေါ်ကို ပို့ပေးလိုက်တယ်။ တချို့ သွေးထွက်လွန် မယ် ထင်တဲ့ဟာတွေကိုတော့ SCG လုပ်ထားနှင့်တယ်ပေါ့။ လူနာတွေ ပြည်သူတွေပဲဆိုတော့ ဆေးရုံကြီးပဲပို့ရ တာပါ"

ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ကတော့ ထိခိုက်ဒဏ်ရာသူတွေထဲက ဒဏ်ရာမပြင်းထန် သူ လေးဦး ရန်ကုန် ဆေးရုံကြီးကနေ ပြန်ဆင်းသွားပြီလို့ ဆိုပါတယ်။

ရန်ကုန်တစ်ဖက်ကမ်းမှာရှိတဲ့ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး စတဲ့ မြို့နယ်တွေက အလုပ်သမားအများစုနဲ့ အခြေခံ လူတန်းစား ဒေသခံတွေဟာ အလုပ်အသွားအပြန်အတွက် ငွေကျပ်နှစ်ရာသာပေးရတဲ့ ဒီသင်္ဘောကိုပဲ အဓိက အသုံးပြုနေကြရတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒလမြို့ခံတစ်ဦးကတော့ အခုလို ဗုံးဖောက်ခွဲတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ရှုတ်ချသလို ထိခိုက်နစ်သူတွေအတွက် တာဝန်ယူပေးရမယ်လို့ RFA ကို ပြောပါတယ်။

"ဘယ်အဖွဲ့အစည်းက လုပ်လုပ် PDF ကပဲ လုပ်လုပ်၊ နကစက ပဲ လုပ်လုပ်၊ ကြိုက်တဲ့သူလုပ် ဒါကပြည်သူ အတွက် အများကြီး စိတ်ဒုက္ခပေးသလို ပြည်သူတွေကို အကြောက်တရား ထည့်ပေးတာပဲ။ ပြည်သူတွေအတွက် ဘာမှ လုံခြုံမှုမရှိဘူး။ ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ရှုတ်ချတယ်။ အဲဒီအတွက်ကိုလည်း တာဝန်ယူရမယ်။ ဒလဆိုတာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာ မြို့ဖြစ်တယ်။ အဲဒီအတွက် ပြည်သူတွေက ရတဲ့ဝင်ငွေနဲ့ မမျှတတဲ့အတွက် ငွေကျပ်နှစ်ရာတန် ချယ်ရီသင်္ဘောကို စီးရတာ။ ဒါလေးတောင် မလုံခြုံဘူးဆိုရင် နောက်ပိုင်းတွေ လိုင်းကားတွေပေါ်မှာပါ ဗုံးပေါက်တဲ့ အခြေအနေတွေ ဖြစ်လာတော့မယ်"

အများပြည်သူအသုံးပြုတဲ့နေရာတွေကို ဖောက်ခွဲမှုလုပ်လာတာက စားဝတ်နေရေးကြောင့် အပြင်ထွက် သွား လာနေရသူတွေအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ခံစားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ချယ်ရီ အမှတ် (၂) သင်္ဘောပေါ် ပေါက်ကွဲမှုကြောင့် ခရီးသည် ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို ဒီဖောက်ခွဲမှုကို PDF တွေ လုပ်တာလို့ ဒီနေ့မှာပဲ သတင်း ထုတ်ပြန် စွပ်စွဲထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီကိစ္စကို သူတို့ မလုပ်ဆောင်ခဲ့သလို အများ ပြည်သူသွားလာတဲ့ နေရာတွေကိုလည်း PDF တွေ ပစ်မှတ်မထားဘူးလို့ RFA ကို ငြင်းဆိုထားပါတယ်။

"ချယ်ရီသင်္ဘောပေါ် ဖောက်ခွဲမှုက ကျနော်တို့လက်ချက်မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ အများပြည်သူ သွားလာနေတဲ့ နေရာတွေကို ပစ်မှတ်ထားဖောက်ခွဲတာ ဘယ်တော့မှ မလုပ်ဘူး။ ဥပမာ-ဘားတွေမှာ ဖောက်ခွဲ ရင်တောင် အဲဒါက ခြောက်လှန့် တဲ့သဘောနဲ့ အသံဗုံးပဲခွဲလိုက်တာ"

signal-2022-12-19-132218_002.jpeg
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ပြေးဆွဲနေသည့် ချယ်ရီအမှတ်-၂ ခရီးသည်တင်ရေယာဉ်ပေါ် ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ဒီဖောက်ခွဲမှုကို စစ်ကောင်စီဘက်က PDF အယောင်ဆောင်ပြီး လုပ်ခဲ့ တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။

လက်နက်မဲ့ပြည်သူတွေကို လက်နက်နဲ့အနိုင်ယူတာမျိုး ဘယ်အဖွဲ့ကိုမဆို လက်မခံနိုင် ဘူးလို့ NLD ပါတီရဲ့ ဒလမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။

"စစ်ရေးပစ်မှတ်အဖြစ်နဲ့ အရပ်သားတွေကို ရည်ညွှန်းတဲ့ကိစ္စကို ကျနော်လုံးဝ လက်ခံ နိုင်စရာ အကြောင်းမရှိပါ ဘူး။ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက်ကို တိုက်ပွဲ ဝင်နေတဲ့ အခုလိုအချိန်မှာ တကယ့်အနှစ်သာရက ဘာလဲဆိုတော့ လက်နက်မဲ့ ပြည်သူ တွေကို လက်နက်နဲ့ အနိုင်ကျင့်တဲ့ စစ်ဘက်လွှမ်းမိုးမှု၊ စစ်အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်နေတာပါ၊ ဒါကြောင့် လက်နက်မဲ့နေတဲ့ ပြည်သူတွေကို ဘယ် အဖွဲ့အစည်းကမဆို လက်နက်နဲ့ ခြိမ်းခြောက်တာက လက်ခံနိုင်စရာ အကြောင်းကို မရှိပါဘူး"

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အင်းစိန်ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထောင်ဝင်စာလာပို့တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ ထောင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာတဲ့အပေါ် အာဆီယံအနေနဲ့ စိုးရိမ်နေ တယ်လို့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး ဌာနက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်ရေးအင်အားကြီးမားတဲ့ အဖွဲ့တွေအပါအဝင် သက်ဆိုင်တဲ့ အဖွဲ့ အစည်းတွေအားလုံး အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။