စစ်ကြောင်းထိုးလို့ ဆားလင်းကြီးနဲ့ ပခုက္ကူက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2023.02.05
စစ်ကြောင်းထိုးလို့ ဆားလင်းကြီးနဲ့ ပခုက္ကူက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ဆယ်နီးပါးနဲ့ မကွေးတိုင်း ပခုက္ကူ မြို့နယ်က ကျေးရွာ ၁၄ ရွာက အရပ်သား နှစ်သောင်းကျော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာပါ။

"ကျနော်တို့ မကွေးတိုင်းထဲ ဒီဘက်တွေကျတော့ ရေနည်းနည်းလေး ဒုက္ခများတာပေါ့။ ရေရှားတဲ့ အရပ်ဆိုတော့လေ”

တစ်ချိန်လုံး ထွက်ပြေးနေရတဲ့အတွက် အရာရာခက်ခဲနေတယ်လို့ ဆားထုံးရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခက်အခဲကတော့ သူတို့ (စစ်ကောင်စီတပ်) လာရင်ပြေးဖို့ရာ အဓိကက ဆီဖိုးတို့၊ သွားရင်လာရင်းစားဖို့ စားနပ်ရိက္ခာတို့ပေါ့နော်။ မနေ့ကဆိုလည်း ပြေးလိုက်ရတာဗျာ။ တစ်နေ့ကုန်ပေါ့။ မနေ့ကတစ်နေတာကတော့ ညောင်ပင်ကြီးအထိရောက်တယ်ဗျ ရှောင်ရတာ။ ဒီနေ့လည်းပြေးရအောင် တစ်ခါပြန်ပြင်ထားရတယ်ဗျ။ မနေ့ကဆိုလည်း ဆီငါးထောင်ဖိုးထည့်ရတယ်ဗျ။ ဒါဆိုင်ကယ်တစ်စီးနဲ့ သားအမိနှစ်ယောက်စာပဲ ဖြစ်ပါတယ်။ သွားရ လာရတာ မလွယ်ပါဘူးဗျာ"

အခုတစ်ကြိမ်နယ်မြေရှင်းလင်းရေးမှာ ဆားလင်းကြီးမြို့နယ် ဆားထုံး၊ တောကျောင်း၊ လက်ပံကျွန်း၊ မယ်ဇလီကန်၊ ဒူးထောက်၊ ပိုင်းတောင့်ကြီး၊ ကျောက်မှော်၊ အုတ်ရှစ်ပြား၊ ထန်းပု၊ ထန်းဇင်၊ ခံကုန်း၊ ဘင်္ဂါး စတဲ့ ရွာတွေအပါအဝင် ကျေးရွာနှစ်ဆယ်နီးပါးက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၂ ရက်ကစလို့ ကျေးရွာ ၁၄ ရွာက အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။

တောတောင်တွေထဲ တိမ်းရှောင်ထွက်ပြေးနေရပြီး သောက်စရာရေကအစ ရှားပါးခက်ခဲနေတယ်လို့ ပခုက္ကူ မြို့နယ်၊ မြစ်ခြေရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီစရှောင်ကတည်းက ရွာထဲမှမနေဘဲ တောတွေထဲမှာနေတော့ မိုးတွင်းကာလ ကျတော့လည်း မိုးကာတဲနဲ့နေရ ဒီကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေက တော်တော်များများ ဒုက္ခရောက်တာပေါ့ဗျာ။ ပြေးလိုက်လွှားလိုက်နဲ့။ ခုကျနေတော့ နွေပိုင်းလေးရောက်လာတော့ နေလေးကပေါက်လာပြီဆိုတော့လည်း ဒီတောတွေထဲ မှာနေရတာ ရေအခက်အခဲဖြစ်တာပေါ့။ ကျနော်တို့ မကွေးတိုင်းထဲ ဒီဘက်တွေကျတော့ ရေနည်းနည်းလေး ဒုက္ခများတာပေါ့။ ရေရှားတဲ့အရပ်ဆိုတော့လေ”

ပခုက္ကူမြို့နယ်က တန့်ကြည်၊ လက်ပံချောင်း၊ မြို့စိုး၊ သီရိကြီး၊ သီရိလေး၊ ဆယ်လံ၊ ပေါက်တော၊ အိုင်ကြီး၊ ကံကြီးစု၊ ညောင်လှ၊ ညောင်နီပင်၊ ကျွန်းချောင်းကလေး၊ အောင်မြေနဲ့ ချမ်းသာကြီးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကတော့ ထွက်ပြေးနေရသူတွေကို ထောက်ပံ့ကူညီပေးမယ်လို့ RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်ဆိုတာကတော့ စစ်ကိုင်းတိုင်းမှာ မရှိဘူးဗျ။ တိုက်ပွဲရှောင်ဆိုရင်တော့ ရှိရင်တော့ ကျနော် နဂိုက ပြောနေကျအတိုင်းပဲ ထောက်ပံ့တာပါဘာညာ လုပ်ပေးမှာပေါ့”

မကွေးတိုင်းအတွင်း အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီဟာ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကြောင်းထိုးမှုတွေ ခပ်စိတ်စိတ်လုပ်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပြောပါတယ်။

pakokku-refugees.jpg
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှ တိုက်ပွဲများကြောင့် ညောင်ဦးမြို့သို့ ထွက်ပြေးလာကြသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညောင်ဦးဆိပ်ကမ်းတွင် တွေ့ရစဉ်။ (Photo: RFA)

ဒေသတွင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားအရေအတွက် ထပ်ပြီးတိုးလာဖို့ရှိနေတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းကတော့ ဒီထက်ပိုပြီး ပြင်းထန်လာနိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မကွေးတိုင်းမှာလည်း ကြေညာချက်တွေထုတ်ပြီးတော့၊ နောက်ပြီးတော့ အခုစစ်ရေး လှုပ်ရှားမှု အခြေအနေကလည်း စကစအနေနဲ့ အင်အားအလုံးအရင်းကို ဒီပခုက္ကူ မြို့နယ်ထဲမှာ တပ်မ ၁၀၁ ကို အင်အားအများအပြား ပို့ထားတယ်ဗျာ။ အဓိကကတော့ သူတို့ ရှုံးနိမ့်နေတာပေါ့ဗျာ။ သူတို့ရှုံးနိမ်မှုကို ပြန်ဖာထေးတဲ့အနေနဲ့ ပြန်ပြီးတော့ ဖာထေးချင်တဲ့ပုံစံမျိုး လုပ်နေတာပေါ့”

ရွေးကောက်ပွဲကျင်းပဖို့အတွက် အရပ်သား လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့ နယ်မြေတွေကို အင်အားသုံးနှိမ်နင်းရေးတွေ လုပ်လာဖို့ရှိနေတယ်လို့ PDF တွေက ပြောပါတယ်။

စစ်ကောင်စီကလည်း လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေး အပါအဝင် ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ အဲဒီ မြို့နယ်တွေဟာ PDF တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှု လက်အောက်ကို ရောက်ရှိနေပြီးသား မြို့နယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒုက္ခသည် ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။