စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှာ နေအိမ်နဲ့စိုက်ခင်းတွေပျက်စီးပြီး တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်
2023.05.15

စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တစ်နာရီကို လေတိုက်နှုန်း မိုင် ၆၀ ကန ၇၀ အထိတိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာ၊ လေပြင်းတွေ တိုက်ခဲ့တာကြောင့် ရေကြီးရေလျှံပြီး နေအိမ်တွေနဲ့ စိုက်ခင်းဧကအများအပြား ရေနစ်မြုပ်ပျက်စီးခဲ့ရပါတယ်။
အဲဒီဒေသတွေဟာ စစ်ကောင်စီတပ်က နေအိမ်တွေကို အကြိမ်ကြိမ်မီးရှို့ပြီး စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးနဲ့မီးဘေးဒုက္ခတွေအပြင် အခုတော့ သဘာဝဘေး ကိုပါ ရင်ဆိုင်နေကြရတာပါ။
မေလ ၁၄ ရက်ညပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာရှိတဲ့ မြောက်ယမားဆည်ရဲ့ လက်ယာမြောင်းတွေ ကျိုးပေါက်ခဲ့လို့ လက်ပံတော၊ သီးကုန်းနဲ့ ပြန်လှည့်ရွာအပါအဝင် ၁၀ ရွာခန့်က ဒေသခံတစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ယင်းမာပင် ဒေသခံတွေက RFA ကိုပြောပါတယ်။
ယင်းမာပင်မြို့နယ်၊ လက်ပံတောရွာခံ အမျိုးသမီးတစ်ဦးက သူတို့ရွာထဲရေတွေဝင်လာလို့ ကုန်းအမြင့်ပိုင်းကို ထွက်ပြေးခဲ့ရပြီး နေအိမ်တစ်ရာကျော်လောက် ရေနစ်မြုပ်သွားတယ်လို့ RFA ကိုပြောပါတယ်။
“ဆည်ကျိုးတယ်လို့သတင်းရတာ။ ညနေ ၅ နာရီ၊ ၆ နာရီလောက်ကတည်းက ကုန်းအမြင့်ပိုင်းတွေကိုရွှေ့ကြတယ်။ လှည်းရှိတဲ့လူက လှည်းနဲ့တိုက်တယ်။ လှည်းမရှိတဲ့ သူက ဆိုင်ကယ်နဲ့သယ်တယ်။ ခေါင်းရွက်ပြီးသယ်တယ်။ အဲလိုသယ်နေတာမပြီးခင်မှာ ရေကအမြန်ရောက်ချလာတယ်။ တချို့က သယ်လို့မပြီးသေးပဲနဲ့ ပါကုန်တယ်။ ဆန်အိတ်တွေ၊ စပါးတွေ အကုန်ပါသွားတယ်။ အိမ်ခြေ ၁၄၀ လောက်ရှိတာ။ တစ်ရာနီးပါးလောက်တော့ ရေနှစ်မြုပ်လောက်တယ်”
မေလ ၁၅ ရက်ဒီနေ့မနက် ရေပြန်ကျလို့ရွာထဲဝင်ကြည့်ချိန် နေအိမ်တချို့ပျက်စီးသွာသလို တချို့နေအိမ်တွေထဲမှာ ရွှံ့နွံတွေရှိနေပြီး ကုန်းအမြင့်ပိုင်း ဘုရားကုန်းပေါ်ရောက်နေတဲ့ ဒေသခံတွေကတော့ ရွာထဲမပြန်နိုင်ကြသေးပါဘူး။
စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိတဲ့ ခင်ဦးမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာခဲ့လို့ ရွာပေါင်း ၅၀ နီးပါးက ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ်နဲ့ ဂန္တမာပန်း စတဲ့ယာသီးနှံစိုက်ခင်း ဧကတစ်သောင်းကျော် ပျက်စီးသွားတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
"ယာသီးနှံတွေ အကုန်လုံးပျက်စီးတာပေါ့ကွာ။ တစ်ခုမှကိုမကျန်ဘူး။ ယာသီးနှံပဲတွေ ဧကနှစ်ရာဝန်းကျင်လောက်အထိ ပျက်စီးသွားတယ်"
ခင်ဦးမြို့နယ် မြစ်တော်ရွာခံတစ်ဦးကတော့ တစ်ဧကကိုကျပ်ခြောက်သိန်းလောက် ရင်းထားရတဲ့ ပဲတီစိမ်းစိုက်ခင်း ဧကနှစ်ရာဝန်းကျင် ဘာမှမကျန်တော့အောင် ပျက်စီးသွားပြီလို့ RFA ကိုပြောပါတယ်။
"ယာသီးနှံတွေ အကုန်လုံးပျက်စီးတာပေါ့ကွာ။ တစ်ခုမှကိုမကျန်ဘူး။ ယာသီးနှံပဲတွေ ဧကနှစ်ရာဝန်းကျင်လောက် အထိပျက်စီးသွားတယ်။ အကုန်လုံးရေဖျော်သွားတာ။ ပဲတီကကောက်တော့မယ့်အချိန်နဲ့ ကောက်တော့မယ့်ဆဲဆဲမှာ ညတုန်းက မိုးက ကြီးတယ်လေ။ မိုးကြီးတော့ ရေကလယ်ကွင်းထဲ ရေပြင်ဖြစ်သွားတာပဲ။ နောက် ပြန်ထောင်ဖို့က မလွယ်ဘူး။ ပဲတီကရေမြုပ်ရင် အကုန်သေတာ"
စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်တွေမှာလည်း မိုး အဆက်မပြတ် ရွာခဲ့လို့ နေအိမ် တစ်ထောင်ကျော် ရေနှစ်မြုပ်တာနဲ့ ထိခိုက်ပျက်စီးခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ ချင်းပြည်နယ် မတူပီမြို့နယ် ဖနိုင်ရွာမှာလည်း မုန်တိုင်းကြောင့် ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်းနဲ့ စာသင်ကျောင်းတွေအပါအ၀င် နေအိမ်နှစ်ရာနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လူဦးရေတစ်ထောင်ကျော်နေထိုင်တဲ့ ဖနိုင်ရွာမှာ ခိုင်ခံ့တဲ့တိုက်အိမ်တွေဆီ အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့တာကြောင့် လူထိခိုက်မှုတော့မရှိဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖနိုင်ရွာက ဘုရားကျောင်းအပါအဝင် အိမ်တော်တော်များများပျက်တယ်။ မပျက်စီးတာ ၁၀ အိမ်လောက်ပဲ ကျန်တယ်။ အိမ်ခြေနှစ်ရာရှိတဲ့အထဲကပေါ့။ တိုက်အိမ်တစ်အိမ်မှာ လူတွေအကုန်လုံးပြောင်းရွှေ့လို့ ထိခိုက်တာ မရှိဘူးဗျ။ အိမ်တွေကတော့ ဒီအတိုင်းပဲ ပစ်ထားလိုက်တာ"
ကန်ပက်လက်မြို့မှာ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့သလို ဟားခါးမြို့မှာ နေအိမ် ငါးအိမ်ထက်မနည်း အမိုးပျက်စီးခဲ့ပြီး နေအိမ်နှစ်လုံး ပြိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့နယ်၊ ကလေး- တီးတိန်လမ်းမကြီးမှာတော့ မြေပြိုမှုတွေရှိနေပြီး မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အတွက် ပျက်စီးထိခိုက်မှုအခြေနေကို မသိရသေးပါဘူး။
မကွေးတိုင်း၊ ဆောမြို့နယ်မှာလည်း တံတားတွေပျက်စီးတဲ့အပြင် မြေကျင်းတွေထဲ မြှုပ်ထားတဲ့ ဆန်တွေလည်း ပျက်စီးသွားတယ်လို့ ပဆုပ်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကြောင်းလာရင် ပြေးရမယ့်အချိန်မှာကျတော့ ပုန်းကျင်းတွေထဲကို ဆန်တွေကို ထည့်ထားခဲ့ရတဲ့ အခြေအနေ။ အဲဆန်တွေအကုန်လုံးက ပုတ်ကုန်တော့တာ။ ပြီးတော့ ကျွန်မတို့ရွာက မီးလောင်ထားတဲ့ အခြေအနေဆိုလို့ရှိရင် အဲမှာမီးလောင်ပြီးလို့ရှိရင် ပြန်ဆောက်ဖို့သစ်တွေ။ အခုလောလောဆယ်ဆို ဆောက်တဲ့သူတွေက ဆောက်ကြပြီ။ မဆောက်သေးတဲ့သူတွေလည်း မဆောက်ကြသေးဘူး။ အဲမဆောက်သေးတဲ့သူတွေက တင်ထားတဲ့ သစ်တွေအကုန် မျောပါသွားတယ်။ ပြီးလို့ရှိရင်လည်း ရွာချင်းဆက် ကြိုးတံတားပေါ့နော်။ အဲကြိုးတံတား အရှေ့ဘက် အမြှီးပိုင်းက ပါသွားတယ်"
ပဆုပ်ရွာမှာ လွန်ခဲ့တဲ့နှစ်လလောက်က စတင်စိုက်ပျိုးထားတဲ့ စပါးဧကတစ်ရာကျော် ပျက်စီးခဲ့ရသလို တခြားလယ်ယာမြေတွေလည်း သဲနုံးတွေဖုံးလွှမ်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆင်ဖြူကျွန်းမြို့နယ် ဥသျှစ်ကုန်းရွာမှာလည်း မုန်တိုင်းကြောင့် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာလို့ ရွာထဲ ရေဝင်လာပြီး တစ်ရွာလုံးရေဘေးသင့်နေတယ်လို့ အဲဒီရွာရဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"တချို့ကလေးတွေမျောတယ်။ အိမ်တွေမှာ ဝန်းစည်းရိုးတွေက ဝါးကပ်တွေအကုန်လုံး ပျက်စီးကုန်တယ်။ တချို့မှာ တော်တော်များများ ပျက်စီးတယ်။ အိမ်ဝိုင်းတွေမှာ သဲတွေတင်သွားတယ်။ တချို့ဆိုလို့ရှိရင် နွားနေစရာမရှိ၊ လူနေစရာမရှိ ဖြစ်တယ်။ ဆောက်ထားတဲ့အဆောက်အအုံတွေက နိမ့်တဲ့အခါကျတော့ အိမ်ကြမ်းရေထိတာတွေ ဘာတွေ နေရထိုင်ရတာတွေ အကုန်လုံး အခက်အခဲဖြစ်ကုန်တာပေါ့"
အိမ်ခြေငါးရာနဲ့ လူဦးရေနှစ်ထောင်နီးပါးရှိတဲ့ ဥသျှစ်ကုန်းရွာမှာ လက်ရှိ ရေပြန်ကျ သွားပေမယ့် ဒေသခံတွေကတော့ စားသောက်နေထိုင်ရေး ခက်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မေလ ၁၃ ရက်နေ့က ယောချောင်းရေလျှံတာကြောင့် ချောင်းအနီးရွာတွေက စိုက်ပျိုးထားတဲ့ ပဲ၊ နှမ်း ဧကတစ်ထောင်ကျော် ပျက်စီးခဲ့သလို ယောချောင်းဘေးက စစ်ဘေးဒုက္ခသည်ရဲ့တဲတွေပါ ရေထဲပါခဲ့ပြီး မေလ ၁၅ ရက် မနက်ပိုင်းအထိ ယောချောင်းရေပြန်မကျသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အပေါ် ဘယ်လိုအကူအညီတွေ ပေးမလဲဆိုတာသိရဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေလုပ်ဖို့၊ မြန်မာနိုင်ငံသားအားလုံး တစ်ယောက်မကျန် ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်မယ်လို့ မေလ ၁၄ ရက်ကလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ထည့်ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာ နေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အအုံ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ခုနစ်ခု၊ လမ်းမီးတိုင် ၇၁ တိုင်နဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ လုံး ပျက်စီးခဲ့ပြီး ပြည်သူသုံးဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းမှာ နေအိမ်တစ်လုံး၊ ချင်းပြည်နယ်မှာ နေအိမ်နှစ်လုံးနဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ မကွေးတိုင်းမှာ နေအိမ်နှစ်လုံးနဲ့ စိုက်ခင်း ၇၈ ခင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့သဘာဝဘေးအန္တရယ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း စနစ် (GDACS) က မုန်တိုင်းကြောင့် ချင်းပြည်နယ်က လူဦးရေနှစ်သိန်းတစ်သောင်း၊ မကွေးတိုင်းက တစ်သောင်းခုနစ်ထောင်နဲ့ စစ်ကိုင်းတိုင်းက လေးသိန်းလေးသောင်းတို့ဟာ အန္တရာယ်ရှိတဲ့အားပြင်းမုန်တိုင်းဒဏ်ကို ခံစားရနိုင်ကြောင်း သတိပေးထားပါတယ်။