စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာသား ခုနစ်ဦး စစ်ကောင်စီတပ် သတ်ဖြတ်

RFA Burmese
2023.09.18
စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာသား ခုနစ်ဦး စစ်ကောင်စီတပ် သတ်ဖြတ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေခဲ့သည့် နေအိမ်တစ်အိမ်အား တွေ့ရစဉ်။
Fifty Two - Telegram

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲတပ်ဖွဲ့က ဒုရဲအုပ်နဲ့ ဇနီးတို့ပစ်သတ်ခံရပြီးနောက် စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းမှာ အင်အား တစ်ရာကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အဲဒီရွာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ လက်ရှိမှာ ကျေးရွာသား သုံးဆယ်ကျော် ရွာထဲမှာ ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ခုနစ်ဦးကတော့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

သတ်ဖြတ်ခံထားရသူတွေဟာ အသက် ၂၀ ၊ ၃၀ နဲ့ ၅၀ အရွယ် အမျိုးသားတွေလို့ ဆိုပါတယ်။ ရုပ်အလောင်းတွေကိုတော့ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းက သလွန်ဖြူရွာပြင်ကို ထုတ်ထားပြီး အလောင်းသွားကောက်ဖို့ ကြိုးစားသူတွေကိုလည်း ပစ်ခတ်တာတွေရှိနေတယ်လို့ သလွန်ဖြူရွာက လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ကိုနွေဦးက RFA ကို ပြောပါတယ်။

"ရွာတောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်တို့မှာ ကားယားကြီးတွေ တွေ့တာ။ အလောင်းတွေကို မထင်မှတ်တဲ့နေရာတွေမှာ မသေမရှင် ပစ်သတ်ထားတာ။ အကုန်လုံးပြန့်ကျဲနေတာ။ တချို့ဆို ခေါင်းပေါက်တဲ့ ဒဏ်ရာ၊ တချို့ဆို လည်လှီးထားတာ။ ကာကွယ်ရေးတပ်က တစ်ယောက်မှမပါဘူး။ အကုန်ရွာသားတွေကြီးပဲ။ ကျွန်တော်အထင် အသက် ၂၀ ဝန်းကျင်ပါတယ်။ ၃၀၊ ၅ဝအရွယ်တွေပါတယ်။ အလောင်းကောက်လို့ကို မရဘူး။ ကောက်တာနဲ့ကို လှမ်းပစ်နေတာ"

စစ်ကောင်စီတပ်စစ်ကြောင်းဟာ သလွန်ဖြူကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေဟာ ထွက်မပြေးဘဲ ကျန်ခဲ့သူတွေ ဖြစ်တယ်လို့ သလွန်ဖြူရွာ ကိုအောင်အောင်က ပြောပါတယ်။

"ခန့်မှန်းခြေ အယောက် သုံးဆယ်လောက် ဖမ်းသွားတယ်။ အမျိုးသား အများစု ပါသွားတယ်။ တချို့ကတော့ ဒီအတိုင်းပဲ ရှောင်တိမ်းပုန်းနေရင်း ဝင်မွှေတော့ တွေ့ပြီး ဖမ်းသွားတာ။ တချို့ကတော့ မဖမ်းလောက်ဘူး ထင်ပြီး ကားနဲ့အထွက်မှာ ဖမ်းခံရတာ။ နောက်ဖမ်းတဲ့ လူတွေအကုန် ရွှေဘုံသာကျောင်းမှာ ထားတာ။ ကြားရ သလောက်ဆိုရင် ရွှေဘုံသာကျောင်းက ကျောင်းထိုင်ဘုန်းကြီးလည်း မရှိတော့ဘူးတဲ့။ ပြေးပြီတဲ့။ ကျွန်တော်တို့လည်း ညနေ ၃ နာရီခွဲကတည်းကပြေးတာ မနက် ၄ နာရီခွဲအထိ ဘာမှမစားရဘူး။ မိုးကလည်း ရွာထားတော့ ဒုက္ခတွေ ရောက်တယ်"

ကျေးရွာအတွင်းမှာ စစ်ကြောင်းရှိနေသေးတာကြောင့် အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ အပြင်ကနေ စောင့်ကြည့်နေရတယ်လို့ သူကဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာပဲ နောက်ထပ် စစ်ကြောင်းတစ်ခုက သလွန်ဖြူရွာနဲ့ ကပ်လျက်မှာရှိတဲ့ ညောင်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို စစ်ကိုင်းမြို့ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

"ဒုရဲအုပ်လင်မယား ပစ်ခတ်မှု ပြီးထဲက သလွန်ဖြူကို သူတို့မဲတာပေါ့။"

စက်တင်ဘာလ ၁၃ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဒုရဲအုပ် သန်းမင်းစိုးနဲ့ ဇနီး ဒေါ်သူဇာထွန်းတို့ဟာ ကလေးနှစ်ယောက်နဲ့ အတူ စစ်ကိုင်းမြို့နယ်ဘက်ကို ကားနဲ့သွားခဲ့ ပြီးနောက် သလွန်ဖြူကျေးရွာမှာရှိတဲ့ မိဘတွေကို ကန်တော့ပြီး အပြန် ရွာဘုန်းကြီးကျောင်းအနီးမှာ ပစ်သတ်ခံခဲ့ ရတာပါ။

အဲဒီနေ့က လက်နက်ကိုင်ထားတဲ့ လူရှစ်ဦးက သူတို့ ကားရပ်ထားတဲ့ နေရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကလေးနှစ်ဦးအနက် တစ်ဦးကတော့ တင်ပါးမှာကျည်ရှပ်ထိသွားလို့ အဲဒီနေ့မှာပဲ စစ်ကိုင်းမြို့နယ် ဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ သလွန်ဖြူရွာကို စစ်ကောင်စီတပ်က စီးနင်းထားတဲ့ဖြစ်စဉ်ဟာ စစ်ကောင်စီဘက်က ပြန်လက်စားချေတဲ့ သဘောဖြစ်နေတယ်လို့ စစ်ကိုင်းမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒုရဲအုပ်လင်မယား ပစ်ခတ်မှု ပြီးထဲက သလွန်ဖြူကို သူတို့မဲတာပေါ့။ သူတို့လူ သေသွားတော့ ရွာက ရှိသမျှ ကြီးကြီး ငယ်ငယ်ကို ဖမ်းသတ်ပြီး လက်စားချေနေတဲ့ သဘောပဲ။ လောလောဆယ် စစ်ရေး အခြေအနေကတော့ ဒေသခံ သုံးဆယ်ကျော်ကို ဓားစာခံ ဖမ်းခံထားတော့ ကျွန်တော်တို့က စောင့်ကြည့်နေရတယ်။ အထဲက လူတွေ ဘေးကင်းဖို့ပေါ့။ သူတို့ကလည်း အထဲမှာ အင်အား တစ်ရာလောက်ရှိနေတယ်။ ညဘက်တွေဆို ဆိုင်ကယ်တွေနဲ့ ရွာထဲပတ်ပြီး ပစ်နေခတ်နေတာတော့ ရှိပါတယ်"

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်လူမှုကွန်ရက်တွေမှာ ဒုရဲအုပ်နဲ့ ဇနီးကို ပစ်ခတ်သတ်ဖြတ် သူတွေဟာ PDF အဖွဲ့တွေဖြစ်ပြီး ရွာကို စီးနင်းခဲ့ချိန်မှာလည်း ZYMA တံဆိပ်ပါ ဒရုန်းတစ်စီးနဲ့ လက်လုပ် သေနတ် တစ်လက်၊ ကျဉ်သုံးတောင့်ကို သိမ်းဆည်းမိခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒုရဲအုပ်နဲ့ဇနီးကို ပစ်သတ်ခဲ့တာဟာ သူတို့ လက်ချက်မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

သလွန်ဖြူကျေးရွာသူ ဒေါ်ပြုံးကတော့ ဒေသခံတွေဟာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန်ကတည်းက ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ပြောပါတယ်။

"စစ်ကြောင်း ဝင်လာကတည်းက အမတို့က အုန်း၊ ဒိုင်း အသံကြားကတည်းက ထွက်ပြေးရတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအတိုင်း ထွက်ပြေးလာရတာ။ ဖြစ်သလိုပဲ စားသောက်နေရတာပေါ့။ ရက်ကြာရှည် လာရင် ဘယ်လွယ်မလဲ။ အမတို့ဆိုလည်း လက်လုပ်လက်စားတွေဆိုတော့ မလွယ်ဘူးလေ။ မိသားစုတွေက အကုန်လုံး အဖွဲ့လိုက်၊ အအုံလိုက် ပြေးလာရတော့ ရက်ကြာပြီး ရှောင်နေရရင် မလွယ်ဘူးလေ။ အခုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေနေတော့ လောလောဆယ် နေရေးက အဆင်ပြေနေသေးတယ်"

စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေခဲ့သည့် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo:  Fifty Two - Telegram)
စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေခဲ့သည့် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Fifty Two - Telegram)

သလွန်ဖြူရွာဟာ အိမ်ခြေ နှစ်ထောင်ခန့်နဲ့ လူဦးရေ ရှစ်ထောင်ကျော်နေထိုင်ပြီး အများစုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ အသက်မွေးကြပါတယ်။

သလွန်ဖြူရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း သူ့အနေနဲ့ မသိဘူးလို့ ပြောပါတယ်။

"မဖြစ်နိုင်ပါဘူးဗျာ။ စစ်ရေးအခြေအနေဆိုရင် တပ်ကိုမေးတာ ပိုကောင်းတယ်။ လုံခြုံရေးအခြေအနေက ကျွန်တော်မသိသလို တခြားကိစ္စတစ်ခုနဲ့ တစ်နေရာ ရောက်နေလို့ ကျွန်တော်မသိဘူး။ ဘာမှမသိတော့လေ လုံခြုံရေးအဖွဲ့တွေကိုပဲ မေးတာ ကောင်းပါတယ်"

အမျိုးသားညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ဇူလိုင်လအထိ နိုင်ငံ တစ်ဝန်းမှာ လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၁၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁,၅၉၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။