စစ်ကိုင်းတိုင်း မြို့နယ်သုံးခုမှာ တစ်ရက်အတွင်း ဒေသခံ ၁၉ ဦး အသတ်ခံရ

2022.05.04
စစ်ကိုင်းတိုင်း မြို့နယ်သုံးခုမှာ တစ်ရက်အတွင်း ဒေသခံ ၁၉ ဦး အသတ်ခံရ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံထားရသည့် မော်တော်ယာဉ်များကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘို၊ ဘုတလင်၊ ခင်ဦးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ရဲ့ လက်ချက်ကြောင့် ကျေးရွာလေးရွာက ဒေသခံ ၁၉ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာက သုံးဦး၊ ညောင်ပင်သာရွာက ခြောက်ဦး၊ ဘုတလင်မြို့နယ် အုတ်ဖိုရွာက ကိုးဦး၊ ခင်ဦးမြို့နယ် အင်းပတ်ရွာက တစ်ဦး၊ စုစုပေါင်း ၁၉ ဦး သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်၊ အုတ်ဖိုရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုသတ်ဖြတ်ခံရ သူတွေဟာ စစ်သားတွေကိုကြောက်လို့ သီလရှင်ကျောင်းမှာပုန်းနေတဲ့ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

"ဘုတလင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရှမ်းတဲကနေ မြင်သာ၊ အုတ်ဖို ဘက်ပေါ့၊ စိုင်ပြင်ကနေလည်း စစ်ကြောင်းလာတယ်ဆိုတော့ ကြောက်ပြီးတော့ ပြေးကြတာပေါ့၊ အဲဒါနဲ့ မယ်သီလကျောင်းမှာ သွားပုန်းကြတာ၊ အဲဒီမှာ စိုင်ပြင်က ထွက်လာတဲ့ စစ်ကြောင်းနဲ့တိုးတာ၊ အကုန်လုံး မှောက်ခိုင်းပြီး ခေါင်းတွေကို တည်ပစ်တာ၊ ကလေးတစ်ယောက်ကိုတော့ သွားဆိုပြီး လွှတ်ပေးလိုက်တယ် "

အဲဒီကျောင်းက ကျောင်းထိုင်သီလရှင်တွေကတော့ စစ်ကြောင်းရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် ကြိုတင် တိမ်းရှောင်သွားကြလို့ ကျေးရွာသားတွေက အဲဒီကျောင်းမှာ ဝင်ရောက် ပုန်းအောင်းနေတဲ့ အချိန်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

အဲဒီနေ့က အုတ်ဖိုရွာအနီးက ကားတွေ၊ ထော်လာဂျီတွေနဲ့ လှည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်၊ အုတ်ဖိုရွာက သတ်ဖြတ်ခံရသူတွေဟာ အသက် ၇၅ နှစ်အရွယ် ဦးခင်ဆောင်၊ အသက် ၇၇ နှစ်အရွယ် ဦးဘိုတင်၊ အသက် ၇၀ အရွယ် ဦးဝင်းမောင်၊ အသက် ၄၈ နှစ်အရွယ် ဦးဖိုးဆိတ်၊ အသက် ၄၆ နှစ်အရွယ် ဦးစိုး၊ အသက် ၄၀ အရွယ် ဦးနီ၊ အသက် ၃၇ နှစ်အရွယ် ကိုဗေဒါ၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်မျိုးထွန်းနဲ့ အသက် ၂၃ နှစ်အရွယ် မမိုးမိုးခိုင်တို့ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာနဲ့ ဇီးဖြူကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ဆိပ်ခွန်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေ နေထိုင်တဲ့နေရာကို ပစ်ခတ်တာကြောင့် ဆုံးရှုံးမှု ပိုများရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိပ်ခွန်ရွာသားတစ်ဦးက ပြောပါတယ်။

"မေလ ၂ ရက်နေ့က နယ်မြေရှင်းလင်းရေးလုပ်တဲ့ ရွှေဘိုမြို့နယ်ထဲကနေ မြောက်ဘက်ခြမ်းကနေ ကျနော်တို့ ဘက်အခြမ်းကိုရောက်လာတာ၊ အဲဒီမှာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်တာ၊ စစ်သားတွေ ရွာနားကပ်သွားတော့ ရွာနားမှာ ရွာမဝင်ခင်မှာ ဘုန်းကြီးကျောင်းတွေရှိတယ်။ ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေတဲ့ ပြည်သူတွေကို လူသားဒိုင်းလုပ်တယ်။ ရွာမဝင်ခင်မှာ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာပတ်ပတ်လည်ပေါ့၊ တောင်မြောက်၊ အရှေ့နောက် အကုန်ရမ်းပစ်တယ်။ အဲဒီမှာတင် တချို့လက်နက်ကြီးကျပြီး ဒဏ်ရာတွေရကြတယ်။ ပြည်သူ သုံးယောက် သေတယ်။ ခြောက်ယောက် ထိခိုက်တယ်"

သေဆုံးသူ သုံးဦးထဲက အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းထူးအောင်ကိုတော့ စစ်ကောင်စီ တပ်က မီးရှို့ထားခဲ့ကြပြီး ကျန်နှစ်ဦးကတော့ လက်နက်ကြီးထိမှန်တဲ့ဒဏ်ရာကို ကုသနေတုန်း သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဆိပ်ခွန်ရွာဟာ ရွှေဘိုမြိုနဲ့ ၇ မိုင်ခန့် အကွာမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း ဒေသခံတွေ လျှပ်စစ် မီတာခတွေမဆောင်လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ရွာက ယက္ကန်းစင်တွေကို လာပြီး ဖျက်ဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်သာရွာကိုလည်း စစ်ကောင်စီက တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ဝင်ရောက် ခဲ့ပြီးနောက် ဒေသခံ ခြောက်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ပင်သာရွာသားတစ်ဦးက ပြောပါတယ်။

" ၂ ရက်နေ့မှာ ရွာကို ပြန်ဝင်တယ်။ ကျားရွာကို မီးရှို့ပြီး ပြန်လာတဲ့ အဖွဲ့က ပန်ရံရွာမှာ ခဏနားပြီးတော့ ညောင်ပင်သာကို စစ်ကြောင်းပြန်ထိုးတယ်။ ဒေသခံတွေက မိုင်းခွဲတယ်။ ခုခံတယ်။ ခဏတာ ထိတွေ့မှုဖြစ်တယ်။ ပြန်ဆုတ်ပြေးတဲ့အချိန်မှာ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တယ်။ တိမ်းရှောင်နေတဲ့ ပြည်သူတွေနားကို ကျတော့ နှစ်ယောက်ဒဏ်ရာရသွားတယ်။ ခင်ဦးနယ်ဘက်ကို စစ်ရှောင်ထွက်သွား ကြတယ်။ အဲဒီမှာ အရပ်သားပြည်သူ ငါးယောက်ကို ဖမ်းပြီးတော့ စစ်ကောင်စီက ဖမ်းပြီးတော့ ပစ်သတ်တယ်။ လမ်းဘေးမှာတင် အလောင်းတွေကို ဒီတိုင်းချထားခဲ့တာ၊ နောက်ပြီး အိမ်ထဲမှာ မိတဲ့တစ်ယောက်ကို အိမ်ထဲမှာတင် သတ်ထားခဲ့တာ၊ ခွန်ဒေါင်းကြီးရွာက ပျူနဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ဝင်ကြတာ"

စစ်ကောင်စီတပ် စစ်ကြောင်းမှာ ပါဝင်တဲ့ ပျူစောထီးအချို့ဟာ ပြောက်ကျားအင်္ကျီတွေကို ဝတ်ဆင်ထားပြီး သေနတ်တွေကိုပါ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

sagaing vehicle destroyed
စစ်ကိုင်းတိုင်းရှိ မြို့နယ်သုံးခုတွင်း မီးရှို့ဖျက်ဆီးခံရသည့် ယာဉ်ကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ဝင်ရောက်ခဲ့တုန်းက ဖမ်းဆီးခံထားရတဲ့ ရွာသား နှစ်ယောက်ကတော့ ဒီနေ့အထိ မိသားစုနဲ့ အဆက်သွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း မြို့နယ် သုံးခုမှာ အခုလို ဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အရင်ကတော့ အရပ်သားတွေကို ကျူးလွန်တာတွေ မရှိကြောင်းနဲ့ ဒါတွေဟာ တပ်မတော်အပေါ် စွပ်စွဲချက်တွေပဲ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အများစုကို စစ်ကောင်စီက အခုနှစ် မတ်လက စတင်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။ အဲဒီနောက်မှာတော့ PDF တွေကို စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"အဲဒီမှာ အရပ်သားပြည်သူ ငါးယောက်ကို ဖမ်းပြီးတော့ စစ်ကောင်စီက ဖမ်းပြီးတော့ ပစ်သတ်တယ်။"

စစ်ကောင်စီဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို မနှိမ်နင်းနိုင်လို့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား လာနေတာလို့ ဘုတလင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်က ပြောပါတယ်။

"သူတို့က အာဏာရှင်တွေကိုး၊ အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ PDF တွေရှိတယ်။ PDF အဖွဲ့တွေက လမ်းမှာ မိုင်းခွဲတာတွေရှိတယ်။ သူတို့အဖွဲ့က တော်တော်လေး ထိသွားတော့ လမ်းမှာတွေ့သမျှ အပြစ်မဲ့တဲ့ဒေသခံတွေကို တွေ့တဲ့နေရာမှာ ဘာတွေလဲ မမြင်တော့ဘဲ အကုန်ပစ်သတ်တော့တာပဲ၊ အကြမ်းဖက်အဖွဲ့စည်းဆိုတော့ အကုန် ချိုးဖောက်တော့တာပဲ၊ ဥပဒေမဲ့ပေါ့၊ ဒီလုပ်ရပ်တွေကပြောရရင် လူမဆန်ဘူး"

ဒေသတွင်းမှာလည်း ပြည်သူတွေ အနိုင်ကျင့်ခံရမှုတွေအတွက် စစ်ကောင်စီကို နေ့စဉ်ခုခံတော်လှန်မှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးနေတဲ့လမ်းမှာ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ကြုံရတိုင်း အနီးနားရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု မေလ ၂ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ အင်းပါတ်ရွာမှာ နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရပြီး အသက် ၄၀ အရွယ် ကိုနိုင်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၁၈၀၆ ဦး ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။