ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးကဏ္ဍမှာ တရုတ်ပါဝင်
2023.03.15

စစ်တပ်ရဲ့အကြိမ်ကြိမ်အာဏာသိမ်းခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးကလည်း အဓိကကျတဲ့ကဏ္ဍ ဖြစ်ပါတယ်။ အခုအခါ အဲဒီပြဿနာဖြေရှင်းရေးမှာ တရုတ်ပြည်ကလည်း အဓိကအခန်းက ပါဝင်လာနေပြီလို့ Eurasia Review သတင်းက ဖော်ပြပါတယ်။
အခုလတ်တလော ဘင်္ဂလားဒေ့ရှ်သတင်းစာတွေမှာ မြန်မာအနေနဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ်ဆိုတဲ့ သတင်းတွေ ရုတ်တရက်ဖော်ပြလာခဲ့ပါတယ်။ ဒီကိစ္စနဲ့အတူ ရန်ကုန်အခြေစိုက် နိုင်ငံ ရှစ်နိုင်ငံက သံတမန်တွေ ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို လေကြောင်းကနေ သွားရောက်ခဲ့ကြရာမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ် သံအမတ်တွေ ပါဝင်ခဲ့ပါတယ်။
မြန်မာကလည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတစ်ထောင်ကျော် နေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို ရှေ့တန်းတင်နေတာပါ။ ဒေသတွင်းသတင်းတွေကတော့ မြန်မာဟာ အဲဒီအစီအစဉ်ကို တရုတ်ရဲ့ ဖိအားအောက်မှာ အဓိကဆောင်ရွက်နေရတာဖြစ်ကြောင်း ဖော်ပြကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရအပြီး သုံးလအကြာမှာ တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်ပြန်ပို့ရေးကိစ္စ တိုးတက်မှုမရှိခဲ့ပါဘူး။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း ဒုက္ခသည်အရေး၊ တရုတ်က ဖြန်ဖြေဖို့ ကြိုးပမ်းခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့အတွက် ဒုက္ခသည်ပြန်ပို့ရေးလည်း ရပ်တန့်သွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁ဝ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်အပါအဝင် နိုင်ငံ ရှစ်နိုင်ငံက သံအမတ်တွေ၊ ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ပြန်ပို့ရေး အစီအစဉ်တွေကို ပြသဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝ၂ဝ ပြည့်နှစ်ကတည်းက ဒုက္ခသည်ပြန်ပို့ရေးဆွေးနွေးမှုတွေမှာ တရုတ် ပါဝင်လာခဲ့ပြီးတဲ့နောက် နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်နည်းပါးနေရတဲ့ ကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စမှာ တရုတ်က မြန်မာကို လအတော်ကြာ ဖိအားပေးနေခဲ့တာပါ။ အာဆီယံကလည်း ရိုဟင်ဂျာပြဿနာကို ထဲထဲဝင်ဝင်မဆွေးနွေးပေမယ့် ဒုက္ခသည်ပြန်ပို့ရေး စတင်ဖို့ကိုတော့ အသေးစားလောက်ပဲဖြစ်ဖြစ် စတင်စေချင်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံ ရှစ်နိုင်ငံက သံတမန် ၁၁ ဦးကို မောင်တောနဲ့ စစ်တွေမြို့တွေက ယာယီ ခိုလှုံရေးစခန်းတွေအပါအဝင် မြေပြင်အခြေအနေတွေကို ပြသခဲ့ပါတယ်။
သံတမန်တွေကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေဟာ ၂ဝ၁၈- ၂၀၂၀ ခုနှစ်တွေကထက် အနည်းငယ် ပိုမိုတိုးတက်လာကြောင်း ပြောဆိုခဲ့ကြပါတယ်။ ပြည်တွင်းနေရာပြောင်းရွှေ့ခံရတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ အခုအခါ စစ်တွေမြို့တွင်း ဝင်ခွင့်ရပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ရိုဟင်ဂျာ ကျောင်းသူကျောင်းသား ၂၃၀ ဝန်းကျင်ဟာလည်း စစ်တွေတက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ကြပါတယ်။ ဒါဟာ ရိုဟင်ဂျာအသိုင်းအဝန်းအနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် တက္ကသိုလ်တက်ခွင့်ရတာဖြစ်ပါတယ်။ ဒါ့ပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံစားခွင့်ရရှိခဲ့ပါတယ်။
လတ်တလောအနေနဲ့ ရခိုင်ပြည်နယ်ရဲ့အခြေအနေ ကောင်းမွန်နေပါတယ်။ ပြီးခဲ့တဲ့ သုံးလေးလက ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့၊ အခုတော့ အခြေအနေ ပိုမို ကောင်းမွန် နေပါတယ်။ ဒီလိုအခြေအနေမှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့ မဖြစ်နိုင်သေးကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။
တရုတ်ကတော့ မုတ်သုန်ရာသီ မစခင် ဇွန်လမှာ ဒုက္ခသည်နေရာချထားရေး အပြီးဆောင်ရွက်ဖို့ ဖိအားပေးနေပြီး အာဆီယံကလည်း ရနိုင်သလောက်နေရာချထားဖို့ ဆန္ဒရှိနေတာပါ။ အလားတူ ရိုဟင်ဂျာနေရာချထားရေးမှာ တရုတ် ကလည်း ဖိအားပေးနေတာပါ။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်နေရာချထားရေးဟာ မြန်မာစစ်ကောင်စီအစိုးရအပေါ် နိုင်ငံတကာဖိအားတွေ လျော့နည်းသွားစေချင်လို့၊ စစ်ကောင်စီအပေါ် တစ်စုံတစ်ရာလက်ခံလာစေချင်လို့ ဖြစ်ပါတယ်။
အဲဒီ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေပြန်ပို့ရေး သုံးပွင့်ဆိုင်နည်းလမ်းဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်တို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပူးပေါင်းဖန်တီးခဲ့ကြတာလို့ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်လုံခြုံရေးအခြေအနေအရ ဒုက္ခသည်ပြန်ပို့ရေး အခုထိ ဖြစ်နိုင်ဖွယ် အခြေအနေမှာ မရှိသေးပါဘူး။ မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ် ဆက်လက်တည်ငြိမ်နေမှ ဖြစ်ပါမယ်။
ရခိုင်ပြည်နယ်တွင်းက တရုတ်ရဲ့အခြေခံအဆောက်အအုံတွေဟာလည်း ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနေတာပါ။ ဒီအတွက် လူအရင်းအမြစ်လိုအပ်ပြီး ကဏ္ဍစုံမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း ရှိအောင် လေ့ကျင့်ပေးရမှာပါ။ တည်ငြိမ်ဖွံ့ဖြိုးမှုရှိတဲ့ ရခိုင်ပြည်နယ်ဟာ ခရီးသွားတွေကိုဆွဲဆောင်တာကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမှာဖြစ်ပြီး အလုပ်လက်မဲ့ပြဿနာ၊ လူမျိုးရေး ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
အနောက်ကမ္ဘာအနေနဲ့ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအပေါ် ပြောဆိုမှု မရှိသလောက်ဖြစ်ပြီး သူတစ်ပါး ပြည်တွင်းရေး အဖြစ် နှုတ်၏ စောင်မခြင်းအဖြစ်သာ သဘောထားတာပါ။ တကယ်လို့ တရုတ်ကသာ တက်တက်ကြွကြွ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို မြန်မြန်ဆန်ဆန် အလွယ်တကူဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။