ရိက္ခာထက်ဝက်လျှော့ချခံရမဲ့အရေး ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်
2025.03.13

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို တစ်လ ၁၂ ဒေါ်လာခွဲနှုန်း ရိက္ခာထောက်ပံ့ပေးနေရာကနေ တစ်လ ခြောက်ဒေါ်လာအထိ လျှော့ချဖြတ်တောက်တော့မဲ့အကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက အတည်ပြုပြောထားတယ်လို့ မတ်လ ၅ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
“ရိုဟင်ဂျာတွေဟာ အရင်ကတည်းက မသေရုံတမယ် စားနေရတာပါ။ အခုလို ဖြတ်တောက်လိုက်တဲ့အတွက် ဖြည်းဖြည်းချင်း သေဒဏ်ပေးသလိုပါပဲ”
အခုလို ရိက္ခာအကူအညီဖြတ်တောက်မခံရအောင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဧပြီ ၁ ရက်နေ့ မတိုင်ခင် ဒေါ်လာ ၈၁ သန်း အလှူငွေရဖို့ ကြိုးစားနေပေမဲ့ အလှူရှင် ရှာမတွေ့နိုင်သေးဘူးလို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြန်မာရိုဟင်ဂျာအသင်း ယူကေ BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က “ရိုဟင်ဂျာတွေဟာ အရင်ကတည်းက မသေရုံတမယ် စားနေရတာပါ။ အခုလို ဖြတ်တောက်လိုက်တဲ့အတွက် ဖြည်းဖြည်းချင်း သေဒဏ်ပေးသလိုပါပဲ” လို့ မတ်လ ၅ ရက်နေ့ ကြေညာချက်ထဲမှာ ထည့်ပြောထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာ ဖြတ်တောက်လိုက်ရင် အသက်သေဆုံးတဲ့အထိ ထိခိုက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကိုယ်စားလှယ် ရာနာ ဖလားဝါးက မတ်လ ၁၁ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ စိုးရိမ်စရာ အနိမ့်ဆုံးအခြေအနေ ရောက်လာတဲ့အကြောင်း WFP ကနေ ပြီးခဲ့တဲ့လက သတိပေးခဲ့ပါတယ်။ ထပ်ပြီး ရန်ပုံငွေ မရတော့ရင်၊ ရိုဟင်ဂျာတွေအတွက် ပေးနေတဲ့ စားနပ်ရိက္ခာတွေကို တစ်ဝက်ကျော်ကျော်လောက် တစ်လကို ခြောက်ဒေါ်လာနှုန်းအထိ လျှော့ချရတော့မှာ ဖြစ်ပါတယ်။ ဒါက အာဟာရ လိုအပ်ချက် အနိမ့်ဆုံး သတ်မှတ်ချက်ထက် အများကြီး နည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ သူတို့ရဲ့ နို့စို့အရွယ် ကလေးငယ်တွေအတွက် အထိခိုက်ဆုံး ဖြစ်ပါလိမ့်မယ်။ ကလေးငယ်တွေအတွက် နောက်ဆက်တွဲ ထိခိုက်မှုက မြန်ဆန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်”
ဒါဟာ ရိုဟင်ဂျာတွေအတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေအတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်ရဖို့ ရှိမယ်။ ၅၁ ရာခိုင်နှုန်းက ကလေးငယ်တွေ၊ အမျိုးသမီးတွေ ဖြစ်တယ်။ ဒုက္ခသည် စခန်းထဲမှာ ရိုဟင်ဂျာတွေက အလုပ်လုပ်ခွင့်လဲ မရှိဘူး။ ဒီ အကူအညီတွေကိုပဲ မှီခိုနေရတာဆိုတော့ ၁၂ ဒေါ်လာကနေ ခြောက်ဒေါ်လာအထိ လျှော့ချလိုက်တယ်ဆိုတာက တော်တော်လေး ဆိုးဝါးတဲ့ အခြေအနေတစ်ခု ရင်ဆိုင်ရဖို့ ရှိတယ်။ ဒီလိုအနေအထားမှာ ရိုဟင်ဂျာတွေကို နိုင်ငံတကာကနေ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒီအထောက်အပံ့ကို ဖြည့်ဆည်းပေးရမှာပေါ့။ ၁၂ ဒေါ်လာကို ပြန်ပြီး ရအောင်လုပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ advocacy (အကြံပြု တိုက်တွန်းချက်တွေ) လုပ်နေပါတယ်”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခါရီယား ဒုက္ခသည်စခန်းက ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက် ဂျူဘအာက … အခုပေးနေတဲ့ စားနပ်ရိက္ခာအကူအညီကို ထပ်ပြီး လျှော့ချဖြတ်တောက်မယ်ဆိုရင် အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲလာမယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
“ဧပြီလ ၁ရက်က စပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီ တစ်ယောက်ကို ခြောက်ဒေါ်လာနှုန်းပဲ ရတော့မှာပါ။ ဒါကြောင့် ရိုဟင်ဂျာတွေ တစ်နေ့ကို သုံးနပ်စားနိုင်ဖို့ ပြဿနာရှိလာနိုင်ပါတယ်”
စားစရာအလုံအလောက်မရှိရင် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ စခန်းတွေထဲက ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ကို ပျံ့နှံ့သွားနိုင်တဲ့အကြောင်း၊ ရာဇဝတ်မှုတွေမှာ ပါဝင်လာပြီး ရိုဟင်ဂျာတွေအပေါ် မကောင်းမြင်တာတွေလည်း တိုးလာနိုင်တဲ့အကြောင်း သူက ပြောသွားပါတယ်။
ဆက်နွှယ်သောသတင်းများ
ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မှုနှုန်း မြင့်မားနေ
ရိုဟင်ဂျာ ဒုက္ခသည်သစ်တွေ အသိအမှတ်ပြုလက်ခံရေး လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းအားလုံးကို စုံစမ်းမယ်လို့ IIMM ပြော
ရိုဟင်ဂျာဒုက္ခသည် ကိုဂျိုဟာကလည်း စားနပ်ရိက္ခာအကူအညီ လျှော့လိုက်ရင် ထမင်းနပ်မှန်အောင် စားဖို့ခက်ခဲလာမယ်လို့ ပြောပါတယ်။
“၁၂ ဒေါ်လာနှုန်းနဲ့ ပေးတုန်းက တစ်ယောက်ကို ဆန် ၁၃ ကီလို တစ်အိတ်စီရပါတယ်။ အခုတော့ ခြောက်ဒေါ်လာပဲ ပေးတော့မှာမို့ စားဖို့ဆန် အလုံအလောက် ရတော့မှာ မဟုတ်ပါဘူး။ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ ခက်ခဲလာတော့မှာပါ”
ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီး မီနူ အာရာ ကတော့ အခုပေးနေတဲ့ အကူအညီတွေကို မလျှော့ဖို့ တောင်းဆိုပါတယ်။
“ကလေးတွေ စားဖို့အတွက် အခုရနေသလောက်သာ မရတော့ရင် ကျန်းမာရေး ထိခိုက်လာပြီး၊ ပြဿနာတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ ကျွန်မတို့က မြန်မာနိုင်ငံမှာကတည်းက ဖိနှိပ်ခံနေရတာပါ။ အခုလို စားစရာပေးတာ ထပ်ပြီးလျှော့မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နိုင်မှာလဲ။ ၁၂ ဒေါ်လာနှုန်းနဲ့ အထက်ပဲ ဆက်ပေးသင့်ပါတယ်”
၂၀၂၃ ခုနှစ်ကလည်း တစ်လကို ရှစ်ဒေါ်လာနှုန်းအထိ လျှော့ချဖြတ်တောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာ အလုံအလောက်မရဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အရင်အတိုင်း ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်ရှိပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်ပါတယ်။ ဒီရိုဟင်ဂျာဒုက္ခသည်စခန်းထဲက ကလေးတွေဟာ အာဟာရချို့တဲ့မှုဒဏ် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။