ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလ ထောက်ပံ့ငွေလျှော့မည်
2025.03.05

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအကူအညီကို တစ်လ ၁၂ ဒေါ်လာခွဲနှုန်း ပေးနေရာကနေ တစ်လကို ခြောက်ဒေါ်လာအထိ လျှော့ချဖြတ်တောက်တော့မယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း ရိုက်တာ သတင်းမှာ မတ်လ ၅ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီလိုလျှော့ချမှာဖြစ်တဲ့အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း မြန်မာရိုဟင်ဂျာအသင်း (ယူကေ) BROUK က မတ်လ ၅ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
“ရိုဟင်ဂျာတွေဟာအရင်ကတည်းက မသေရုံတမယ် စားနေရတာပါ။ အခုလို ဖြတ်တောက်လိုက်တဲ့အတွက် ဖြည်းဖြည်းချင်း သေဒဏ်ပေးသလိုပါပဲ” လို့ BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်ထဲက တစ်ဝက်ကျော်ကျော်က ကလေးငယ်တွေဖြစ်ပြီး ဒုက္ခသည်စခန်းထဲက ကလေးအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ခန္ဓာကိုယ်မဖွံ့ဖြိုးဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ်ကလည်း တစ်လကို ရှစ် ဒေါ်လာနှုန်းအထိ လျှော့ချဖြတ်တောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ရာခိုင်နှုန်းက စားနပ်ရိက္ခာ အလုံအလောက်မရတော့ဘဲ ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ အရင်အတိုင်း ပြန်ပေးခဲ့ပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ တရားဝင်အလုပ်လုပ်ခွင့် မရှိတဲ့အတွက် ဝင်ငွေမရှာနိုင်ဘဲ နိုင်ငံတကာကပေးတဲ့ အကူအညီတွေကိုပဲ မှီခိုနေရတာ ဖြစ်ပါတယ်လို့ BROUK က ပြောပါတယ်။