မြေရှားထွက်ရာဒေသ KIA သိမ်းပြီးနောက်ပိုင်း ကမ္ဘာ့မြေရှားသတ္တု စျေးတက်နေ
2025.02.28

ကချင်ပြည်နယ်က မြေရှားသတ္တုထွက်တဲ့ နေရာအားလုံးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း တစ်လအတွင်း သတ္တုစျေးတွေ ထိုးတက်နေပါတယ်။
တရုတ်ရဲ့ မြေရှားသတ္တုစျေးဟာ မက်ထရစ်တစ်တန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်မှာ အမေရိကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်နီးပါးရှိခဲ့ပြီး အခု ဖေဖော်ဝါရီလလယ်မှာ ခြောက်သောင်းခြောက်ရာကျော် ဖြစ်သွားတဲ့အတွက် တစ်လအတွင်းမှာ မက်ထရစ်တစ်တန်ကို ဒေါ်လာ ၄၈၀၀ နီးပါး တက်သွားတဲ့အကြောင်း တရုတ်နဲ့ လန်ဒန်မှာ အခြေစိုက်တဲ့ Shanghai Metals Market (SMM) အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။
"ပန်ဝါမှာက မိုးတွင်းရောက်ရင် မြေရှားတူးတော့ မရှိလောက်တော့ဘူး အခုလည်း နည်းနည်းပဲကျန်တာ”
ကမ္ဘာမှာ မြေရှားထုတ်လုပ်တဲ့ ထိပ်တန်း ၃ နိုင်ငံက တရုတ်၊ အမေရိကန်နဲ့ မြန်မာတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ တရုတ်က ၇၀ ရာခိုင်နှုန်းနီးပါး၊ အမေရိကန်က ၁၁ ရာခိုင်နှုန်းကျော်နဲ့ မြန်မာက ၈ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် statista အဖွဲ့က အခု ဖေဖော်ဝါရီလမှာ ဖော်ပြထားပါတယ်။
မြန်မာဘက်ကနေ တရုတ်ကိုတင်ပို့တဲ့ မြေရှားသတ္တုက ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် လေးထောင့်နှစ်ရာရှိခဲ့ပြီး ချီဖွေနဲ့ ပန်ဝါမှာ KIA နဲ့ တိုက်ပွဲဖြစ်နေတဲ့ အောက်တိုဘာလ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ သုံးလအတွင်းမှာ တန်ချိန် သုံးထောင့်သုံးရာကျော်ပဲ တင်ပို့နိုင်တော့တာကို တရုတ် အကောက်ခွန်ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီသုံးလမှာ ဒီဇင်ဘာလအတွင်း တင်ပို့တဲ့ပမာဏက အနည်းဆုံးဖြစ်ပြီး တန်ချိန် ၃၀၀ ပဲ တင်ပို့ထားတာ တွေ့ရပါတယ်။
ဆက်နွှယ်သော သတင်းများ
တရုတ်နိုင်ငံကို မြန်မာက မြေရှားသတ္တုတင်ပို့မှု စံချိန်တင် လျော့ကျ
ကချင်ကနယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းဝန်းကျင်ကို KIA သိမ်းယူထား
“ကချင်ပြည်နယ်က မြေရှားသတ္တု ဘာကြောင့်အရေးပါသလဲ”
လက်ရှိအချိန်မှာ KIA ဘက်က နောက်ထပ်လုပ်ကွက်အသစ်တွေ ခွင့်မပြုသလို၊ တရုတ်ဘက်ကလည်း သတ္တုတူဖော်ရေးသုံး လုပ်ငန်းပစ္စည်းတွေ မဝင်တဲ့အတွက် လုပ်လက်စလုပ်ငန်းတွေလည်း ရပ်နေတယ်လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
“မြေရှားသတ္တု တူးတဲ့ဥစ္စာကို KIA ဘက်ကနေပြီးတော့ အရင်ကတည်းက လုပ်နေတဲ့ဟာကိုတော့ လုပ်ခွင့်ပေးထားတယ်။ နောက်ထပ်အသစ် တူးဖော်မှုကိုကျတော့ လုံးဝပိတ်ပင်ထားတာပေါ့။ ဒါပေမဲ့ အရင်ကတည်းက လုပ်နေတဲ့ ကုမ္ပဏီတွေကလည်း တရုတ်ပြည်က လောင်စာဆီတွေ ကုန်ကြမ်းဓာတုပစ္စည်းတွေ သယ်ယူလို့ မရတော့ ရပ်ထားရတဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ ရှေ့က အဲဒါမျိုးကို များများလည်း သိုလှောင်ထားနိုင်တဲ့ လူတွေလောက်ပဲ အရင်လိုမဟုတ်ဘဲ နည်းနည်းပါးပါး လုပ်နေကြတာပေါ့”
လက်ရှိအချိန်မှာ လုပ်ကွက် ၉၀ ရာခိုင်နှုန်းလောက် ရပ်နားနေတယ်လို့ ပြောကြပါတယ်။ အဲဒီအပြင် တူးထားတဲ့ မြေရှားသတ္တုတွေ တရုတ်ကို ပို့မရတဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို လုပ်အားခတွေ မပေးတဲ့အခြေအနေဖြစ်နေတယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“အခုက သူတို့ တူးဖော်ထားတဲ့ မြေရှားတွေကို တရုတ်ဘက် မပို့နိုင်တော့ ခက်ခဲနေကြတယ် လောပန်းတွေက။ ခက်ခဲတာက တရုတ်လောပန်းတွေကပဲ ပိုပြီးခက်ခဲသွားတာပေါ့။ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေကိုလည်း လစာကို ပုံမှန်မပေးနိုင်တော့ဘူး။ သုံးလလောက်မှာ တစ်ကြိမ် ဒါတောင်တစ်လစာပဲပေးတယ်။ ပန်ဝါမှာက မိုးတွင်းရောက်ရင် မြေရှားတူးတော့ မရှိလောက်တော့ဘူး အခုလည်း နည်းနည်းပဲကျန်တာ”
မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့နယ် ပန်ဝါဒေသကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်၊ နယ်စပ်တွေ အားလုံးကို တရုတ်ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၃ ရက်နေ့က နှစ်ဖက်ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာဘက်မှာ တရုတ်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ ကြံ၊ တစ်သျှူးငှက်ပျောနဲ့ ဖရဲသီးတွေပဲ တရုတ်ဘက်ကို ပြန်သယ်နေပြီး၊ မြေရှားသတ္တု တူးဖော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ အပါအဝင် တခြားဘာကုန်ပစ္စည်းတစ်ခုကိုမှ တရုတ်ဘက်က သွင်းတာမရှိသေးတဲ့အတွက် လုပ်ငန်းတွေရပ်နေတာပါ။
တစ်ဖက်မှာလည်း KIO အနေနဲ့ မြေရှားသတ္တုနဲ့ ပတ်သက်တဲ့မူဝါဒတစ်ခုချမှတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောတဲ့အတွက် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးကြည့်တဲ့အခါ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
“ကျွန်တော် ကြားသိရသလောက်တော့ အခုလောလောဆယ်တော့ ညှိနှိုင်းနေတဲ့အချိန်လို့ပဲ ကျွန်တော် နားလည်ထားပါတယ်။ ညှိနှိုင်းနေတဲ့အချိန် လုပ်တာလည်း မရှိလောက်ဘူးထင်တယ်။ ရပ်ပြီးမှ သူတို့ရဲ့ လမ်းညွှန်ချက်တွေကို စောင့်နေတဲ့အချိန်ကာလလို့ပဲ နားလည်ထားတာ။ မြေရှားသတ္တု တူးဖော်တဲ့ ကုမ္ပဏီနဲ့ ညှိတဲ့နေရာမှာပေါ့။ လမ်းညွှန်ချက်ကိုစောင့်ပြီးတော့ ညှိနှိုင်းနေတဲ့အခြေအနေပဲ ကြားရတာပါတယ်။ ကျွန်တော် အဲဒီလိုပဲ နားလည်ထားပါတယ်”
ပန်ဝါဒေသအပြင် အရင်ကတည်းက KIO ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်မှုတွေ ရှိနေပေမဲ့ ၂၀၂၄ အောက်တိုဘာ ၁၉ ရက်နယ်စပ်ဂိတ်တွေ အကုန်ပိတ်သွားပြီးတဲ့နောက် အဲဒီဘက်က မြေရှားသတ္တု တူးဖော်မှုတွေအားလုံးလည်း ရပ်ဆိုင်းသွားပါတယ်။
အခုလို ရပ်ဆိုင်းနေတဲ့အတွက် တရုတ်အပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနိုင်တယ်လို့ ကချင်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“တရုတ်ရဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို တင်ပို့တဲ့အပေါ်ကတော့ တော်တော်လေးကို ရိုက်ခတ်မှုရှိမယ်လို့ ထင်မိပါတယ်။ ဘာလို့ဆိုတော့ သူတို့ နိုင်ငံမှာတူးဖော်မှုတွေ ၂၀၁၁ နောက်ပိုင်းမှာ တော်တော်လည်း လျော့နည်းသွားတယ်။ သူတို့ရဲ့ ကမ္ဘာ့နိုင်ငံအသီးသီးတင်ပို့တဲ့အခါမှာ ကျွန်တော်တို့ ကချင်ပြည်နယ်ကပဲ အဓိက တရုတ်တွေက တူးဖော်ပြီးတော့ ပြည်ပနိုင်ငံအသီးသီးကို ပို့တဲ့အခါကျတော့ ဒီကရပ်ဆိုင်းမှုရှိတဲ့အခါမှာ တရုတ်တွေအတွက်လည်း တော်တော်လည်း ထိခိုက်နစ်နာတဲ့ အနေအထားတော့ တွေ့ရှိရပါတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကို RFA က အီးမေလ်းကနေတစ်ဆင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်စာ မလာသေးပါဘူး။
အလကားနီးပါးရနေတဲ့ ကချင်က မြေရှားတူးဖော်မှု ရပ်ဆိုင်းသွားတဲ့အတွက် အဓိကထိခိုက်သူတွေက တရုတ်က တရားမဝင်ကုမ္ပဏီတွေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးဇုန်းတိန့် က ပြောပါတယ်။
“တရုတ်ပြည်မှာ လုပ်ခွင့်မရတော့တဲ့ တရားမဝင် ကုမ္ပဏီတွေဖြစ်တဲ့ မြေရှားလုပ်တဲ့ကုမ္ပဏီတွေ သူတို့ နစ်မှာက အဓိကပဲ။ ဒုတိယကတော့ မြန်မာစစ်တပ် အဲဒီမှာနေပြီးမှ အသားကုန် အခွန်အကောက်တွေနဲ့ ကြိုက်သလို သူတို့ ချယ်လှယ်ပြီးရနေတဲ့ ဝင်ငွေတွေ။ ပြီးတော့ NDAK တွေ အဲဒီအောက်မှာမှ NDAK (ကချင်ဒီမိုကရေစီသစ်တပ်မတော်) နဲ့ အကျိုးတူသဘောမျိုးနဲ့ သူတို့ခေါ်နေကြတဲ့ ခရိုနီတွေလို့ပြောရမှာပေါ့ သူတို့တွေ နစ်နာကြမှာပေါ့ အဓိကတော့”
KIO အနေနဲ့တော့ မြေရှားထွက်တဲ့ဒေသအားလုံးကို သိမ်းယူထားနိုင်ပြီဖြစ်တဲ့အတွက် ပိုပြီးအကျိုးရှိ လာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ KIO အနေနဲ့ မြေရှားသတ္တု တူးဖော်တဲ့စီးပွားရေးပြန်စမယ်ဆိုရင် အရင်က တရုတ်လုပ်ငန်းရှင်တွေ တူးခဲ့တဲ့ပုံစံအတိုင်း မဟုတ်ပဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်သလို ရရှိလာမဲ့ အကျိုးအမြတ်တွေကိုလည်း ဒေသခံတွေအတွက် စဉ်းစားပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
တရုတ် အကောက်အခွန်ဌာန (China Customs) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှား သတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း သုံးထောင်ခြောက်ရာကျော်ဖိုးရှိခဲ့ပါတယ်။