ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်
2024.10.19

[Update: 4: 05 PM, Oct 19, 2024]
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်အနီးက ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက်မနေ့ညက သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီကနေ့ နေ့လယ်မှာ အတည်ပြုပြောပါတယ်။
“ပန်ဝါကတော့ ဒီနေ့မနက် ၈ နာရီ ဝန်းကျင်လောက်မှာ နယ်မြေရှင်းလင်းရေးလုပ်ပြီးပြီလို့တောင်ပြောတယ်။ အဲဒီနယ်မြေရှင်းလင်းရေးလုပ်ပြီးဆိုတဲ့ သတင်းအားဖြင့်တော့ သိမ်းတဲ့သဘောတော့ဖြစ်မှာပါ”
ပန်ဝါမြို့ဟာ တရုတ်နယ်စပ်အနီးမှာရှိပြီး ပြည်သူ့စစ်၊ BGF ဌာချုပ်တည်ရှိရာနေရာဖြစ်တဲ့အပြင် မြေရှားသတ္တု တူးဖော်တဲ့ နေရာလည်းဖြစ်တာကြောင့် စစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးကြီးတဲ့ဒေသဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
"ပြေးသွားတဲ့ပြည်သူ့စစ်နဲ့ စစ်သားတွေကို မိတာတွေလည်းရှိတယ်။ ဟိုတယ်၊ တည်းခိုခန်းမှာ ထွက်ပြေးနေတဲ့သူတွေကိုလည်း ဖမ်းမိတယ်။ တစ်ရာလောက် ဖမ်းထားတယ်လို့ သိရတယ်”
ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိသူတွေနဲ့ နှစ်ဖက်သေဆုံးမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးကတော့ KIA နဲ့ ပူးပေါင်းတပ်တွေ မြို့ထဲမှာ နေရာယူထားကြပြီလို့ RFA ကို ပြောပါတယ်။
“(မနေ့က) တရုတ်နာရီ လေးခွဲ၊ ငါး နာရီလောက်စပြီး ဒီပန်ဝါမြို့ထဲဝင်တိုက်တာ။ တရုတ်စံတော်ချိန် ည ၉ နာရီ၊ ၁၀ နာရီလောက်ဆို အားလုံးသိမ်းပြီးသွားပြီ ။ မြို့ထဲမှာလည်း KIA နဲ့ PDF နဲ့ နေနေကြပြီ အခု။ လေယာဉ်လာတော့ မကြားသေးဘူး အခုကတော့။ လေယာဉ်လာမှာပဲကြောက်နေကြတာ အားလုံးက။ သိမ်းပြီးသွားပြီးဆိုတော့ ကျန်တဲ့ဟာတွေ သိပ်မပူဘူး လေယာဉ်လာမှာပဲ စိတ်ပူနေကြတာ”
မနေ့က တိုက်ပွဲဖြစ်ချိန် တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ ဒေသခံတွေနဲ့ မြေရှားသတ္တု တူးဖော်တဲ့ အလုပ်သမားအများစု မြို့ထဲကနေအိမ်တွေကို ပြန်လာကြပေမဲ့ အဝေးက နေရပ်စွန့်ခွာလာသူတွေကတော့ အခုအချိန်အထိ နယ်စပ်အနီးမှာ နေထိုင်ကြရတယ်လို့ သူက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ပန်ဝါဒေသခံတစ်ဦးကလည်း ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခံရတာရှိတယ်လို့ RFA ကို ပြောပါတယ်။
“ပန်ဝါမှာ ဒီနေ့က နယ်မြေရှင်းလင်းရေးတွေလုပ်နေကြတယ်။ မနေ့ညကလည်း တချို့ က လက်နက်ချပြီး ထွက်ပြေးတာတွေလည်းရှိတယ်။ ပြေးသွားတဲ့ပြည်သူ့စစ်နဲ့ စစ်သားတွေကို မိတာတွေလည်းရှိတယ်။ ဟိုတယ်၊ တည်းခိုခန်းမှာ ထွက်ပြေးနေတဲ့သူတွေကိုလည်း ဖမ်းမိတယ်။ တစ်ရာလောက် ဖမ်းထားတယ်လို့ သိရတယ်”
ဒီဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တိုက်ပွဲအတွင်း ပန်ဝါက ဒေသခံတွေ ထိခိုက် သေဆုံးတာ မရှိပေမဲ့ ဘုရားကျောင်းတစ်ခု မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီကို ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA ကနေ ခွဲထွက်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်က ထိန်းချုပ်ခဲ့သလို ကချင်အထူးဒေသ (၁) အဖြစ် အဲဒီအချိန်စစ်အစိုးရက ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာပါ။
ပန်ဝါဒေသဟာ ကချင်ပြည်နယ်ရဲ့ မြေရှားသတ္တုတူးဖော်မှု အများဆုံးဒေသဖြစ်ပြီး တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ သြဂုတ်လအထိ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ကျော် ရှိနေပါတယ်။
ဆက်နွှယ်သောသတင်းများ
KIA ဌာနချုပ်အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး
တရုတ် - မြန်မာ နယ်စပ်က ပန်ဝါမြို့စောင့်တပ်ကို KIA သိမ်းပိုက်
ရှစ်လအတွင်း တရုတ်ကို မြေရှားသတ္တု ကန်ဒေါ်လာ သန်းခြောက်ရာကျော် တင်ပို့ခဲ့
ဒီအပြင် ပန်ဝါမြို့မှာ စစ်ကောင်စီတပ်က ဗျူဟာမှူး တစ်ဦး ဦးဆောင်တဲ့ ခြေလျင်တပ်ရင်း ခလရ (၂၉၈)၊ ခလရ(၂၉)နဲ့ ခြေမြန်တပ်ရင်း ခမရ (၁၀၅) တပ်တွေ ပူးပေါင်းထားတဲ့ ဗျူဟာတစ်ခု အခြေစိုက်ထားတဲ့ မြို့ဖြစ်ပါတယ်။
စစ်ကောင်စီအတွက် စစ်ရေးနဲ့ စီးပွားရေးအရ ဆုံးရှုံးမှု ဖြစ်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။
“မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ရဲ့ စစ်ဗျူဟာတစ်ခု အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ပြီးတော့ မြေရှားလုပ်ကွက် တွေ အများဆုံးကို ဦးဇခုန်တိန့်ယိန်းအဖွဲ့တွေနဲ့ တစ်ဖက်နိုင်ငံနဲ့ပေါင်းပြီးတော့ ထုတ်လုပ်တာဖြစ်တဲ့အတွက် စီးပွားရေးအရပါ စစ်ကောင်စီရဲ့ တရားမဝင် ငွေဝင်ရာ စီးကြောင်းမြို့ တစ်ခုဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ မြေရှားသတ္တုတွေ ထုတ်လုပ်နေတာဖြစ်တဲ့အတွက် သူတို့ရဲ့ဝင်ငွေစီးဆင်းမှုကတော့ ရပ်တန့်သွားပြီလို့ပြောရမှာ ဖြစ်ပါတယ်”
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပန်ဝါမြို့ သိမ်းပိုက်ခံရပြီးနောက် အောက်တိုလက ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ KIA ဌာနချုပ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်တာကြောင့် အရပ်သားနှစ်ဦး သေဆုံး သွားပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်အာဏာပိုင်တွေက KIA ဌာနချုပ်အနီးမှာရှိတဲ့ တရုတ်ပြည် နယ်စပ်ထွက်ပေါက် အပါအဝင် နယ်စပ်ဂိတ်အားလုံးကို အဆောက်အအုံတွေပြင်ဆင်ဖို့နဲ့ စစ်ဆေးရေးစနစ် အဆင့်မြှင့်တင်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်လိုက်ပါတယ်။
ကချင်အထူးဒေသ (၁) ဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံ၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
(မှတ်ချက်။ ဗိုလ်မှူးကြီးနော်ဘူနှင့် ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)