ရှစ်လအတွင်း တရုတ်ကို မြေရှားသတ္တု ကန်ဒေါ်လာ သန်းခြောက်ရာကျော် တင်ပို့ခဲ့
2024.10.04

၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံကနေ တရုတ်ကို အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ကျော်တန်ဖိုးရှိတဲ့ မြေရှားသတ္တုတန်ချိန်ပေါင်း နှစ်သောင်းခုနစ်ထောင်နီးပါး (၂၆,၈၉၂) တင်ပို့ခဲ့တယ်လို့ တရုတ်အစိုးရ၊ အကောက်အခွန်ဌာန (china custom) ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ဧပြီလ တစ်လထဲမှာဘဲ အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် တန်ဖိုးရှိတဲ့ တန်ချိန်ပေါင်း ငါးထောင်ကျော် (၅,၀၂၀) အများဆုံး တင်ပို့ခဲ့တာတွေ့ရပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဇွန်လနဲ့ ဇူလိုင်လမှာတော့ ကန်ဒေါ်လာ ၄၅ သန်း ဝန်းကျင်ရှိတဲ့ တန်ချိန် နှစ်ထောင်ကျော်သာ တင်ပို့ထားပါတယ်။
မြေရှားသတ္တု လုပ်ကွက်တွေ အများဆုံးရှိတဲ့ ပန်ဝါမြို့မှာတော့ လုပ်ငန်းခွင်တွေ ပုံမှန်လည်ပတ်တူးဖော်နေဆဲပဲလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပန်ဝါတစ်ဝိုက်မှာ မြေရှားသတ္တု တူးဖော်မှုတွေက ရှိနေဆဲဖြစ်ပြီး ချီဖွေနဲ့ ဆော့လော်ဘက်နီးတဲ့ ဒေသမှာတော့ အဝင်အထွက်တော့ ခက်ခဲလာလို့ ပိတ်ထားတာတွေ့ရတယ်။ အခုတိုက်ပွဲပြင်းထန်လာရင်တော့ အကုန်ပိတ်သွားမှာထင်တယ်”
တရုတ်အကောင်ခွန်ဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဒသမလေး ဘီလီယံရှိခဲ့ပါတယ်။
ဒါ့အပြင်ကမ္ဘာ့သဘာဝ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ကလည်း ပန်ဝါမြို့နဲ့ ချီဖွေမြို့နယ်မှာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း မြေရှားသတ္တုတူးဖော်မှု လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာသလို သတ္တုတူးဖော်တဲ့ လုပ်ကွက်ပေါင်း သုံးရာကျော်အထိ ရှိလာတယ်လို့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အလားတူ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်မှာလည်း ၂၀၂၁ ခုနှစ်က မြေရှားသတ္တုတူးဖော်တဲ့ သတ္တုလုပ်ကွက် ကိုးခုပဲရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ သတ္တုလုပ်ကွက် လေးဆယ်ကျော်ထိ တိုးလာတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနဲ့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။