ကျားဖြန့်နဲ့ဆက်စပ်သူ တစ်ထောင်ကျော် ဖော်ထုတ်ထားကြောင်း BGF ပြော

RFA Burmese
2025.02.18
ကျားဖြန့်နဲ့ဆက်စပ်သူ တစ်ထောင်ကျော် ဖော်ထုတ်ထားကြောင်း BGF ပြော အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ခိုင်းစေခံနေရသည့် နိုင်ငံခြားသား ၆၁ ဦးအား ကရင်နယ်ခြားစောင့်တပ် (BGF) မှ ထိုင်းအာဏာပိုင်တွေထံ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က လွှဲပြောင်းပေးအပ်စဉ်။
Myanmar Military Photo

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နိုင်ငံခြားသား ၁၃၀၀ ကျော်ကို စိစစ်ဖော်ထုတ်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဒီနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံထဲကို နယ်စပ်လမ်းကြောင်းတွေကတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြသူတွေ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီနိုင်ငံခြားသားတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေထဲက တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းကနေ လိမ်လည်တာတွေ၊ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို စစ်ဆေးဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

"အစ်ကိုတို့ စိုးမိုးနယ်မြေရဲ့ အစပ်တွေမှာ အကုန်လုံး ပိတ်ဆို့ထားတာတွေရှိတယ်“

မြဝတီ-ရွှေကုက္ကိုတစ်ဝိုက်ကို ထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေးအတွက် ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး စိစစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အစ်ကိုတို့ ရှေ့ဆက်သွားရစရာ ချမှတ်ထားတဲ့ Plan A, Plan B, Plan C အဆင့်ကို သွားနေတာပေါ့။ Plan A အဆင့်မှပဲ ရာခိုင်နှုန်းအားဖြင့် ၅၀ ကျော်လောက်ပေါ့။ Plan A မပြီးသေးဘူးလို့ ပြောရမှာပေါ့။ ငါတို့ နယ်ကနေ ထွက်သွားရင်ပြီးရော တွန်းထုတ်လိုက်တာမျိုး မဟုတ်ဘဲနဲ့ အစ်ကိုကနေပြီးတော့ တခြားနေရာကို ကူးသွားနိုင်မဲ့ အစ်ကိုတို့ စိုးမိုးနယ်မြေရဲ့ အစပ်တွေမှာ အကုန်လုံး ပိတ်ဆို့ထားတာတွေရှိတယ်“

လက်ရှိစိစစ်ဖော်ထုတ်ထားသူတွေကို ပြန်လည်လွှဲပြောင်းရေးအတွက် ဆက်လက်စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ငွေလိမ်လုပ်ငန်းတွေကို အပြီးအပြတ်နှိမ်နင်းမယ်လို့ BGF ခေါင်းဆောင်ပြော

တရုတ်ဝန်ကြီး မြ၀တီ ကျားဖြန့်ဂိုဏ်းက ခေါ်ထုတ်ထားသူတွေနဲ့ တွေ့ဆုံ

ငွေလိမ်လုပ်ငန်းက နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ဖို့စီစဉ်နေ


ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်လို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ တာဝန်ရှိသူတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မြဝတီမြို့မှာ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ ကြီးထွားလာခဲ့တာဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေမှာပါ တာဝန်ရှိနေတာကြောင့် နှိမ်နင်းရေးက ရာနှုန်းပြည့် ချောမွေ့နိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ကရင်ပြည်နယ်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အဲ ဒေသမှာရှိနေတဲ့ EROs တာဝန်ရှိတဲ့သူတွေက ဘယ်လောက် ရိုးရိုးသားသား ဒီကျားဖြန့် တိုက်ဖျက်မှုမှာ ပါဝင်မှာလဲ ဆိုတာကတော့ အချိန်ပေး စောင့်ကြည့်ဖို့လိုတယ်။ ဘာကြောင့် ပြောရလဲဆိုတော့ ဒီလောက် လူတွေ ထောင်နဲ့ချီပြီး ရောက်လာတာကို အဲဒီက EROs ခေါင်းဆောင်တွေက သူတို့ မသိပါဘူး ဆိုတဲ့ ပုံစံမျိုးနဲ့တော့ လုပ်လို့မရဘူးလေနော်။ ပြီးတော့ အကျိုးစီးပွားက အရမ်းကြီးတယ်။ အဲတော့ ဒီအကျိုးစီးပွားတွေကို စွန့်လွှတ်နိုင်မလား။ နောက်ပြီးတော့ နယ်မြေပေါ့ ရှမ်းမြောက်နဲ့တော့ မတူဘူး။ ရှမ်းမြောက်မှာက အင်နဲ့အားနဲ့ ဝင်ပြီးတိုက်လိုက်လို့ရတယ်။ ဒီဘက်မှာက ကရင်တော်လှန်ရေး အင်အားစု အချင်းချင်းတွေ ဖြစ်နေတဲ့အတွက် ပုံစံချင်းတော့ မတူဘူး“

ထိုင်း - မြန်မာ နယ်စပ်က ကျားဖြန့် နှိမ်နင်းရေးအတွက် တာချီလိတ်နဲ့ မြဝတီမြို့နယ်တွေကို ထိုင်းနိုင်ငံရော၊ စစ်ကောင်စီဘက်ကပါ စက်သုံးဆီတင်ပို့တာတွေ ဖြတ်တောက်ထားပါတယ်။

ဒါကြောင့် မြို့ဝတီ၊ ရွှေကုက္ကိုနဲ့ ဘုရားသုံးဆူ ဒေသခံတွေဟာ စက်သုံးဆီ ပြတ်လပ်မှု၊ လျှပ်စစ်မီး ပြတ်တောက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘုရားသုံးဆူမြို့သား တစ်ယောက်အနေနဲ့ ပြောရရင်တော့ ကျားဖြန့်ကို အကြောင်းပြပြီးတော့ အခုလို ဘုရားသုံးဆူကို လျှပ်စစ်မီး ဖြတ်တောက်တာ၊ လောင်စာဆီ ဖြတ်တောက်တာတွေဟာ။ တကယ့်ကို ခုတ်ရာတခြား၊ ရှရာတခြားလို့ ပြောရမှာပေါ့။ တော်လှန်ရေး လှုပ်ရှားမှုတွေကိုလည်း အင်အားချိနဲ့စေနိုင်တယ်။ အလားတူ မြို့နေ ပြည်သူတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်"

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် BGF အဖွဲ့က ဝင်ရောက်ဖမ်းဆီးနေသည်ကို တွေ့ရစဉ်။ (Citizen Photo)
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် BGF အဖွဲ့က ဝင်ရောက်ဖမ်းဆီးနေသည်ကို တွေ့ရစဉ်။ (Citizen Photo)

တရုတ်အစိုးရဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းနိုင်ခဲ့သလို ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် နှိမ်နင်းရေးကိုလည် နည်းလမ်းပေါင်းစုံနဲ့ အောင်မြင်အောင် နှိမ်နင်းလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။