ငွေလိမ်လုပ်ငန်းက နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ဖို့စီစဉ်နေ
2025.02.16

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့အတွင်းမှာ စုစုပေါင်း ၁ဝ၃၀ ဦးကို စစ်ဆေးဖော်ထုတ်ခဲ့တာဖြစ်ပြီး ၁၆ ရက်နေ့ တစ်ရက်တည်းမှာတင် ၂၃၁ ဦးကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
စစ်ဆေးတွေ့ရှိတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေ အမြန်ဆုံးပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ဖို့ ဆောင်ရွက်နေပြီး လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းကောက်ယူတာတွေကို နေ့ချင်းပြီးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ စစ်ဆေးတွေ့ရှိသူတွေ နိုင်ငံခြားသားတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
"ရွှေကုက္ကိုလ်ကိုရောက်တော့ တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး အွန်လိုင်းကနေ လိမ်လည်ပြီး လူရှာဖွေပေးရတဲ့အလုပ်ကို တစ်နေ့ ၁၆ နာရီ လုပ်ပေးရပါတယ်၊ တစ်လကို ဘတ် နှစ်ထောင်ရပါတယ်၊ ကိုးလခန့် လုပ်ကိုင်ခဲ့ရပါတယ်"
ဖော်ထုတ်တွေ့ရှိခဲ့တဲ့ တစ်ထောင်ကျော်ထဲက ၆၁ ဦးကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်ရှိတဲ့ ၉၆၉ ဦးကို သက်ဆိုင်ရာနိုင်ငံကို လွှဲပြောင်းပေးဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ဘယ်နိုင်ငံတွေက နိုင်ငံခြားသားတွေ ပါဝင်တယ်ဆိုတာကိုတော့ အတိအကျထုတ်ပြန်တာမရှိပါဘူး။
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရောက်လာပြီး တရုတ်နိုင်ငံသားတွေကို ပြန်လည်လက်ခံဖို့ မြဝတီမြို့ကို သွားရောက်လေ့လာခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
"တရုတ်ကျားဖြန့်နှိမ်နှင်းရေးအဖွဲ့ဒုဝန်ကြီး မဲဆောက်ကနေ မြဝတီတံတား (၁)နဲ့ (၂)ဘက်ကို သွားတယ်။ စကစနဲ့ သွားတွေ့တယ်။ ညနေ ၃ နာရီ ၄၅ မှာတံတား (၁) ကနေ မဲဆောက်ကို ပြန်ဝင်လာတယ်။ တရုတ်ကျားဖြန့်လူတွေကတော့ မနက်ဖြန် တံတား(၂)က ထိုင်းကိုပြန်လွှဲမယ်"
တရုတ်နိုင်ငံက အလိုရှိသူတွေအပါအဝင် နိုင်ငံခြားသားအယောက်ခုနှစ်ရာလောက်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မြဝတီကုန်သွယ်ရေးတံတားအမှတ် (၂) ကနေတဆင့် တရုတ်လက်ထောက်ဝန်ကြီးနဲ့ ထိုင်းအာဏာပိုင်တွေကို စစ်ကောင်စီတာဝန်ရှိသူတွေက လွှဲအပ်မယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF သတင်းအရင်းအမြစ်က ပြောပါတယ်။
"စိစစ်ပြီး ပြန်လွှတ်တဲ့လူပဲရှိသေးတာပေါ့ ၇၀၀ ကတော့၊ မနက်ဖြန် အဲဒီနိုင်ငံခြားရေးဒုဝန်ကြီး တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးလာတဲ့အခါကျရင်တော့ ထပ်အပ်မဲ့လူတွေရှိသေးတယ်၊ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးကိုတော့ အကောင်အထည်ပြပြီး အပ်မှာပေါ့။ အဲဒီတရုတ်နိုင်ငံကနေ ထိုင်းကိုပို့ထားတဲ့ လူဦးရေစာရင်းက ၃၅၀၀၀ တောင် ရှိတယ်လို့ပြောတယ်။ သူတို့တောင်းဆိုထားတဲ့ လူအရေအတွက်ဆိုတော့ အချက်အလက်အတိအကျနဲ့ တောင်းတယ်လို့တော့ထင်တာပဲ အဲဒီစာရင်းတွေထဲက ပါတဲ့သူတွေပါမှာပေါ့"
ပြန်ပို့မယ့်သူတွေထဲမှာ ငွေလိမ်လုပ်ငန်းပိုင်ရှင်တွေနဲ့ လူကုန်ကူးသူတွေပါမပါကိုတော့ BGF တာဝန်ရှိသူတွေက ရှင်းရှင်းလင်းလင်းပြောဆိုတာမရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
ဆိုက်ဘာလိမ်လည်မှုတွေနဲ့ ဆက်စပ်သူ တစ်သောင်းကို ထိုင်းဆီ လွှဲပေးမယ်လို့ BGF ပြော
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို BGF ဝင်ရောက်ဖမ်းဆီးနေ
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး မဲဆောက်နဲ့ မြဝတီ ရောက်နေ
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရွှေကုက္ကိုမြို့သစ် ရထိုက်ကုမ္ပဏီလက်အောက်ခံ တရုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေကို BGF လူမှောင်ခိုတိုက်ဖျက်ရေးအထူးအဖွဲ့က ရှာဖွေစိစစ်ပြီး မြဝတီမြို့က စစ်ကောင်စီတာဝန်ရှိသူတွေကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ပြန်အပ်ဖို့စီစဉ်နေတာလို့ ကရင်နယ်ခြားစောင့်တပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကလည်း ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို ပြန်ပို့ဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံခြားသားတွေ ထိုင်းဘက်ကိုပြန်လွှဲဖို့ကိစ္စမှာ စစ်ကောင်စီဘက်က ခလရ ၂၇၅ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီးဇော်ဟန်ဦးနဲ့ ဌာနဆိုင်ရာတွေက ကြီးကြပ်ကွပ်ကဲနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနလက်ထောက်ဝန်ကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း နေပြည်တော်ကိုသွားခဲ့ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေတိုက်ဖျက်ရေးနဲ့ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။