ပြည်သူတွေကြားထဲ စိမ့်ဝင်နေတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများ

RFA Burmese
2025.03.17
ပြည်သူတွေကြားထဲ စိမ့်ဝင်နေတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများ အွန်လိုင်းလောင်းကစားဂိမ်း အသုံးပြုနေသူတစ်ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ တရားမဝင် အွန်လိုင်းလောင်းကစားတွေ ပြည်သူလူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်နေပြီး ဒီလုပ်ငန်းကို လုပ်ကိုင်သူတွေကလည်း သူတို့လုပ်ငန်းမှာ ပါဝင်ဆော့ကစားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြပါတယ်။

မန္တလေးမြို့မှာနေထိုင်တဲ့ ကိုထက် (အမည်လွှဲ) ဟာ အရင်က ကိုယ်ပိုင်စတီးလုပ်ငန်းနဲ့ အတန်အသင့် အဆင်ပြေနေတဲ့ လူငယ်တစ်ယောက်ပါ။

“ပြောရင်တော့ နံပါတ် ၁ ကတော့ တရားဥပဒေစိုးမိုးရေး အားနည်းတာပေါ့ဗျာ"

ငွေကြေးချောင်လည်တဲ့ လူငယ်ပီပီ မဟုတ်တာတစ်ခုခုကို စမ်းလုပ်ကြည့်ချင်လာတဲ့ အာသီသလေးရှိလာတယ်လို့ သူက ပြောပါတယ်။

ကိုထက်ဟာ ကေတီဗီနဲ့ မာဆတ်တွေကိုသွားတတ်သလို အရက်နဲ့ မူးယစ်ဆေးဝါးတချို့ကို ရံဖန်ရံခါသုံးစွဲလာတတ်ပေမဲ့ သူ့အိတ်ထဲက ပိုက်ဆံတွေဟာ အခုလောက်မြန်မြန် အငွေ့ပျံမလွယ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဖုန်းလေးတစ်လုံးနဲ့ လောင်းကြေးထပ်ရတဲ့ အွန်လိုင်းလောင်းကစားကို စမ်းမိပြီးနောက်ပိုင်းမှာတော့ သူ့ဘဝ အခြေအနေဟာ တစ်ဆစ်ချိုးပြောင်းသွားခဲ့ရတယ်လို့ ကိုထက်က ပြောပြပါတယ်။

“ကျွန်တော်ဆိုရင် ခွေးကိုဖြစ်သွားတာပဲ။ ခွေးလုံးလုံး ဖြစ်သွားတာပဲ။ အရင်ကဆိုလို့ရှိရင် ကျွန်တော့် အထဲမှာက အလုပ်က ကိုယ်ပိုင်စီးပွားရေး လုပ်တာဆိုတော့ အလုပ်ကရတဲ့ပိုက်ဆံတွေက ကျွန်တော့်ရဲ့ ဘဏ်ကတ်ထဲမှာ အမြဲတမ်းရှိတယ်ပေါ့နော်။ ပိုက်ဆံကတော့ လုံးဝမပြတ်ဘူး ဒီအွန်လိုင်းဂိမ်းတွေကျတော့ ပိုက်ဆံထည့်ရတာလည်း အလွယ်တကူဆိုတော့ ဖုန်းနဲ့ပဲထည့် ဖုန်းနဲ့ပဲလုပ်ရတာဆိုတော့ ချိတ်ဆက်ထားတာဆိုတော့ ပိုက်ဆံထည့်ရတာ လွယ်တယ်လေ။ အဲလိုမျိုး ထည့်ရင်းထည့်ရင်း၊ ဆော့ရင်းဆော့ရင်းနဲ့ ပိုက်ဆံက ကုန်လို့ကုန်မှန်းတောင် မသိဘူးပေါ့။ ခုချိန်ထိဆိုလို့ရှိရင်တော့ ကျွန်တော်ဆိုရင် သိန်းနှစ်ရာကျော် သုံးရာလောက်တော့ကုန်သွားပြီဗျ”

သူဟာ အွန်လိုင်းလောင်းကစားကို သုံးလေးနှစ်လောက် စွဲစွဲမြဲမြဲကစားခဲ့ပြီးနောက်မှာတော့ လုပ်ငန်းပြုတ်ပြီး အကြွေးပါတင်တဲ့ဘဝကို ရောက်သွားပါတယ်။


ဆက်နွှယ်သော သတင်းများ

မြန်မာပြည်အနှံ့ လောင်းကစားလုပ်ငန်းတွေ ပိုများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလှုပ်ရှားမှု ပိုဆိုးလာ

ငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား နှစ်ထောင်ကျော် ဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်


ခုချိန်ထိ သူဟာ အဲဒီလောင်းကစားကို ယတိပြတ်မစွန့်လွှတ်နိုင်သေးဘဲ တစ်ခါတစ်ရံ အပျင်းပြေကစားတတ်ပါသေးတယ်။ ကစားတဲ့အခါတိုင်းလည်း သူ့အတွက်ရလဒ်က အရှုံးချည်းပါပဲ

ကိုထက်လိုပဲ အွန်လိုင်းလောင်းကစားကြောင့် စီးပွားပျက်သွားသူ နောက်တစ်ယောက်ကတော့ ကိုမျိုး (အမည်လွှဲ) ပါ။

ပြည်ပနိုင်ငံတစ်ခုမှာ နှစ်တော်ကြာ အလုပ်လုပ်ခဲ့တဲ့ ကိုမျိုးဟာ ၂၀၁၆ ခုနှစ်လောက်က မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီကာလတွေတုန်းကတော့ ပြည်ပမှာ စုဆောင်းလာခဲ့တဲ့ ပိုက်ဆံအချို့ရယ် အမွေရလိုက်တဲ့ ပိုက်ဆံတွေရယ်နဲ့ စီးပွားရေးအတန်အသင့်ပြေလည်ခဲ့တယ်လို့ ကိုမျိုးက ပြောပါတယ်။

အဲဒီနောက်တော့ သူဟာ အားကောင်းကောင်းနဲ့ ထိုးဖောက်လာတဲ့ အွန်လိုင်းလောင်းကစား ကြော်ငြာတွေကြောင့်ရော၊ ရွယ်တူသူငယ်ချင်းတွေ လောင်းကစားနေတာ မြင်တာကြောင့်ရော သူဟာ စမ်းသပ်ကစားရာက စွဲလမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

စလောင်းကာစမှာ အွန်လိုင်းလောင်းကစားတွေ ပေးလေ့ရှိတဲ့ မက်လုံးတွေကြောင့် တစ်ခါတစ်လေ အနိုင်ရခဲ့တဲ့ အပေါ်မှာ သာယာသွားခဲ့ပြီး နောက်ပိုင်းမှာတော့ ဆက်ကစားရင်း ရှိတာပြုတ်သွားတဲ့ ဘဝကိုရောက်သွားရတယ်လို့ သူက ပြောပါတယ်။

“အဲဒီမှာ သူငယ်ချင်းတွေကလည်း ဆော့နေကြတယ်။ လိုင်းပေါ်မှာလည်း တွေ့တယ်။ အဲတော့ ကျွန်တော်ဝင်ဆော့ မိတယ်။ ဝင်ဆော့မိတော့ သူတို့က ဆွဲဆောင်မှု အရမ်းရှိတယ်ဗျ။ တောက်လျှောက်ခေါ်သွားတာ သူတို့တွေက။ ပထမပိုင်း သိန်း ၃၀ လည်းနိုင်တယ်၊ ရတယ်။ သိန်း ၅၀ လောက်အနိုင်မှာ သူတို့တွေ ဖြတ်ချပစ်တယ် ဘာမှန်းမသိဘူးပေါ့ဗျာ။ ကျွန်တော်တို့ ပြန်ပိတ်ပြီး ပြန်ဝင်လာလို့ရှိရင် အဲဒါတွေက မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော်အဲဒါကို မစွန့်လွှတ်နိုင်ဘူးဗျာ၊ ဆက်ဆော့တယ်ဗျာ”

အွန်လိုင်းလောင်းကစားဆော့နေချိန်မှာ ဈာန်ဝင်စေမဲ့ မူးယစ်ဆေးဝါးတစ်ခုခုကို သုံးစွဲလေ့ရှိတဲ့ ကိုမျိုးဟာ အရှုံးတွေကို သတိမထားမိတော့ဘဲ ဆက်ဆော့နေရင်း ဆက်ရှုံးရင်းကနေ ရှိတဲ့စည်းစိမ် ပြုတ်သွားတဲ့အပြင် အကြွေးပါတင်သွားရတယ်လို့ သူကပြောပါတယ်။

သူနဲ့အတူဆော့တဲ့ သူငယ်ချင်းတစ်ချို့ဟာ အလုပ်ကငွေတွေကို အလွဲသုံးစားလုပ်မိလို့ အလုပ်ပြုတ် အမှုဖြစ်ပြီး ဘဝပျက်သွားကြရတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း အလုပ်အကိုင်မယ်မယ်ရရ မလုပ်တော့ဘဲ ယစ်ထုတ်ဘဝနဲ့ အမေ့အိမ်မှာ ပြန်ခိုကပ်နေရတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကိုမျိုးက ပြောပါတယ်။

အွန်လိုင်းလောင်းကစား အမျိုးအစားများ

ကိုယ်ရဲ့ တယ်လီဖုန်းထဲမှာ အွန်လိုင်းလောင်းကစား အပလီကေးရှင်း တစ်ခုကို ထည့်သွင်းလိုက်တာနဲ့ ဂိမ်းပေါင်းမြောက်များစွာကို ကစားလို့ရပါတယ်။

ကာစီနို၊ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးကစလို့ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စတာတွေလည်း ကစားနိုင်ပြီး အခုနောက်ပိုင်းမှာ ကိုရီးယားနာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ စကွစ်ဂိမ်းတွေကိုပါ လောင်းကြေးထပ် ဆော့ကစားနိုင်တယ်လို့ ကိုထက်က ပြောပါတယ်။

အွန်လိုင်းလောင်းကစားဂိမ်း အသုံးပြုနေသူတစ်ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
အွန်လိုင်းလောင်းကစားဂိမ်း အသုံးပြုနေသူတစ်ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဆော့များတဲ့ ဂိမ်းအပလီကေးရှင်းတွေကတော့ အဘိုးကြီးဂိမ်း၊ သမီးတော်ဂိမ်း၊ ကျွဲဂိမ်း လပ်ကီးဆဲဗင်း၊ တောင်ပေါ်သား၊ ရှမ်းကိုးမီး၊ Blue Ocean, Best Man, Ligh 22 တို့ စတာတွေဖြစ်တယ်လို့ ကိုထက်က ပြောပါတယ်။

အွန်လိုင်းလောင်းကစားနောက်က လက်မည်း

အွန်လိုင်းလောင်းကစားတွေရဲ့ အပလီကေးရှင်းအများစုဟာ တရုတ်နိုင်ငံက ရေးဆွဲထားပြီး အဲဒီဘက်မှာပဲ အထိုင်ချပါတယ်။ ပြည်တွင်းမှာတော့ လက်ခွဲကိုယ်စားလှယ်တွေပေးပြီး ကစားမဲ့သူကို ရှာစေတာဖြစ်တယ်လို့ အွန်လိုင်းလောင်းကစားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီ Organize (ကစားဖို့ လူရှာဖွေသူ) လုပ်မဲ့လူကိုကျတော့ ချန်နယ်တစ်ခု ထောင်ပေးလိုက်တယ်။ အဲဒီချန်နယ်ကနေပြီးတော့ လူရှာ။ အဲဒီ ချန်နယ်ကိုဝင်လာတဲ့ လောင်းကစား လောင်းကြေးအမောင့် (ပမာဏ) တွေပေါ်မှာ percentage (ရာခိုင်နှုန်း) တစ်ခု သူတို့ကို ပြန်ပေးတာ။ များသောအားဖြင့်တော့ ကြားတာတော့ 75 Percentage (၇၅ ရာခိုင်နှုန်း) လောက်အထိ ပြန်ပေးတယ်ပြောတယ်”

ပြည်တွင်းမှာ ချန်နယ်တစ်ခု ယူထားတဲ့သူအနေနဲ့ ဝန်ထမ်းတွေ ထပ်ခန့်ထားပြီး ကစားမဲ့သူကို ကိုယ်တိုင်ကြော်ငြာပြီး ရှာဖွေရပါတယ်။ ၂ လ ကနေ ၆ လအတွင်း ကစားတဲ့သူတွေ များလာတတ်တယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းက ကိုယ်စားလှယ်ယူထားတဲ့ ချန်နယ်တွေကလည်း ကစားတဲ့သူများလာဖို့အတွက် တစ်လကို သိန်း ၃၀ ကနေ တစ်ရာကြားသုံးစွဲပြီး ကြော်ငြာအားကောင်းကောင်းနဲ့ ရှာဖွေကြတယ်လို့ ဆိုပါတယ်။

အွန်လိုင်းလောင်းကစား အပလီကေးရှင်းတွေကလည်း ကစားတဲ့သူရဲ့ စိတ်ကိုဖတ်နိုင်တဲ့အထိ အဆင့်မြင့်ကြပြီး ဘယ်အချိန်မှာ ဘယ်လိုထိုးကြွေးရမယ်၊ ဘယ်အချိန်မှာ ဘယ်လိုအနိုင်ယူရမယ်ဆိုတာ တိတိကျကျစီမံခန့်ခွဲနိုင်တယ်လို့ သူက ဆိုပါတယ်။

ချန်နယ် (ကိုယ်စားလှယ်) ယူထားသူတွေအနေနဲ့လည်း တစ်ခဏတွင်းမှာပင် စီးပွားဖြစ်သွားကြပြီး ကစားတဲ့သူတွေမှာသာ မွဲကျန်ခဲ့တာလို့ သူက ပြောပါတယ်။

အသုံးပြုလေ့ရှိကြတဲ့ ကြော်ငြာပလက်ဖောင်းများ

အွန်လိုင်းလောင်းကစားတွေကို လူတွေအများစု စိတ်ဝင်တစား ကစားလာကြဖို့အတွက် ပြည်တွင်းမှာ ချန်နယ် (ကိုယ်စားလှယ်) ယူထားသူတွေက တယ်လီဖုန်းအော်ပရေတာတွေ Facebook၊ တယ်လီဂရမ် စတဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတယ်လို့ အွန်လိုင်းလောင်းကစားနဲ့ နီးစပ်သူက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနိုတစ်ခုကို တွေ့ရစဉ်။ (Myawaddy Complex Facebook)
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနိုတစ်ခုကို တွေ့ရစဉ်။ (Myawaddy Complex Facebook)

အစပိုင်းမှာတော့ Facebook မှာ ကြော်ငြာများပေမဲ့ နောက်ပိုင်း ဖေ့စ်ဘွတ်ခ်ရဲ့ တားမြစ်ချက်တွေကြောင့် တယ်လီဂရမ်မှာ အဓိက ကြော်ငြာကြပါတယ်။

“လူတွေစိတ်ဝင်စားအောင် နံပါတ် ၁ က ၁၈+ ချန်နယ်ထောင်တယ်။ နံပါတ် ၂ ကတော့ ဘာသာပြန် Sub title (စာတန်းထိုး) ဘာသာပြန်ဇာတ်လမ်းတွေ၊ အဲဒါတွေကြည့်ချင်တယ်ဆို ဒီချန်နယ်ကို Join ထားပါ။ အဲဒီဇာတ်လမ်းတွေ တင်ပေးတယ်ပေါ့နော်။ နစ္စဓူဝ တင်ပေးတယ်။ အများကြီးတင်ပေးတာ လေးငါးကား လောက်တင်ပေးတာ။ အဲမှာမှ သူတို့ပေါ်စေချင်တဲ့ ဂိမ်း link ကိုကျတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်နဲ့ နှစ်ကြိမ်ထက်တော့ ပိုမလွှင့်ဘူး”

ဘယ်လိုမက်လုံးတွေပေးလဲ

RFA က လေ့လာစုံစမ်းချက်တွေအရ အဲဒီဂိမ်းတွေဆော့ရင် နိုင်ချေ ၈၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတယ်လို့ မက်လုံးပေးတာတွေကို တွေ့ရပါတယ်။

နောက်ပြီး မန်ဘာသစ်ဘောနက်၊ အသင်းဝင်အသစ်ကို ဖုကြေးပေးတာ၊ အသင်းဝင်က လူသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးရင် ဘောနပ်ပေးတာမျိုး နာမည်မျိုးစုံပေးပြီးတော့ ဆော့ချင်လာအောင် မြူဆွယ်တာကိုလည်း တွေ့ရပါတယ်။

ဒီဂိမ်းတွေအတွက် စည်းရုံးတဲ့သူတွေက လက်ကိုင်ဖုန်းတွေကို ဖုန်းမတ်ဆေ့ချ်တွေ နေ့စဉ်ပို့ပြီး ကစားလာအောင် စည်းရုံးတာတွေလည်းရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖုန်းမတ်ဆေ့ချ်ပို့သူ တစ်ဦးကို RFA က ဆက်သွယ်ခဲ့ပါတယ်။

“အစ်ကိုက သူ့ငယ်ချင်းတစ်ယောက်ကို မိတ်ဆက်ပေးမယ်ဆိုရင် တစ်ယောက်ဆိုရင် ၃၉၉၉ ကျပ်ရတယ်။ အစ်ကိုကတကယ်လို့ သူငယ်ချင်းဆယ်ယောက် မိတ်ဆက်ပေးမယ်ဆိုရင် လေးသောင်းနီးနီးပေါ့ အစ်ကိုရယ်။ ဘောနပ်ပြန်ထုတ်ချင်လည်းရတယ်။ ဆက်ပြီးကစားချင်လည်းရတယ်နော် အစ်ကို”

သူငယ်ချင်းတွေက ဆက်ကစားနေရင် မိတ်ဆက်ပေးသူကို ကော်မရှင်ထပ်ပေးဦးမယ်လို့လည်း သူက ပြောပါတယ်။

ဘယ်သူတွေ အများစုကစားကြလဲ

အွန်လိုင်းဂိမ်းတွေကို ကစားကြသူအများစုဟာ နယ်စပ်ဒေသကလူတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက လူတွေများတယ်လို့ အွန်လိုင်းဂိမ်းလုပ်ငန်းတစ်ခုမှာ ပါဝင်ပတ်သက်ဖူးသူ တစ်ဦးက ပြောပါတယ်။

အမျိုးသမီးအများစုလည်း ကစားနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အလုပ်မရှိသူ ဝင်ငွေနည်း လူတန်းစားတွေက ငွေရလမ်းတစ်ခုအနေနဲ့ ကစားကြတာဖြစ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုတွေရှိလာတယ်လို့ သူက ဆိုပါတယ်။

“အတန်းအစားကတော့ အစုံပဲ အစ်ကို။ သူဌေးတွေတော့ မကစားဘူး။ နည်းနည်းစဉ်းစားတတ်တဲ့သူ၊ ငွေကိုတွက်ချက်တတ်တဲ့သူတော့ မကစားဘူး။ တချို့က သူဌေးသားသမီး ပိုက်ဆံပေါတဲ့သူတွေ ပိုက်ဆံကိုရေလို သုံးနေတဲ့သူတွေ၊ ပြီးလို့ရှိရင် လက်လုပ်လက်စားတွေ လက်လုပ်လက်စားဆိုတာက ပညာမရှိဘူး။ မစဉ်းစားတတ်ဘူး ငွေကို ဖြတ်လမ်းက လိုက်မဲ့သူတွေ တစ်ယောက်ကဒီလိုရသွားတယ်ဆိုရင် အဲဒါအယုံကြည်လွယ်ပြီးဆော့တာ ဆော့လာရင်းနဲ့ တဖြည်းဖြည်းချင်း မက်လုံးတွေဖြစ်လာတာပေါ့။ အဲဒါမျိုးတွေများတယ်”

တစ်ခါတစ်ရံမှာ သူတို့မထင်မှတ်ထားတဲ့ အသိုင်းအဝိုင်းကလူတွေက မထင်မှတ်တဲ့ငွေကြေးပမာဏအထိ ကစားသွားတာကိုလည်း တွေ့ရတတ်တယ်လို့ သူက ပြောပါတယ်။

အွန်လိုင်းလောင်းကစားတွေနဲ့ တရားဥပဒေစိုးမိုးမှု

အွန်လိုင်းလောင်းကစားဂိမ်းတွေဟာ လောင်းကစားဥပဒေနဲ့ ငြိစွန်းတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ လောင်းကစားဥပဒေ ပုဒ်မ ၂ (ဃ) မှာ အီလက်ထရောနစ်ပစ္စည်းနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာသုံး ကိရိယာတွေကိုလည်း လောင်းကစားကိရိယာအဖြစ် ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ ဒီလိုအွန်လိုင်းလောင်းကစားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာဟာ ဥပဒေအရ အားနည်းလို့မဟုတ်ဘဲ ရဲတပ်ဖွဲ့လို တရားစွဲအဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေကြောင့်လို့ ပြောပါတယ်။

“ပြောရင်တော့ နံပါတ် ၁ ကတော့ တရားဥပဒေစိုးမိုးရေး အားနည်းတာပေါ့ဗျာ။ ပြီးရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း သူ့ပင်မအလုပ်ဖြစ်တဲ့ ခုနက ဒုစရိုက်မှုတွေ ကြိုတင်ကာကွယ်နှိမ်နင်းရေးတို့၊ ဖြစ်ပေါ်လာတဲ့ ဒုစရိုက်မှုတွေကို ဖော်ထုတ်ရေးတို့၊ အရေးယူရေးတို့ အဲဒါတွေကို ဆောင်ရွက်နိုင်ဖို့က အားနည်းတာပေါ့။ အားနည်းသွားတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ သဘောဖြစ်လာတာပေါ့”

ရဲတပ်ဖွဲ့က အရေးယူမှု အားနည်းနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ရဲမှူးချုပ် ကျော်လင်းဆီ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သေချာမသိလို့ နောက်မှပြန်ဖြေမယ်လို့ အကြောင်းပြန်ပါတယ်။

တရားမဝင် အွန်လိုင်းဂိမ်းနှင့် ငွေကြေးလိမ်လည်သူများ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Myanmar Military)
တရားမဝင် အွန်လိုင်းဂိမ်းနှင့် ငွေကြေးလိမ်လည်သူများ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Myanmar Military)

ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးပြုပြီး ကြော်ငြာတာတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်သူတွေ တယ်လီဖုန်းအော်ပရေတာတွေကနေ စာတိုပို့ကြော်ငြာနေတာတွေကိုလည်း လောင်းကစားဥပဒေအရ တရားစွဲ အရေးယူနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေက ဆိုပါတယ်။

ဖုန်းကနေ စာတိုပို့ပြီး ပြည်သူတွေကို ဆွဲဆောင်နေတာတွေကို သက်ဆိုင်ရာ တယ်လီဖုန်းလိုင်းက တွေ့ရှိခဲ့ရင် ပို့တဲ့ဖုန်းနံပါတ်နဲ့ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက ဘာပြောလဲ

တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေကို ထိထိရောက်ရောက် အရေးယူနေသလို နိုင်ငံတကာနဲ့ ပူးပေါင်းပြီးလည်း တက်တက်ကြွကြွ ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူတွေကိုလည်း တင်းတင်းကျပ်ကျပ် အရေးယူဖို့ မှာကြားခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့ အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေရင် အားလုံးကို ထိရောက်စွာအရေးယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီအွန်လိုင်းလောင်းကစားတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မူဝါဒအရပြောထားပေမဲ့ တကယ်တမ်းမှာ ထိထိရောက်ရောက် လုပ်နိုင်မယ်မထင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူမယ် ဘာညာဆိုတာကတော့ ဟိုကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူးလို့တော့ ထင်တာပဲဗျာ။ သူတို့ တစ်ခြားလုပ်ငန်းတွေက အများကြီးကို၊ တစ်ခြားလုပ်ငန်းဆိုတာ ဒီတော်လှန်ရေးအဖွဲ့တွေကိစ္စ နှိမ်နင်းရတာ၊ နယ်မြေစိုးမိုးမှု မရှိတာနဲ့ နောက်တော့ မြေပြင်မှာ ဖမ်းဆီးဖို့ကလည်း အခက်အခဲတွေ ရှိတာနဲ့ဆိုတော့ ကျွန်တော် ထင်ပါတယ်၊ ဘာမှ ထိထိရောက်ရောက် အလုပ်မလုပ်နိုင်ဘူး။ ထိထိရောက်ရောက်လည်း အရေးယူနိုင်မဲ့ကိန်း မရှိပါဘူး”

တချို့ နယ်မြေသက်ဆိုင်ရာ အရာရှိတွေကိုယ်တိုင်တောင် ဒီလိုအွန်လိုင်းလောင်းကစားတွေရှိနေတာ သိချင်မှတောင် သိနိုင်မယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ဘယ်လိုပင် ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ ပြောနေစေကာမူ အခုအချိန်အထိတော့ အွန်လိုင်းလောင်းကစားတွေဟာ ပြည်သူတွေကြားထဲမှာ ပြန့်နှံ့နေဆဲဖြစ်တယ်လို့ ကိုယ်တိုင်လောင်းကစားနေသူတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။