မြဝတီ လောင်းကစားရုံမှာ အလုပ်သမားတစ်ရာနီးပါး ပိတ်လှောင်ခိုင်းစေခံနေရ

RFA Burmese
2023.10.26
မြဝတီ လောင်းကစားရုံမှာ အလုပ်သမားတစ်ရာနီးပါး ပိတ်လှောင်ခိုင်းစေခံနေရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂နေ့က တရုတ်နိုင်ငံ မကာအိုရှိ ကာစီနိုတစ်ခုတွင် Global Gaming Expo Asia (G2E Asia)မှ ဧည့်သည်တစ်ဦး လောင်းကစားစားပွဲပေါ်တွင် ဖဲချပ်များကိုင်ဆောင်ထားစဉ်။
AFP

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် BGF အမှတ် ၁၂ ဂိတ်ဝင်းထဲက ခရမ်းပြာလို့ ခေါ်တဲ့ (Eastern Complex) ကာစီနိုနဲ့ အွန်လိုင်း‌ လောင်းကစားရုံမှာ မြန်မာအလုပ်သမားတစ်ရာဝန်းကျင် ပိတ်လှောင်ခိုင်းစေ ခံနေရတယ်လို့ စစ်ကောင်စီလက်အောက်ခံ BGF တပ်နဲ့ နီးစပ်သူ မြဝတီမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ခရမ်းပြာကာစီနိုနဲ့ အွန်လိုင်းလောင်းကစားရုံမှာ လုံခြုံရေးဝန်ထမ်းတွေက အဝင်အထွက်စစ်ဆေးပြီးမှ ဝင်ရောက်လောင်းကစားခွင့်ပေးတာကို မျက်မြင်ကြုံခဲ့ရတယ်လို့ အောက်တိုဘာလအတွင်း လောင်းကစားရုံကို ရောက်ခဲ့တဲ့ အဲဒီ သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

“တရုတ်လူမျိုးရယ်၊ မူဆယ် နယ်စပ်ဘက်က တရုတ်စကားပြန် လူတွေရယ်ကို လုံခြုံရေးအစောင့်ထားတဲ့ ကာစီနိုတိုင်းမှာ လူမှောင်ခို ပိတ်လှောင်မှုတွေရှိတယ်၊ ကွန်ဒို‌အခန်း‌တွေနဲ့ထားတယ်။ တစ်ညလုံး လုံခြုံ‌ရေး တွေက မီးထိုး ကြည့်တယ်၊ ကွန်ဒိုတွေရဲ့အောက်ခြေမှာ ဟော်လိုသံတံခါးတွေနဲ့ခြံခတ်ပြီး ခွေးတွေလွှတ်ထားတယ်၊ လာဆော့သူတွေ အဝင်အထွက် ကားတစ်စီး လူဆယ်ယောက်ပါရင် စမတ်ကဒ် ဆယ်ခုပေးတယ်၊ ကားတစ်စီးလုံးရှာတယ်။ ပြန်ထွက် ကဒ်ပြန်အပ်ရင်လည်းရှာတယ်။ အဲတာတွေဟာ သူတို့ပိတ်လှောင်ထားတဲ့ သူတွေ ပါသွားမှာစိုးတာရယ်၊ သူတို့သတင်း အပြင်ပျံ့မှာစိုးတာရယ်ကြောင့် ခြံဝင်းတွေ အလုံပိတ်ထားတယ်။”

အဲ့ဒီနေရာမှာ လုံခြုံရေးစောင့်ကြပ် စစ်ဆေးနေသူတွေဟာ လျှပ်စစ်ကျင်စက်၊ လမ်းလျှောက်စကားပြောစက်တွေ ကိုင်ဆောင်ထားပြီး လောင်းကစားသူတွေနဲ့ ဝန်ထမ်းတွေကို အချိန်ပြည့် စောင့်ကြည့်နေတာမျိုး ရှိနေတာကြောင့် လောင်းကစားလုပ်ငန်းအပြင် အခြား တရားမဝင်ကိစ္စတွေလည်း ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။

အခု အလုပ်သမားတွေ ပိတ်လှောင်ခံထားရတဲ့နေရာဟာ BGF တပ်နယ် ၃ ဗိုလ်မှူးစိန်သန်း လုံခြုံရေးတပ်ဖွဲ့တွေ စိုးမိုးအုပ်ချုပ်တဲ့နေရာဖြစ်ပြီး အနီးဝန်းကျင်က ကွန်ဒိုအထပ်မြင့်တိုက်ခန်းတွေမှာလည်း ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေကို ပိတ်လှောင်ထားတာမျိုး ရှိနေတယ်လို့ မြဝတီမြို့ခံ အရပ်ဖက်အဖွဲ့အစည်းဝင် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ထပ်ပြီး အတည်ပြုပြောပါတယ်။

အဲဒီ မြဝတီမြို့က ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်လောင်းကစားရုံမှာ ပိတ်‌လှောင် ခိုင်းစေခံနေရသူ မြန်မာနိုင်ငံသားတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ထပ်မံအတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။

လတ်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း " ဝ " နယ် နဲ့ ကိုးကန့် ဒေသဘက်မှာ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေပြီး မြဝတီမြို့ ဘက်မှာလည်း ဖမ်းဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အခုအချိန်ထိတော့ လုပ်ငန်းတွေလည်ပတ်နေဆဲပဲလို့ မြဝတီမြို့နယ်၊ သောင်ရင်းမြစ်ဘေး BGF ၁၃ ဂိတ် ကာစီနိုမှာ အလုပ်လုပ်နေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်၊

“ဝ" နယ် ဘက်မှာတော့ ဖမ်းနေပြီ ကြားတယ်။ မြဝတီနဲ့ ရွှေကုက္ကိုမှာလည်း ဖမ်းတော့မယ် သတင်းကြားနေတယ်၊ ကျွန်မတို့ ၁၃ ဂိတ် BGF ကာစီနိုရုံတွေဘက်မှာတော့ အေးအေးဆေးဆေးပါပဲ။ လာဆော့ကြတဲ့ မြန်မာ‌တွေ ထိုင်းတွေ တရုတ်တွေလည်း ပုံမှန်လာဆော့နေတယ်၊ ဖမ်းတယ်လို့တော့မကြားမိသေးဘူး၊ တခြား တရုတ်အွန်လိုင်းလုပ်တဲ့ ရုံတွေဘက်မှာတော့ တရုတ်နဲ့ တခြားနိုင်ငံသားတွေ ရှိနေတယ်၊ အဲ့ဒီနေရာတွေကိုတော့ မြန်မာတွေပေးမဝင်ဘူး၊ BGF နဲ့ တရုတ်လုံခြုံရေးတွေ ရှိနေတယ်။

၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံတွင် ကျင်းပသည့် Global Gaming Expo Asia (G2E Asia) မှ မြင်ကွင်းတစ်ခု။ Photo : AFP
၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံတွင် ကျင်းပသည့် Global Gaming Expo Asia (G2E Asia) မှ မြင်ကွင်းတစ်ခု။ Photo : AFP

မြဝတီမြို့က ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက အခြေအနေနဲ့ ပတ်သက်ပြီး BGF တပ်နယ် ၃၊ မြဝတီမြို့ လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး စောတင်ဝင်း နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ ကို တယ်လီဖုန်းဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

လက်ရှိမှာတော့ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်အနီး BGF၊ DKBA ၊ KNU ထိန်းချုပ်နယ်မြေထဲက မြဝတီ၊ ရွှေကုက္ကို၊ ကျောက်ခက်၊ မယ်ထော်သလေး၊ ဝေါလေ ဒေသဘက်အထိ တရုတ်ကာစီနိုနဲ့ ၊ အွန်လိုင်း ငွေလိမ်လုပ်ငန်းကြီး အခု ၃၀ ထက်မနည်း ရှိနေပြီး၊ ကာစီနိုလောင်းကစားရုံ၊ တရားမဝင် အထပ်မြင့်လူနေတိုက်ခန်း‌ တွေအပြင် နိုက်ကလပ်၊ အရက်ဘားနဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်း၊ ငါးပစ်ဂိမ်းရုံ နေရာတွေ အခု ၃၀၀ ကျော် လောက် ရှိနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်၊

ထိုင်းမြန်မာနယ်စပ်က နယ်စပ်ဖြတ်ကျော် တရားမဝင် လူကုန်ကူးမှုတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နယ်မြေခံ ကရင်လက်နက်ကိုင်တပ်ဖွဲ့၊ စစ်ကောင်စီ တပ်ဖွဲ့‌တွေနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဖမ်းဆီး နှိမ်နှင်းတာမျိုး မကြုံဖူးသေးကြောင်းနဲ့ စီမံချက် ပုံစံ၊ စစ်ဆင်ရေး ပုံစံမျိုးနဲ့ ဖမ်းဆီးမှသာ ရနိုင်မယ်လို့ BGF နယ်ခြားစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဖြည့်စွက် ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။