မြန်မာပြည်အနှံ့ လောင်းကစားလုပ်ငန်းတွေ ပိုများလာ
2024.11.18

နေပြည်တော် အပါအဝင် နေရာဒေသတော်တော်များများမှာ လောင်းကစားတွေကို လိုင်စင်ရလုပ်ငန်းတွေလို လုပ်ကိုင်ခွင့်ရနေကြတယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။ ဘောလုံးပွဲလောင်းတာ၊ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းတွေပိုပြီး များလာတာပါ။
မြန်မာပြည်ရဲ့ဥပဒေအရ လောင်းကစားကို တားမြစ်ထားပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် လောင်းကစားလုပ်ငန်းတွေမှာ ရဲ၊ စစ်တပ်နဲ့ ဒေသခံအာဏာပိုင်တွေကို လိုင်းကြေးလို့ခေါ်တဲ့ လာဘ်ငွေပေးပြီး လည်ပတ်နေတာပါ။ ဒါပေမဲ့ အာဏာမသိမ်းခင်ကထက် အခုကာလမှာ ပိုများလာပြီး ထင်ထင်ပေါ်ပေါ် လုပ်နေတာလို့ ပြောကြပါတယ်။
“နှစ်လုံးရယ်၊ ဖဲရယ်က တော်တော်အဆော့များတယ်"
နေပြည်တော်နားတစ်ဝိုက်မှာဆိုရင် ယာယီတဲကြီးတွေ အခိုင်အမာထိုးပြီး လောင်းကစားပွဲတွေ နေ့တိုင်း စည်စည်ကားကား ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၂၀၂၁ အကုန်ပိုင်းလောက်မှာဆိုရင် ဒီမြို့ရွာအနှံ့တွေမှာ ဘိတ်ဆုံး ဒီ နေပြည်တော်နဲ့နီးတဲ့ နေရာဝန်းကျင်မှာတောင်မှ ဒီလောင်းကစားဝိုင်းတွေရှိတယ်။ ဒါတွေကလည်း သူတို့ ဒေသဆိုင်ရာပေါ့ဗျာ အဓိက ကတော့ ဒီအုပ်ကြီးတွေရယ်၊ ဒီဆယ်အိမ်ခေါင်းတွေရယ် သူတို့တွေကို ဒါ လိုင်းကြေးတွေပေးကြတယ်။ ပေးပြီးတော့မှ ဒီဆိုင်ရာတွေပေါ့ ရဲတွေ၊ စခန်းတွေကို ပေးကြတယ်။ ပေးပြီးတော့မှ တွင်တွင်ကျယ်ကျယ် လုပ်လာကြတာပေါ့။ တစ်ချို့ဆို တဲကြီးတွေ ထိုးပြီးတော့မှ မိုးလုံလေလုံ လုပ်ကြတယ်”
လောင်းကစားအမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့လာဘ်ငွေကို ပမာဏလည်း ကွာပါတယ်။ တချို့ လောင်းကစားတွေအတွက် ကျပ်သိန်းဆယ်နဲ့ချီပြီးပေးရတယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလှုပ်ရှားမှု ပိုဆိုးလာ
ရန်ကုန်နဲ့ မန္တလေးမှာ ဖမ်းမိတဲ့ အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂ဝ ဦးကို တရုတ်ကို လွှဲပြောင်း
တရုတ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၄၆၀ ခန့်ကို စစ်ကောင်စီ အမှုဖွင့်
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက် တွေမှာဆိုရင်လည်း နှစ်လုံးထီ၊ သုံးလုံးထီနဲ့ ဖဲဝိုင်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်လို့ ထန်းတပင်မြို့နယ်သား တစ်ယောက်က ပြောပါတယ်။
“နှစ်လုံးရယ်၊ ဖဲရယ်က တော်တော်အဆော့များတယ်။ ကျွန်တော်တို့ဆီမှာ အဲ နှစ်လုံး၊ ဖဲက အသုဘမရှိလဲ ဆော့တယ်။ အသုဘရှိလည်း ဆော့တယ်။ နှစ်လုံးကတော့ စနေ တနင်္ဂနွေပဲနားတယ် ကျန်တဲ့ရက်တွေ အကုန်ဆော့တယ်။ ည မနက်လည်း ဆော့တယ်။ ပြီးရင် ဖဲကကျတော့ အသုဘမရှိလည်း ကြိတ်ဝိုင်းတွေရှိတယ်။ လမ်းဘေးပုန်းဝိုင်းတွေလည်း ရှိတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါ တော်တော်များတယ်”
ရပ်ထဲရွာထဲမှာ လောင်းကစားဝိုင်းတွေရှိနေသလို အွန်လိုင်းလောင်းကစား လုပ်ငန်းတွေလည်း ပေါ်ပေါ်ထင်ထင်လုပ်လာကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း ပြည်မြို့နယ်မှာတော့ မြို့ရဲ့ အစွန်အဖျားတွေနဲ့ ရွာဘက်တွေမှာ လောင်းကစားဝိုင်းတွေ ပိုများလာတာ တွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ရွာဘက်တွေမှာဆိုရင် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးတွေ ဖြစ်လာတယ်ပေါ့။ မြို့အစွန်ရွာတွေဆို ပိုဆိုးတယ်ပေါ့။ မြို့ပေါ်တွေမှာလည်း ရှိတယ်။ နယ်ဘက်တွေမှာလည်း ရှိတယ်။ အဲလို မြို့ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆိုလည်း တော်တော်များများ ဒါတွေနဲ့ပဲ လုပ်ကိုင်စားသောက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်”
အာဏာသိမ်းပြီးနောက် စီးပွားရေးပိုကျပ်တည်းလာတဲ့အတွက် လူတွေက ငွေရလွယ်မယ်ထင်တဲ့ အလောင်းအစားတွေကို ပိုပြီးကစားလာကြတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ငွေရမလွယ်ဘဲ အကြွေးသံသရာလည်နေပြီး အခက်အခဲဖြစ်တာများတယ်လို့ ကိုယ်တွေ့ကြုံနေတဲ့သူ တစ်ဦးက ပြောပါတယ်။
“မိသားစုအရေး အဆင်မပြေတော့ အဲဒါတွေ လုပ်ကြမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မိသားစုတွေ တော်တော်များများရှိတယ်။ အဲဒီ နှစ်လုံး၊ သုံးလုံး၊ ဖဲ အဲဒါတွေဆော့တာများလို့ တော်တော်ပျက်စီးတာတွေရှိပါတယ်။ ဆုံးရှုံးထားပြီးသွားပြီ ငါးဆယ်ကျော် (ကျပ်ငွေသိန်းငါးဆယ်) လောက်ဆုံးရှုံးထားတယ်”
အပိုဝင်ငွေရဖို့ နှစ်လုံးထီ၊ သုံးလုံးထီကစားပြီး ရှုံးတဲ့အတွက် နေ့ပြန်တိုးချေးရာကနေ အကြွေးတွေ ထပ်ထပ်ပိလာရတာလို့ သူက ဆိုပါတယ်။
အခုလိုဖြစ်နေတဲ့အတွက် အာဏာရှင်တွေဘက်က အုပ်ချုပ်ရတာ ပိုလွယ်ကူစေတယ်လို့ အလုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ပြည့်က ပြောပါတယ်။
“အာဏာရှင်နိုင်ငံတွေကျတော့ သူက လောင်းကစားကို ခွင့်ပြုရတဲ့ အကြောင်းအရင်းက သူက ပုံစံမတူဘူး။ သူက နိုင်ငံတော်ကောင်းဖို့အတွက် မဟုတ်ဘဲနဲ့ လူတွေက သူတို့ မတရားအုပ်ချုပ်နေတာကို မေ့ပျောက်ပြီးတော့မှ လောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဘဝက လုံလည်ခြာလည်လိုက်ပြီးတော့ ငတ်ပြတ်ဒုက္ခရောက်၊ အဆင်မပြေမှုတွေဖြစ်တဲ့အခါကျလို့ရှိရင် ဒါဟာ အစိုးရကြောင့် မဟုတ်ဘူး။ ငါတို့ လောင်းကစားလုပ်နေလို့ လောင်းကစားကြောင့် ရှုံးတယ်ဆိုတဲ့အမြင်မျိုး ငါတို့ မူးယစ်ဆေးဝါးသုံးလို့ ဒုက္ခရောက်နေတယ်ဆိုတဲ့ အမြင်မျိုး မြင်အောင်လို့ ဖန်တီးတာဖြစ်တယ်”
အခုလို လောင်းကစားဝိုင်းတွေ ပေါများလာတဲ့အတွက်၊ ခိုးဆိုးလုယက် ခါးပိုက်နှိုက်တာတွေလည်း ပိုများလာစေပြီး၊ လူတွေရဲ့လုံခြုံမှုကို ခြိမ်းခြောက်လာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။