ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား နှစ်ရာ နေရပ်ပြန်ပို့

RFA Burmese
2025.02.20
ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား နှစ်ရာ နေရပ်ပြန်ပို့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပို့ဆောင်လိုက်သည့် တရုတ်နိုင်ငံသားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ နန်ကျင်းလေဆိပ်တွင် တွေ့ရစဉ်။
Ji Chunpeng/Xinhua via AP

[Update: 5: 00 PM, Feb 20, 2025]

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးချိန် တွေ့ရှိထားတဲ့ တရုတ်နိုင်ငံသားတွေထဲက ပထမဆုံးအသုတ်အဖြစ် လူပေါင်း နှစ်ရာကို ဖေဖော်ဝါရီလ ၂၀ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပေးလိုက်တယ်လို့ BGF က ပြောပါတယ်။

စစ်ဆေးတွေ့ရှိထားတဲ့ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ထဲက နှစ်ရာကို စတင်လွှဲပြောင်းပေးလိုက်တာလို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

“G to G (အစိုးရချင်း)လွှဲတာပေါ့။ ကျွန်တော်တို့ကတော့ ရှာဖွေဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို အပ်ပြီးပြီလေ။ အဲကနေပြီးမှ G to G လွှဲပေးတာ အစ်ကိုတို့က လိုက်ပို့ပေးတာပေါ့နော်။ မနက်ဖြန် လွှဲပေးမဲ့ အရေအတွက်ကို မသိရသေးဘူး။ လက်ရှိ အစ်ကိုတို့ စစ်ဆေးပြီးသား အားလုံး ၁၅၃၀ ဦး ရှိတယ်။ အဲဒီထဲမှာမှ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ရှိတယ်။ လက်ရှိ ဆက်ဖမ်းနေတုန်းပဲ အဲဒါတွေက အစ်ကိုတို့ စည်းကမ်းထိန်းသိမ်းရေးကို လာမအပ်ရသေးဘူး"

ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကို ဒီနေ့ကစပြီး သုံးရက်ဆက်တိုက် လွှဲပြောင်းပေးဖို့ ရှိပေမဲ့ မနက်ဖြန်မှာ အရေအတွက် ဘယ်လောက် လွှဲပြောင်းမလဲဆိုတာကိုတော့ လတ်တလော မသိရသေးဘူးလို့ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ကျားဖြန့်နဲ့ဆက်စပ်သူ တစ်ထောင်ကျော် ဖော်ထုတ်ထားကြောင်း BGF ပြော

မြို့တွင်းစက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ခံတွေ မဲဆောက်မြို့မှာ တန်းစီဝယ်ယူနေရ

ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေရှိရင် အကြောင်းကြားဖို့ DKBA ပြော


မြဝတီနဲ့ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့နိုင်ဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ အစိုးရကိုယ်စားလှယ်တွေ ဖေဖော်ဝါရီလ ၁၉ ရက်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီတပ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစလို့ မြဝတီနဲ့ ရွှေကုက္ကိုအတွင်းက ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက် ဝင်ရောက် ဖမ်းဆီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

"လက်ရှိ အစ်ကိုတို့ စစ်ဆေးပြီးသား အားလုံး ၁၅၃၀ ဦး ရှိတယ်။ အဲဒီထဲမှာမှ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ရှိတယ်။ လက်ရှိ ဆက်ဖမ်းနေတုန်းပဲ အဲဒါတွေက အစ်ကိုတို့ စည်းကမ်းထိန်းသိမ်းရေးကို လာမအပ်ရသေးဘူး"

တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးရက်အတွင်း လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ လေယာဉ်နဲ့ ၁၆ ကြိမ်ခေါ်ယူဖို့အတွက် China Southern Airlines လေယာဉ်တွေ စင်းလုံးငှားထားတယ်လို့ ထိုင်းနိုင်ငံဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မြန်မာဘက်ကနေ ဒီနေ့ လွှဲပြောင်းပေးလိုက်တဲ့ တရုတ်နိုင်ငံသား နှစ်ရာကို မဲဆောက်မြို့ နိုင်ငံတကာလေဆိပ်ကတစ်ဆင့် တရုတ်နိုင်ငံကို ပို့ဆောင်နေတယ်လို့ ဒီအခြေအနေကို သိရှိထားတဲ့ မဲဆောက်မြို့ ရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။

"အမှတ်-၂ တံတားဘက်ကနေပြီးတော့ ဗမာဘက်ကတော့ ပို့လာတာပေါ့လေ။ ကားက ပထမနှစ်စီးလာတယ်။ နောက်ထပ် ၉ နာရီခွဲလောက်မှာ နှစ်စီး၊ အားလုံးပေါင်း လေးစီးပေါ့။ မြန်မာဘက်က အကုန်လုံးစိစစ်ပြီးတော့ ထိုင်းဘက်ကို ပို့လိုက်တယ်။ ဒီ Transportation ကားဝင်းကြီး နေရာရောက်ပြီးတော့ ပြန်စိစစ်ပြီးတော့မှ လေဆိပ်ကိုပို့တယ်လို့ ထင်တယ်"

ဒီနေ့မှာ မဲဆောက်မြို့ ပတ်ဝန်းကျင်မှာ ထိုင်းစစ်တပ်က ပုံမှန်ထက် လုံခြုံရေး ပိုတိုးချထားတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းမှ တရုတ်နိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းဘက်သို့ ပို့ဆောင်နေစဉ် လုံခြုံရေးယူထားသည့် ထိုင်းစစ်တပ်မှ တာဝန်ရှိသူများကို တွေ့ရစဉ်။ (Citizen Photo)
မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းမှ တရုတ်နိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းဘက်သို့ ပို့ဆောင်နေစဉ် လုံခြုံရေးယူထားသည့် ထိုင်းစစ်တပ်မှ တာဝန်ရှိသူများကို တွေ့ရစဉ်။ (Citizen Photo)

မြဝတီနဲ့ ရွှေကုက္ကိုက ကျားဖြန့် လုပ်ငန်းတွေကို နေ့တိုင်း ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေပေမဲ့ တချို့လုပ်ငန်းတွေက ကျန်နေသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အောင်ဇမ္ဗမူဝင်းထဲမှာ တရုတ်တွေကို ထားပေးတယ်။ ရှေ့တန်းရုံးမှာ ထားပေးတယ်။ တစ်နေ့ကို ငါးရာ၊ တစ်ထောင်ဖမ်းတယ်။ ဖမ်းပြီးရင် မေးတယ်၊ မြန်းတယ်။ သူတို့ဆန္ဒနဲ့လာတာလား။ ဒါမှမဟုတ်ရင် ကိုယ့်ဟာကိုယ် လာတာလား။ အဲဒီလိုမေးပြီးတော့ ပြီးရင် အမှတ်-၁ ၊ အမှတ်-၂ တံတားတွေကနေ Express တွေနဲ့ ပို့တယ်။ အံစာတုံးတွေနဲ့ ပို့တယ်။ ရွှေကုက္ကိုဟိုဘက်ဆိုက်တွေ ပြီးတော့ မနေ့က ညီမတို့ မြဝတီမြို့တွင်းမှာရှိတဲ့ ရုံတွေကို အကုန်လိုက်ဖမ်းတယ်။ ကျားဖြန့်ရော နယ်မြေရှင်းလင်းရေးရော လုပ်တယ်ဆိုပေမဲ့ မြန်မာရုံတွေက ကျန်သေးတယ်။ တရုတ်ရုံတွေက ပိတ်တယ်"

ကျားဖြန့် နှိမ်နင်းရေးအတွက် မြဝတီ၊ ဘုရားသုံးဆူ အပါအဝင် နေရာငါးနေရာကို ထိုင်းဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့စပြီး သယ်ယူခွင့် ပိတ်လိုက်တာကြောင့် မြန်မာဘက်ခြမ်းက မြို့ခံတွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် တရုတ်နိုင်ငံသားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က လေယာဉ်နှင့် ပို့ဆောင်စဉ်။  (Citizen Photo)
ထိုင်းနိုင်ငံ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် တရုတ်နိုင်ငံသားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က လေယာဉ်နှင့် ပို့ဆောင်စဉ်။ (Citizen Photo)

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ မတိုက်ဖျက်နိုင်မချင်း မြန်မာဘက်ခြမ်းကို အင်တာနက်၊ လျှပ်စစ်နဲ့ လောင်စာဆီ ဆက်ပြီး ဖြတ်တောက်ထားဖို့ ထိုင်းအစိုးရကို တရုတ်အစိုးရက တောင်းဆိုထားတယ်လို့ ဖေဖော် ဝါရီလ ၁၈ ရက်နေ့က ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီနှစ် ဇန်နဝါရီလ အစောပိုင်းကတည်းက ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လုပ်ငန်းနှိမ်နင်းရေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံတကာရဲ့ ဖိအားကို ကြုံနေရတဲ့ ကရင်လက်ကိုင်တပ်နှစ်ဖွဲ့ဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့ဟာ ဖေဖော်ဝါရီလကစပြီး သူတို့ ထိန်းချုပ်နယ်မြေအတွင်း ဆက်တိုက်စစ်ဆေးဖမ်းဆီးလာတာပါ။

BGF နဲ့ DKBA နှစ်ဖွဲ့ဟာ ဖေဖော်ဝါရီလ အစောပိုင်းမှာ ကျားဖြန့် လုပ်ငန်းတွေက ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၃၂၂ ဦးကို ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ ငွေလိမ် ဂိုဏ်း (ကျားဖြန့်) တွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဓိကတာဝန်ရှိတဲ့ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းမိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သားကောင်ဖြစ်ရတဲ့သူတွေကို ကယ်ထုတ်တာက အရေအတွက် သောင်းဂဏန်းနဲ့ချီပြီး လွတ်သွားတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ (Big Fish)ပေါ့ ငါးကြီးကြီးဖမ်းမိဖို့ကကျ တကယ်ကျုးလွန်တဲ့ ရာဇဝတ်ကောင်တွေ ဖမ်းမိဖို့က ခက်မယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံရေးပြဿနာလို ဖြစ်လာမယ် ကြာရင်လေ။ ဗမာပြည်မှာကျ တော့ ပဋိပက္ခရှိနေတယ်။ နောက်တစ်ခါ အဂတိလိုက်စားမှုတွေကလည်း ရှိနေတယ်။ Rule Of Law မခိုင်ဘူး။ ဗဟိုအစိုးရရဲ့ အာဏာစက်မသက်ရောက်တဲ့ နေရာတွေကလည်း အများကြီးပဲပေါ့နော်။ ဆိုတော့ အဲတော့ ဒီနေရာမှာပျောက်သွားမယ်။ ကျန်တဲ့နေရာမှာ ပြန်ပေါ်လာမယ်။ ဒါမျိုးတွေ ဖြစ်ဖို့များပါတယ်"

ဒါကြောင့် ငွေလိမ်ဂိုဏ်းတွေနှိမ်နင်းရေးဟာ မူးယစ်ဆေးဝါးပြဿနာလို နှစ်ရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်မှသာ အောင်မြင်နိုင်မယ်လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။