မြို့တွင်းစက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ခံတွေ မဲဆောက်မြို့မှာ တန်းစီဝယ်ယူနေရ

RFA Burmese
2025.02.11
မြို့တွင်းစက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ခံတွေ မဲဆောက်မြို့မှာ တန်းစီဝယ်ယူနေရ မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ ဘီဝမ်း ဓာတ်ပုံ

ထိုင်းအစိုးရက ကရင်ပြည်နယ် မြဝတီမြို့ကို စက်သုံးဆီတင်သွင်းတာ ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာ စက်သုံးဆီ စျေးနှုန်းတွေ အဆမတန် မြင့်တက်သွားပြီး မြို့တွင်းမှာ ဆီပြတ်လပ်သွားတာကြောင့် မြို့ခံတွေ မဲဆောက်မြို့အထိ ဆီသွားရောက်ဝယ်ယူနေကြပါတယ်။

မဲဆောက်မြို့မှာ ဆီသွားဝယ်ဖို့အတွက် မြဝတီမြို့ ချစ်ကြည်ရေး တံတားဂိတ်ကနေ ယာဥ်အစီးရေ ထောင်နဲ့ချီပြီး တန်းစီနေကြရတယ်လို့ မြဝတီ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆီပြတ်နေတာ တစ်ပတ်လောက် ရှိသွားပြီလေ။ ဆီပုံးအဝါဆိုရင် တစ်သိန်းရှစ်သောင်းကနေ သုံးသိန်းခွဲအထိ စျေးတက်လာတယ်။ အဲဒါ တစ်နေ့ကို အစီးပေါင်း ငါးရာ၊ တစ်ထောင်လောက်အထိရှိတယ်။ ကိုက်ငါးရာလောက်အထိ တန်းစီနေရတာ။ ချစ်ကြည်ရေး တံတားထိပ်ကနေ ရွှေမင်းဝံ ဘုရားတည့်တည့်ပေါ့။ အဲဒီလောက်အထိ ကားတန်းကပိတ်ပြီး ရပ်ထားရတယ်။ အရင်တုန်းက မှောင်ခိုပုံးတွေနဲ့ သွားတယ်။ အခုထိုင်းဘက်အခြမ်းက ပုံးတွေနဲ့ မပေးတော့ဘူးဆိုတဲ့အခါကျတော့ ကားတွေကိုလည်း အပြည့်မပေးထည့်တော့ဘူးပေါ့နော်”

ထိုင်းဘက်က စက်သုံးဆီတင်သွင်းတာ မဖြတ်တောက်ခင် ဇန်နဝါရီက ဓာတ်ဆီ တစ်လီတာကို ၃၅၀၀ ကနေ ၄၀၀၀ ကြားရှိပြီး အခုတော့ တစ်လီတာကို မြဝတီမြို့မှာ နှစ်သောင်းဝန်းကျင်အထိ စျေးမြင့်တက်သွားပြီး ရွှေကုက္ကိုဘက်မှာဆိုရင်တော့ နှစ်သောင်းခွဲကျော်အထိ ဖြစ်သွားပြီလို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ စက်သုံးဆီဆိုင် ငါးဆယ်နီးပါးရှိပေမဲ့ အခုတော့ သုံးဆိုင်ခန့်သာ အချိန်အကန့်အသတ်နဲ့ဖွင့်ပြီး ကျန်တဲ့ဆိုင်တွေအားလုံး ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဖွင့်တဲ့ဆိုင်တွေမှာလည်း တန်းစီစောင့်ဆိုင်းရတဲ့ ဒေသခံ ထောင်နဲ့ချီ ရှိနေပါတယ်။

“နယ်စပ်ပေါက်တွေကနေ ဆီမှောင်ခိုသယ်တဲ့သူတွေကိုလည်း ထိုင်းအစိုးရဘက်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေပါတယ်”

အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် မြန်မာနယ်စပ်မှာရှိတဲ့ မြဝတီ၊ ရွှေကုက္ကို၊ တာချီလိတ်တို့က နေရာငါးနေရာကို ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားတာပါ။

နယ်စပ်ပေါက်တွေကနေ ဆီမှောင်ခိုသယ်တဲ့သူတွေကိုလည်း ထိုင်းအစိုးရဘက်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး မြဝတီမြို့နယ်အတွင်း စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်လိုက်ပါတယ်။

မဲဆောက်မြို့မှာလည်း မြန်မာဘက်က စက်သုံးဆီ ဝယ်ယူတဲ့သူတွေ များနေတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဆီဆိုင်တချို့ကို ပိတ်လိုက်တယ်လို့ မြဝတီ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသည့် ယာဥ်တန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ဘီဝမ်း ဓာတ်ပုံ)
မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသည့် ယာဥ်တန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ဘီဝမ်း ဓာတ်ပုံ)

ဖေဖော်ဝါရီ ၁၁ ရက် ဒီနေ့မနက်မှာတော့ မဲဆောက်မှာရှိတဲ့ PTT စက်သုံးဆီဆိုင် အပါအဝင် ဆီဆိုင်အများစုက မြန်မာကားတစ်စီးကို ထိုင်းဘတ်ငွေ ငါးရာဖိုးသာ ရောင်းချပေးတော့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ နောက်ထပ် မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟိုဘက်ကမ်းက မြန်မာနံပါတ်နဲ့ဆိုရင် ငါးရာဖိုးပဲ ထည့်ပေးတယ်။ လိုချင်သလောက် မရတော့ဘူး။ ကားများလို့ဆိုတာထက် သယ်တာများပြီး သူတို့ ဒီဘက်အခြမ်းမှာ လာရောင်းတဲ့သူ များလို့ပေါ့”

လက်ရှိ မြဝတီမြို့မှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် မြို့တွင်းက လုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်နေပြီး ကုန်ဈေးနှုန်တွေလည်း မြင့်တက်လာတယ်လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြို့ခံတွေကတော့ အတော် ထိခိုက်တာပေါ့။ ဆီမရှိတော့ အစစအရာရာ အကုန်လုံးဈေးတွေလည်း တက်ကုန်တာပေါ့။ ဟိုနားဒီနားသွားလည်း အရင်က နှစ်ထောင်လောက်နဲ့ ရတဲ့နေရာက မရတော့ဘူး။ သုံးလေးထောင်တွေ ဖြစ်ကုန်တာပေါ့။ မော်လမြိုင် ကားခတွေလည်း တက်မယ်။ ဘာလို့ဆို ဟိုက ဆီတွေ ပြန်ယူလာလို့မရဘူး။ နည်းနည်းပါးပါးပဲရတာ။ ဟိုနေ့ကဆိုရင် ရေသန့်ဘူးထဲ ထည့်လာတာတောင် မရဘူး။ သူတို့က ဆွဲချတာ”

စက်သုံးဆီမရှိလို့ ဆေးရုံတွေမှာ လျှပ်စစ်မီး မပေးနိုင်တော့တာကြောင့် ပရဟိတအဖွဲ့တွေက ဆိုလာမီးလုံးတွေကို ကူညီပေးနေကြပါတယ်။ မီးစက်နဲ့ လည်ပတ်ရတဲ့ ရပ်ကွက်အလိုက် ရေပေးဝေတဲ့ လုပ်ငန်းတွေလည်း ပုံမှန် မလည်ပတ်နိုင်တော့တာကြောင့် သောက်သုံးရေ ပုံမှန်မရတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မြဝတီမြို့ကို စက်သုံးဆီသယ်ဆောင်ခွင့် စစ်ကောင်စီပိတ်ပင်

မဲဆောက်မှာ မြန်မာဘက်က စက်သုံးဆီ ဝယ်သူများလို့ ဆီဆိုင်တချို့ပိတ်

ကျားဖြန့်ဂိုဏ်းက နိုင်ငံခြားသား တစ်ရာကျော် လွှဲပြောင်းပေးမယ်လို့ DKBA ပြော


မြဝတီမြို့ခံတွေ စက်သုံးဆီပြတ်လပ်မှု ကြုံနေရတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ အခြေစိုက်ထားတယ်လို့ နာမည်ကြီးနေတဲ့ မြဝတီနဲ့ ရွှေကုက္ကိုမြို့တွေဟာ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ကတော့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ဒေသတွင်း စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ အခြေအနေတွေ ပြေလည်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြဝတီမြို့နယ် ကျောက်ခက်ဒေသ ကရင်နယ်ခြားစောင့် တပ် DKBA စစ်ဦးစီးချုပ်ရုံးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းဘက်က စက်သုံးဆီနဲ့ လျှပ်စစ်မီး ဖြတ်တောက်တဲ့ကိစ္စအတွက် အထက်ပိုင်းတာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့သာ တာဝန်ရှိသူတစ်ဦးက ပြန်လည် ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။