တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်နေချိန် အကျဉ်းသား နှစ်ထောင်ကျော် ပြန်လွတ်လာ

RFA Burmese
2023.05.03
တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်နေချိန် အကျဉ်းသား နှစ်ထောင်ကျော် ပြန်လွတ်လာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက မေလ ၃ ရက် ဒီနေ့ မှာ ဗုဒ္ဓမွေးနေ့ ကဆုန်လပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းချခံထားရသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းခွင့် ၁၂ ကြိမ်ပေးခဲ့ပြီး အခုတစ်ကြိမ်ဟာ နိုင်ငံရေး အကျဉ်းသား အများဆုံး ပြန်လွှတ်ပေးမှုဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

"၅၀၅-ကနဲ့ စွဲပြီး တခြားပုဒ်မတွေနဲ့ ပူးတွဲစွဲဆိုခံထားရသူတွေ ကျန်နေခဲ့ဦးမယ်"

အဲဒီအကျဉ်းသား၊ အကျဉ်းသူ အားလုံးဟာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တမျိုးတည်းနဲ့ပဲ တရားစွဲ ထောင်ချခံထားရသူတွေဖြစ်ပြီး၊ လွတ်ရက်စေ့ဖို့ လအနည်း ငယ်သာ လိုတော့သူတွေဖြစ်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောပါတယ်။

"၅၀၅-က ပုဒ်မ တစ်ခုတည်းနဲ့စွဲပြီး ထောင်ကျမယ်၊ ပြီးရင် ကျခံရန် ကျန်ကာလ တစ်နှစ်အောက်သမားပဲပါမှာ။ ဒီ ၅၀၅-က တွေပဲ သီးသန့်လွှတ်တာပေါ့။ ၅၀၅-က ပုဒ်မ တစ်ခုတည်းနဲ့ပဲ တရားစွဲ ထောင်ချပြီးတော့မှ ထပ်ပြီးကျခံရမယ့် ကျန်ကာလက တစ်နှစ်အောက်ကိုပဲ လွှတ်ပေးတာ။ ကျန်ခံရန် ကျန်ကာလ တစ်နှစ်အထက်လူတွေ ကျန်နေခဲ့မယ် (မလွတ်သေးဘူး)။ ပြီးရင် ၅၀၅-ကနဲ့ စွဲပြီး တခြားပုဒ်မတွေနဲ့ ပူးတွဲစွဲဆိုခံထားရသူတွေ ကျန်နေခဲ့ဦးမယ်"

စစ်ကောင်စီရဲ့ ကြေညာချက်တိုင်းမှာ ပြန်လွတ်လာသူတွေကို အပြီးအပြတ် လွှတ်ပေးတာမျိုး မဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ခဲ့ရင် အဲဒီပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ နှစ်ခုပေါင်း ကျခံရမယ်ဆိုတာကို ဖော်ပြထားပါတယ်။

ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲအတွင်း ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတဲ့ Myanmar Press Photo Agency (MPA) က ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း ပါဝင်စေချင်တယ်လို့ နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်တဲ့ NLD ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်း က ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ သူ့ခင်ပွန်း ပြန်လွတ်လာဖို့ မမျှော်လင့်ထားပေမယ့် ကိုကောင်းဆက်လင်းရဲ့ မိခင်ကွယ်လွန်သွားပြီး ဒီနေ့ နောက်ဆုံးဈာပနမို့ သားဖြစ်သူကို လွတ်လာစေချင်တယ်လို့ အင်းစိန်ထောင်ရှေ့မှာ ရောက်နေတဲ့ ဒေါ်ခင်စန္ဒာဝင်းက ဒီနေ့မနက်ပိုင်းက RFA ကို ပြောပါတယ်။

"အင်းစိန်ကနေ ဒီကနေ့ လွှတ်တာ ၃၀၀ နီးနီးပဲ၊ ဒါပေမဲ့ ကျွန်မ ယောကျာ်းကို မမျှော်လင့်ဘူး။ ကျွန်မ မျှော်လင့်နေတာ ကောင်းဆက်လင်း ဆိုတဲ့ သတင်းသမားလေးပါ။ သူသည် သုံးနှစ် ကျခံထားရတာ။ ဒီကနေ့မှာ သူ့အမေက နေ့လယ် ၁ နာရီမှာ အသုဘချမှာ။ သူလွတ်ပါစေလို့ ဆုတောင်းနေတယ်"

ကိုကောင်းဆက်လင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ် ချမှတ်ထားတာပါ။

ဒီနေ့ အင်းစိန်ထောင်က ပြန်လွတ်လာသူတွေထဲမှာ စစ်ခုံရုံးကနေ ပြစ်ဒဏ်ချမှတ် ခံထားရသူတွေ မပါဝင်သလို၊ ပုဒ်မ ၅၀၅-က အပြင် မတရားအသင်း ဆက်သွယ်မှု၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စွပ်စွဲခံထားရသူတွေ မပါဝင်ပါဘူး။

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွတ်စေချင်တယ်လို့ ဒီနေ့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ အလွတ်သတင်းထောက် ကိုဇော်လင်းထွဋ် က ပြောပါတယ်။

"ကျန်ခဲ့တဲ့သူတွေ ရှိနေပါသေးတယ်။ ဒါ ကျွန်တော်တို့က ၅၀၅-က နဲ့ တရားစွဲဆို ခံထားရသူတွေပဲ။ တခြားသော ပုဒ်မတွေ၊ လက်နက်မှုတွေ၊ သူတို့ စွပ်စွဲထားတဲ့ အမှုတွေ အများကြီးရှိပါသေးတယ်။ အဲဒီလူတွေအတွက် ပြည်သူတွေက ဆက်ပြီးတောင့်ခံထား ပေးပါလို့ ပြောချင်တယ်။ စိတ်ဓာတ်အင်အား အရရော၊ စားဝတ်နေရေး အရရော၊ နောက်ဆုံး တော်လှန်ရေးစိတ်ဓာတ်ကို အရှိန်မြှင့်ပေးကြပါလို့ ပြောချင်တယ်"

ကိုဇော်လင်းထွဋ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့က ဆန္ဒပြပွဲတစ်ခုကို သတင်းရိုက်ကူးဖို့အသွား လမ်းခုလတ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီနောက် ပုဒ်မ ၅၀၅ - က နဲ့ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒီနေ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီမတိုင်ခင် ဧပြီလ ၁၆ ရက်နေ့ကလည်း တရုတ်ကွန်မြစ်နစ်ပါတီ နိုင်ငံတကာဆက်ဆံရေးညွှန်ချုပ် Peng Xiubin လည်း နေပြည်တော်ကို ရောက်လာပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုအချိန် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာ မျက်နှာစာမှာ အပြကောင်းဖို့အတွက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“ဒါကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာပေါ့ဗျာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာနေတဲ့အချိန်မှာ ဒီဟာက နိုင်ငံတကာမျက်နှာစာ ဖြစ်တာကိုး။ နိုင်ငံတကာမျက်နှာစာမှာ အပြကောင်းအောင် စစ်ရေးအရ တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ မပတ်သက်တဲ့ လူတချို့ကို ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ပဲ ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်”

စစ်ကောင်စီရဲ့ မေလ ၂ ရက် မနေ့က ထုတ်ပြန်ချက်မှာလည်း မစ္စတာ ချင်ကန်းက ဒီခရီးစဉ်ဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး၊ နိုင်ငံတကာ မျက်နှာစာမှာ တရုတ်က မြန်မာနိုင်ငံဘက်က ရပ်တည်နေတယ်ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို ရောက်လာတာနဲ့ အကျဉ်းသားတွေ လွှတ်ပေးတာဟာ ဆက်စပ်မှုမရှိဘူးလို့ ပြောပါတယ်။

“တရုတ်က လာလို့ဖြစ်ဖြစ်၊ အမေရိကန်က လာလို့ဖြစ်ဖြစ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် လွှတ်ပေးတဲ့ဟာမျိုးက ကျွန်တော်တို့က အဲဒီနိုင်ငံရဲ့ ကိုလိုနီမှ မဟုတ်တာ။ လွှတ်ပေးတယ် ဆိုတဲ့ စီမံကိန်းကလည်း ချက်ချင်း ဒီနေ့ ဧည့်သည်လာလို့ နောက်နေ့ ကပ်လွှတ်ဆိုတဲ့ ဟာမျိုး လုပ်လို့မရဘူးလေ။ လွှတ်တယ်ဆိုတဲ့ဟာလည်း အကျဉ်းသား ထောင်ဂဏန်း ဆိုတာ သူတို့ကို စိစစ်ရမယ်။ လက်ကျန်အမှုတွေက ဘယ်လောက်ဘာညာ ဒါမျိုးတွေ အများကြီးရှိတာကိုး။ လွှတ်မယ်ဆိုတာ နဂိုကတည်းက အစီအစဉ်ချပြီးသားဖြစ်တဲ့ အတွက် ဒါမျိုးက တိုက်ဆိုင်တာလို့ ပြောလို့ရပါတယ်။ ဘာမှ ဆက်စပ်စရာ အကြောင်းမရှိပါဘူး”

နောက်ထပ် ဖြေလျှော့မှုတွေ ရှိ၊ မရှိ ဆိုတာကတော့ နိုင်ငံတည်ငြိမ်မှု၊ ထိန်းချုပ်နိုင်မှုနဲ့ လုံခြုံရေး အခြေအနေတွေပေါ် မူတည်လိမ့်မယ်လို့ သူက ဆိုပါတယ်။

တိုင်းပြည်အကျပ်အတည်းဆိုက်ပြီး နိုင်ငံရေးထွက်ပေါက် ပိတ်နေတဲ့အချိန်မျိုးမှာ စစ်ကောင်စီက ဒီလိုလုပ်ရပ်တွေကို ဟန်ပြလုပ်လေ့ရှိတယ်လို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“စစ်ကောင်စီအတွက်ကတော့ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေတော့ နိုင်ငံရေး ထွက်ပေါက်ရရေးအတွက် သူက ဟန်ဆောင်ပြီး လုပ်ကိုင်ပြတာတွေ ရှေလျှောက်လည်း လုပ်ပြစရာတွေ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ တကယ့်အခိုင်အမာ ရေရှည်ခံမယ့် စစ်အာဏာရှင် စနစ်ကို ရေရှည်ချိုးဖဲ့နိုင်မယ့်၊ ယိုင်နဲ့နိုင်မယ့် ပြုပြင်ပြောင်းလဲရေးတွေပါမှာ မဟုတ်ဘူး။ သူက အပေါ်ယံလေးတွေပေါ့နော်၊ တရုတ်လာတဲ့အခါ လုပ်ပြမယ်။ ရုရှားလာတဲ့အခါ လုပ်ပြမယ်။ ကုလသမဂ္ဂ လာတဲ့အခါ လုပ်ပြမယ်။ ဒါမျိုးတွေတော့ရှိမှာပေါ့ ဒါပေမဲ့ ကျနော်တို့က ပြတ်သားဖို့ပါပဲ”

AAPP ရဲ့ မေလ ၂ ရက် စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၁၇,၈၉၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၅,၈၃၉ ဦး ထောင်မိန့်တွေ ချမှတ်ခံထား ရပါတယ်။ ကျန်တစ်သောင်းကျော်ကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများအား စောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများအား စောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၅၀၅-က ‌တွေကိုပဲ ပြန်လွှတ်ပေးပြီး ပုဒ်မမျိုးစုံနဲ့ စွဲထားတဲ့ ကျန်နိုင်ငံရေးအကျဉ်းသားတွေ ကို ချန်ထားတာဟာ စစ်ကောင်စီက သူတို့အတွက် အန္တရာယ်ကြီးသူတွေလို့ ယူဆပြီး ဆက်ဖမ်းထားတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားဆိုတာက စပြီးဖမ်းတဲ့ အချိန်ကတည်းကိုက မတရား ဖမ်းဆီးခံထားရတာဖြစ်တယ်။ ဒီလူတွေအားလုံး လွှတ်ကိုလွှတ်ပေးရမယ့်သူတွေ ဖြစ်တယ်၊ ဒါပေမဲ့ သူတို့က ၅၀၅ ပဲ လွှတ်ပေးတယ်ဆိုတာက သူတို့ မလွှတ်ပေးချင် တဲ့သူကို သူတို့ အကြာကြီး ထောင်ထဲမှာ ထိန်းထားချင်တယ်။ ၅၀၅ သီးသန့်ဆိုတာက သူတို့အမြင်မှာ သူတို့အတွက် အန္တရာယ်နည်းတယ်လို့ မြင်တဲ့သူတွေကို ၅၀၅ တစ်မှုတည်းနဲ့ စွဲပြီးတော့ ထောင်ချထားတာပေါ့။ အဲလူတွေကို လွှတ်ပေးတယ်၊ ကျန်တဲ့သူတွေကိုကျ မလွှတ်ပေးချင်လို့ မလွှတ်ပေးတာပေါ့။ လွှတ်ပေးမယ်ဆိုရင် အကုန်လုံး လွှတ်ပေးရမှာ”

စစ်ကောင်စီက အမှန်တကယ် သဘောထားကြီးကြောင်း ပြချင်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည် က ပြောပါတယ်။

“ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဟေ့ဆိုရင် နိုင်ငံတကာကိုလည်း သူတို့က ပြစားတော့ မယ်လေ။ သူတို့က သဘောထားကြီးကြောင်း၊ နောက်ပြီးတော့ သူတို့မှာ နိုင်ငံရေး ဆန္ဒရှိကြောင်း၊ ဒါတွေ တစ်ခုမှ အယုံကြည် မရှိဘူး။ တကယ်လို့များ လွှတ်ပေးမယ် ဆိုရင် သူတို့အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ပဲ ဦးထွန်းကြည်တို့က ဒီဟာကို ဆန္ဒရှိတယ်”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက အခုတစ်ကြိမ် အပါအဝင် လွတ်ငြိမ်းသက်သာခွင့်ပေါင်း ၁၂ ကြိမ်ပေးခဲ့ပြီး ဒီတစ်ကြိမ်မှာ နိုင်ငံရေးပုဒ်မ ၅၀၅-က တွေ အများဆုံးဖြစ်နေပါတယ်။ ဒီတစ်ကြိမ်မတိုင်ခင် ဧပြီလကုန်ထိ လွတ်ငြိမ်းခွင့် (၁၁) ကြိမ်မှာ မြန်မာနိုင်ငံသား အကျဉ်းသား ၆၉၄,၁၇ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၃၃၇ ဦး ပါဝင်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ အဲဒီ အကျဉ်းသား ၆၉၄,၁၇ ဦးမှာ နိုင်ငံရေးအကျဉ်းသား ၂၃,၇၃ ဦးပဲ ပါဝင်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီ ကြေညာထားသလို ဒီနေ့ ပြန်လွှတ်ပေးမယ့်သူအားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေချည်း အမှန်တကယ် ဖြစ်နေမယ်ဆိုရင် ဒီနေ့အထိ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄,၅၂၆ ဦး ရှိလာမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။