အင်းစိန်ထောင်က အကျဉ်းသားငါးရာနီးပါး ထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.09.23
အင်းစိန်ထောင်က အကျဉ်းသားငါးရာနီးပါး ထောင်ပြောင်းရွှေ့ခံရ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 4:14 PM Sep 23, 2024

အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားငါးရာနီးပါး (၄၆၀ ခန့်) ကို ရုတ်တရက် ထောင်ပြောင်းရွှေ့လိုက်တာကြောင့် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၅ နာရီခန့်မှာ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး သာယာဝတီထောင်ကို အကျဉ်းသား နှစ်ရာခန့်နဲ့ ဒိုက်ဦးထောင်ကို ၂၆၀ ခန့် ပြောင်းရွှေ့ခဲ့တာပါ။

နှစ်ယောက်တစ်တွဲစီ သံခြေချင်းခတ်ပြီး ပြောင်းရွှေ့ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"စက်တင်ဘာ ၂၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်ကတည်းက နာမည်တွေနဲ့ ခေါ်ထုတ်ပြီး သူတို့ကို ခြေချင်းဒေါက်ခတ်တာတွေ လုပ်တယ်။ သာယာဝတီကိုတော့ အယောက်နှစ်ရာဝန်းကျင် ရောက်တယ်။ သာယာဝတီတစ်ခုတည်းမဟုတ်ဘဲနဲ့ ဒိုက်ဦးကိုလည်းပို့တယ်လို့ ထပ်သိရတယ်ပေါ့။ ဒိုက်ဦးကိုတော့ စုစုပေါင်း ၂၆၀ ခန့်ရောက်တယ်လို့ ကျွန်တော်တို့သိထားတယ်။ နိုင်ကျဉ်းဘယ်လောက် အခြား ရာဇဝတ်အကျဉ်းသား ဘယ်လောက်ဆိုတာမျိုးတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒါပေမဲ့ ထောင်ပြောင်းရွှေ့တဲ့အထဲမှာတော့ နိုင်ကျဉ်းတွေလည်း ပါသွားတယ်။ တော်တော်လည်းများတယ် အရေအတွက်အားဖြင့်လေ"

နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို အတိအကျ မသိရသေးပေမဲ့ ထောင်ဒဏ်ဆယ်နှစ်အထက်နဲ့ ငါးနှစ်အထက် ကျခံနေရတဲ့ နှစ်ကြီးသမား နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

"နိုင်ကျဉ်းဘယ်လောက် အခြား ရာဇဝတ်အကျဉ်းသား ဘယ်လောက်ဆိုတာမျိုးတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒါပေမဲ့ ထောင်ပြောင်းရွှေ့တဲ့အထဲမှာတော့ နိုင်ကျဉ်းတွေလည်း ပါသွားတယ်"

ဒိုက်ဦးနဲ့ သာယာဝတီထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်မှုတွေ ရှိနေတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အကျဥ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အင်းစိန်ထောင်မှာ သတ်မှတ်အရေအတွက်ထက် အကျဥ်းသားဦးရေ ပိုများနေတာကြောင့် ထောင်ပြောင်းရွှေ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"ထောင်တွေမှာ သတ်မှတ်ထားတဲ့ အင်အားဆိုတာရှိတယ်။ ထောင်အမျိုးအစားအလိုက်ပေ့ါ။ ဗဟိုအကျဉ်းထောင် နှစ်ခု ရှိတယ်။ အင်းစိန်နဲ့ မန္တလေး။ ဗဟိုအကျဉ်းထောင်တွေမှာ သတ်မှတ်တဲ့လူဦးရေက ငါးထောင်ပဲရှိတယ်။ ဒါပေမဲ့ သူက တစ်သောင်းအထိတော့ လက်ခံတာပေါ့။ တစ်သောင်းကျော်သွားလို့ တစ်သောင်းနှစ်ထောင်၊ တစ်သောင်းသုံးထောင်တို့ ဖြစ်သွားရင် အရမ်းများသွားရင် ပိုင်ရာဆိုင်ရာထောင်တွေကို သွားရတာပေါ့"

အကျဉ်းထောင်လက်စွဲဥပဒေမှာ အကျဉ်းသားတွေကို ထောင်ပြောင်းရင် မိသားစုဝင်တွေကို အကြောင်းကြားပေးဖို့ မဖော်ပြထားတာကြောင့် အကျဉ်းထောင်ဘက်က အကြောင်းကြားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်ကတော့ ထောင်ဝင်စာပို့ရာမှာ သွားရေးလာရေး ခက်ခဲသွားတယ်လို့ RFA ကိုပြောပါတယ်။

"နီးစပ်ရာနီးစပ်ရာ စုပြီး ကားငှားရတာပေါ့။ လိုင်းကားနဲ့သွားလို့က အဆင်မပြေဘူးလေ။ သုံးလေးငါးယောက်စုပြီး သာယာဝတီကို အသွားအပြန် ငှားတာတွေရှိတာပေါ့။ တချို့ဆို ဟိုက်ဂျက်လေးတွေ ငှားပြီး သွားကြတာပေါ့။ အဓိကတော့ အကုန်လုံးစုရတာပေါ့။ ရင်ဘတ်တူချင်းတွေ စုပြီးတော့ အဲလိုမျိုးစုပြီး ငှားပြီးသွားမှ အဆင်ပြေတာပေါ့။ ဘယ်လိုခက်ခဲမလဲဆို ခက်တော့ခက်ခဲတာပေါ့။ ကျွန်တော်ဆို သားကို သွားကို မတွေ့တော့ဘူး။ သူ့အမေပဲ သွားတွေ့တယ်၊ ကျွန်တော့သားနဲ့ ပတ်သက်ရင်။ သူ့အမေကတော့ တစ်လ တစ်ခေါက်တော့ ပုံမှန်သွားတာပေါ့။ အဓိကတော့ တစ်ခါသွားဖို့အရေးကို မှတ်ပုံတင်၊ ထောက်ခံစာတွေ ယူရတာတွေ ရပ်ကွက်ထောက်ခံစာ ယူရတာတွေ အဲဒါတွေက အာရုံနောက်တာပေါ့ဗျာ"


ဆက်နွှယ်သောသတင်းများ

နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ

အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံရ

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၆၀ ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့


ထောင်ပြောင်းရွှေ့ခံရတဲ့အထဲမှာ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေးမကောင်းသူတွေအတွက် ဆေးဝါးကို အပြင်က သွင်းခွင့်မပေးသလို ထောင်ဆေးရုံကလည်း ဆေးဝါး အလုံအလောက် ထုတ်မပေးဘူးလို့ အကျဉ်းကျခံနေသူတွေက မိသားစုကတစ်ဆင့် ပြောကြပါတယ်။

ဒါ့အပြင် ထောင်အာဏာပိုင်တွေဟာ တခြားအကျဉ်းသားတွေထက် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဆေးကုသခွင့်နဲ့ အကျဉ်းသားအခွင့်အရေးနဲ့ ပတ်သက်ရင် ဖိနှိပ်မှုတွေပိုများတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ထောင်အာဏာပိုင်တွေဟာ သူတို့ကို ဆန့်ကျင်နိုင်သူတွေကို လူစုခွဲဖို့ ထောင်ပြောင်းရွှေ့နေတာလို့ RFA ကို ပြောပါတယ်။

"လူခွဲထုတ်လိုက်တာသည် သူတို့ကို ပြန်ပြီးတုံ့ပြန်မယ်။ စနစ်တကျပေါ့နော် သူတို့ကို အံတုမယ်ပေါ့နော်။ သူတို့ရဲ့အမြင်ကတော့ ဒီကောင်တွေ ပြဿနာရှာမဲ့ ကောင်တွေပေါ့။ အဲဒီပေါ်မှာလည်း သူတို့ကနေပြီးတော့ ခွဲထုတ်လိုက်တာပါတယ်။ နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ကျဉ်းတွေကို ခြင်းထဲက ကြက်၊ ငါတို့ လက်ခုပ်ထဲက ရေပေါ့ဗျာ။ ဒီလိုပုံစံမျိုးတွေနဲ့ နိုင်ကျဉ်းတွေအပေါ်မှာ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့အပြင် ခေါင်းထောင်ထမလာနိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ပို့တယ်လို့ ဦးထွန်းကြည်တို့က ရှုမြင်သုံးသပ်တယ်"

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: MOI)
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: MOI)

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ်ခန့် အပါအဝင် အကျဉ်းသားတစ်ရာခန့်ကို စစ်သင်္ဘောပေါ်တင်ပြီး မြင်းခြံနဲ့ မကွေးထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေ ထောင်ပြောင်းရွှေ့တဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၉၂၆ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်သလို အဲဒီအထဲက ကိုးထောင်ကျော် (၉,၄၄၀ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

(မှတ်ချက် - ဤသတင်းတွင် တရားလွှတ်တော်ရှေ့နေ၊ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်၊ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။