မဏိပူရ်ထောင်မှာ မြန်မာတွေ အစာငတ်ခံဆန္ဒပြမှု အရှိန်မြှင့်မည်
2024.06.25
[Update: 7:00 PM, June 26, 2024]
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေ အစာငတ်ခံ ဆန္ဒပြတာ ဆယ်ရက်ရှိပြီဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က ဘာမှ ညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ ဆန္ဒပြသူတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အမျိုးသား ၉၉ ဦး စတင်ဆန္ဒပြခဲ့တာပါ။
ဒီနေ့အထိ ညှိနှိုင်းဖြေရှင်းမှုမရှိတာကြောင့် ဆန္ဒပြမှုကို အရှိန်မြှင့်ဖို့ရှိတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India for Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
"ဆန္ဒပြတာ တစ်ပတ်ကျော်လာပြီဆိုတော့ လူတွေက တအားပင်ပန်းလာပြီ။ သို့သော်လည်း တာဝန်ရှိတဲ့သူတွေကလည်း သူတို့တောင်းဆိုချက်ကို မလိုက်လျောပေးတဲ့အခါကျတော့ သူတို့က သူတို့တောင်းဆိုချက်ကို အောင်မြင်တဲ့အထိ အစာငတ်ခံဆန္ဒပြဖို့ ပြင်ဆင်ထားတယ်။ ဒီအစိုးရအာဏာပိုင်တွေဘက်က အာရုံစိုက်လာအောင် ကြွေးကြော်သံတွေနဲ့ လုပ်ဖို့ပြင်နေကြတယ်"
လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။
"တာဝန်ရှိတဲ့သူတွေကလည်း သူတို့တောင်းဆိုချက်ကို မလိုက်လျောပေးတဲ့အခါကျတော့ သူတို့က သူတို့တောင်းဆိုချက်ကို အောင်မြင်တဲ့အထိ အစာငတ်ခံဆန္ဒပြဖို့ ပြင်ဆင်ထားတယ်"
ဆန္ဒပြတဲ့ ထောင်တွင်းအခြေအနေကို သိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကတော့ ဇွန်လ ၁၇ ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ သုံးဦးဒဏ်ရခဲ့ပေမဲ့ ဆက်ပြီးဆန္ဒပြသွားမယ်လို့ RFA ကို ပြောပါတယ်။
"အဲဒီ အသံဗုံးတွေ၊ ရာဘာကျည်တွေနဲ့ပစ်တော့ သုံးယောက် ထိသွားတယ်။ ထောင်အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ညှိတယ်၊ ဒါပေမဲ့ သူတို့က လုံးဝနောက်မဆုတ်တော့ဘူး။ လွှတ်ပေးမှ အစာငတ်ဆန္ဒပြတာ ရပ်မယ်။ မိုးရေးကို အကုန်လုံးပို့ပေး၊ မြန်မာပြည်ကို ပြန်မပို့နဲ့တော့ဆိုပြီး ထောင်အာဏာပိုင်တွေကို ပြောလိုက်တယ်"
လက်ရှိဆန္ဒပြသူထဲက ၃၃ ဦးဟာ အာဟာရချို့တဲ့လာတာကြောင့် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဆန္ဒပြတာ ရပ်လိုက်ပေမဲ့ ၆၆ ဦးကတော့ ဆက်လက်ဆန္ဒပြနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆက်လက်ဆန္ဒပြနေသူတွေထဲက အမျိုးသားနှစ်ဦးလည်း ဆေးရုံတင်ထားရတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အဲဒီအကျဉ်းသားတွေဟာ ပြစ်ဒဏ်ကျခံပြီးပေမဲ့ ဆက်လက်ထိန်းသိမ်းခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India for Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။
"အခုထောင်ထဲမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံရတဲ့သူဆိုရင်လည်း ခြောက်လလောက် ထောင်ကျစရာရှိတာလည်း ကျပြီးပြီ။ ငွေဒဏ်ရိုက်ထားတာလဲ အကုန်လုံး ငွေဒဏ်ရိုက်လည်း ရိုက်ပြီးပြီပေါ့။ ထောင်စည်းကမ်းနဲ့ ထိန်းသိမ်းခံရတဲ့ခါကျတော့ အင်မတန်မှ လူ့အခွင့်အရေးချိုးဖောက်မှု ခံရတယ်။ ဖျားနာတာရှိရင်လည်း ဆေးကုခွင့်မရှိဘူး။ ထောင်ထဲမှာ ကလေးမွေးဖွားတဲ့သူလည်း ကာကွယ်ဆေးထိုးခွင့်မရှိဘူး စသဖြင့်၊ နောက် လူငယ်လူလတ်ပိုင်း ပညာသင်နေတဲ့ ကလေးတွေဆိုရင်လည်း ပညာသင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးမှုရှိတာပေါ့နော်"
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အိန္ဒိယသံရုံး၊ နယူးဒေလီက မြန်မာသံရုံးနဲ့ UNHCR ရုံးတို့ကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
India For Myanmar၊ Blood Money Campaign၊ Defend Myanmar Democracy နဲ့ Sitt Nyein Pan Foundation အဖွဲ့တွေကတော့ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည်ပြန်မပို့ဖို့ အိန္ဒိယအစိုးရထံ ဇွန်လ ၁၉ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီထံပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက်ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါတယ်။