အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၆၀ ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့

RFA Burmese
2024.07.21
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၆၀ ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့မြင်ရသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
Photo: RFA

ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၆၀ ဦးကို ပဲခူးတိုင်း ဒိုက်ဦးထောင်ကို ဇူလိုင်လ ၂၁ ရက်နေ့က ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အမျိုးသား အယောက် ၂၀၀ နဲ့ အမျိုးသမီး အယောက် ၆၀ ကို ဇူလိုင် ၂၁ ရက်နေ့မနက်က ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာဟာ အကျဉ်းဦးစီးဌာနက စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သေချာအကွက်ချ စီမံထားတဲ့ ထောင်ပြောင်းရွှေ့မှုလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်နိုင်ငံရေးအကျဥ်းသူ အကျဉ်းသားတချို့ကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ သာယာဝတီအကျဥ်းထောင်ကိုပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့စာရင်းကိုတော့ စုဆောင်းကောက်ယူနေဆဲလို့ ဆိုပါတယ်။

ဇွန်လ ၁၉ ရက်နေ့‌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အပါအဝင် ရှစ်လေးလုံးနေ့အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း လှုပ်ရှားမှုတွေ မဖြစ်အောင် ထောင်ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတာလို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာနဲ့ PPNM အဖွဲ့က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး အဆက်အသွယ်မရသေးပါဘူး။

ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ကြောင်း နာမည်ဆိုးနဲ့ကျော်ကြားတာကြောင့် အခုလိုပြောင်းရွှေ့လိုက်တာဟာ ပိုမိုတင်းကျပ်တာတွေ နိုင်ငံရေးအကျဉ်းသားတွေကြုံလာမှာကို စိုးရိမ်နေကြတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။