အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရစဉ် သေဆုံးသူ အနည်းဆုံး နှစ်ထောင်နီးပါး ရှိလာ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.09.17
အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရစဉ် သေဆုံးသူ အနည်းဆုံး နှစ်ထောင်နီးပါး ရှိလာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ငါးထောင်ကျော်သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က စက်တင်ဘာ ၁၇ ရက် မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် လူပေါင်း ၂၇,၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရသလို စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်မှာ ဖမ်းဆီးခံရသူတွေ ပိုများလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကလေး ၈၈ ယောက်နဲ့ အမျိုးသမီး ၁၂၅ ယောက်အပါအဝင် အနည်းဆုံး လူပေါင်း ၁,၈၅၃ ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် အကျဥ်းထောင်တွေထဲမှာ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ သူတို့ဟာ အကြမ်းဖက်စစ်ဆေးခံရတာတွေနဲ့ ဆေးကုသခွင့်မရတာတွေကြောင့် အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေတင်မကဘဲ သတင်းသမားတွေကိုပါ အခုချိန်ထိ စစ်တပ်က ရန်သူသဖွယ် ပစ်မှတ်ထား ဖမ်းဆီးနေတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းက စကစ ကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်ပိုင်းတွေကို အဓိက ပစ်မှတ် (Target) ထားခဲ့တယ်ပေါ့နော်၊ တစ်ပါတည်း နောက်ဆက်တွဲ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ် (Target) ထားခဲ့တယ်၊ အဲဒါနောက်ဆက်တွဲ မီဒီယာသမားတွေပေါ့နော်၊ လွတ်လပ်တဲ့မီဒီယာသမားတွေကိုပါ ရန်သူသဖွယ် သူတို့ ဆက်ဆံတယ်ဆိုတာတွေကို ကျွန်တော်တို့တွေ့ရတယ်ပေါ့၊ ခုချိန်ထိ သူတို့မပြောင်းလဲသေးဘူးခင်ဗျ"

နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (က) နဲ့ ထောင်နှစ်နှစ်ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကမှ ပြန်လွတ်လာတဲ့ အလွတ်သတင်းထောက် အလှလေးသူဇာ (ခ) မသူဇာက ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခံခဲ့ရတဲ့အကြောင်း ပြောပါတယ်။

“ဒီဘက်ပေါင်နဲ့ ဒီဘက်ပေါင် နှစ်ဖက်ပေါင်း ငါးချက်အရိုက်ခံရတယ်၊ ဝါးရင်းတုတ်နဲ့ဆော်တာ၊ ပြောချင်တာ ရှင်တို့ ကျွန်မကို မရိုက်ခင်အရင်မေးလိုက်၊ အရှင်းဆုံးပဲ ရိုက်လည်း မေးလည်း ဒီအဖြေပဲထွက်မှာပဲ၊ မရိုက်လည်း ဒီအဖြေပဲ ထွက်မှာပဲ၊ ကျွန်မ မပြောချင်တဲ့အကြောင်းအရာကို ဘယ်လိုမေးမေး ကျွန်မ ဘယ်လိုဖြေရမလဲ သိပြီးသား၊ ပြီးတော့ ကျွန်မတို့က သတင်းထောက် သူဘယ်လိုမေးမေး၊ နောက်ဆုံးသူ လုပ်လို့ ကျွန်မ အသက်သေသွားလည်း ကျွန်မမပြောချင်တဲ့အကြောင်းအရာကို သူဘယ်လိုမေးမေး မထွက်ဘူး၊ တခြားဟာတွေကတော့ သူတို့ခြိမ်းခြောက်တာတွေဘာတွေ ကိုယ်က နာလွန်းလို့ တခြားဟာတွေတောင် မမှတ်မိတော့ပါဘူး၊ ဝါးရင်းတုတ်နဲ့ ဆော်လိုက်တဲ့အဆော်က အခုထက်ထိ ပေါင်က ကြေနေတုန်းကိုး၊ အသားကြေတာက ကိုင်လိုက်ရင် ကြပ်ခဲပြီး ဖြစ်နေတာဆိုတော့"

အကျဉ်းထောင်တွင်း သေဆုံးရသူတွေထဲမှာ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ အင်းစိန်ထောင်မှာ အချိန်မီ ဆေးကုသခွင့်တွေမရလို့ မျက်စိရှေ့တင် အသက်ဆုံးရှုံးသွားရသူတွေအကြောင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့(WOPP) တာဝန်ခံ မဇူးဇူးမေယွန်း က ပြောပြပါတယ်။

“ကိုဗစ်ကာလမှာ အသက်ကြီးတဲ့ အန်တီဆိုရင် နှလုံးအမောဖောက်ပြီးတော့ အောက်စီဂျင် အရမ်းလိုအပ်နေတဲ့ အချိန်မှာ မြန်မြန်နဲ့ ထိထိရောက်ရောက် မကုသတဲ့အတွက် ညပိုင်းမှာပဲ ဆုံးသွားတယ်၊ ထောင်ဆေးရုံထဲမှာပဲ ပေါ့နော်၊ အမျိုးသမီးတစ်ယောက်ပေါ့နော် သူ့ရဲ့ရောဂါက ကျောက်ကပ်ယောင်ရမ်းပေါ့နော်၊ အရေးပေါ်ပေါ့ CT ရိုက်ရမယ့် လက္ခဏာမျိုးရှိတာတောင်မှ ထိထိရောက်ရောက် ကုသခွင့်မရတဲ့အတွက် ထောင်ထဲမှာရှိတဲ့ ဆေးရုံဆောင်မှာပဲ ဆုံးပါးသွားခဲ့ရတယ်၊ ပြီးရင် ဒီအကျဥ်းထောင်မှာဆိုရင် ကိုယ်ဝန်သည် နိုင်ကျဥ်းသူ အမျိုးသမီးတွေပေါ့နော်၊ မွေးတဲ့အချိန်မှာ ရေမွှာပေါက်ချိန်မှာ ကြန့်ကြာတာမျိုးတွေကြောင့် ကလေးက ဗိုက်ထဲမှာ ဘယ်လောက်ထိရုန်းကန်ခဲ့ရမလဲ ကလေးက အပြင်ရောက်တဲ့အချိန်မှာ သေဆုံးသွားတယ်"

အကျဉ်းထောင်တွေထဲ ဆေးကုသခွင့်မရသဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအား တွေ့ရစဉ်။ (photo : Political Prisoners Network - Myanmar)
အကျဉ်းထောင်တွေထဲ ဆေးကုသခွင့်မရသဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအား တွေ့ရစဉ်။ (photo : Political Prisoners Network - Myanmar)

အခုလက်ရှိ အကျဉ်းထောင်ထဲမှာ ဘယ်ဘက်မျက်လုံး ခွဲစိတ်ခွင့်မရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့ကျန်းမာရေးအတွက် အမြဲဆုတောင်းနေရတယ်လို့ ပြောပါတယ်။

“အမြင်လွှာကွယ်တဲ့ရောဂါလို့ပြောတယ်၊ အဝေးမှုန်တွေ မျက်မှန်ပါဝါကြီးကြီး တပ်တဲ့သူတွေ ဖြစ်တတ်တယ်တဲ့၊ ခွဲဖို့လိုအပ်တယ်၊ အချိန်မီ မခွဲရင် ကွယ်သွားမှာ၊ စိုးရိမ်ရတာပေါ့လေ၊ ဒါပေမဲ့လည်း ကိုယ်က ဘယ်တတ်နိုင်မလဲ၊ သတိရတိုင်းဆုတောင်းနေရတာပေါ့"

သားဖြစ်သူဟာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) တို့နဲ့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံထားရတာပါ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့ တွေက ဩဂုတ်လ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်းဟာ စစ်ကြောရေးမှာ ရခဲ့တဲ့ နံရိုးကျိုးဒဏ်ရာကို လွိုင်ကော်ထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် အရိုးတီဗီရောဂါခံစားခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မေးမြန်းထားချက်တွေအရ စစ်ကောင်စီ တာဝန်ရှိသူတွေဟာ အကျဉ်းသားတွေကို တွဲလောင်းဆွဲထားပြီး အစားအစာနဲ့ ရေ မပေးဘဲထားတာ၊ ချွန်ထက်မာကြောတဲ့ အရာတွေရှိတဲ့ ကြမ်းပေါ်မှာ ဒူးထောက်ပြီး သွားခိုင်းတာ၊ မြွေနဲ့ ပိုးမွှားအကောင်ပလောင်တွေနဲ့ ကြောက်အောင် ခြောက်လှန့်တာ၊ သံတုတ်၊ ဝါးချောင်း၊ ရိုင်ဖယ် သေနတ်ဒင်၊ သားရေပြား၊ ဝါယာကြိုး၊ ဆိုင်ကယ် ချိန်းကြိုးတွေနဲ့ ရိုက်နှက်တာ၊ အသက်ရှုမရအောင် လုပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ခြောက်လှန့်တာ၊ လျှပ်စစ်နဲ့ တို့တာ၊ ကျင်စက်၊ မီးခြစ်၊ ဆေးလိပ်မီး၊ ရေနွေးပူတွေနဲ့ လောင်းပြီး နှိပ်စက်တာ၊ ကိုယ်အင်္ဂါအချို့ကို ဖြတ်တောက်တာ၊ ဒဏ်ရာထဲကို အရက်ပျံ လောင်းထည့်တာ၊ လက်သည်းခြေသည်းတွေ ဆွဲထုတ်တာ စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပြီး၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေလည်း ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

ထောင်တွင်းနဲ့ ပြင်ပမှာ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအထိ ရှိလာ

နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေ ပိုပြင်းထန်လာ

နိုင်ငံရေးအကျဉ်းသား သေဆုံးမှုများတဲ့ ဒိုက်ဦးထောင် နာမည်ဆိုးနဲ့ကျော်ကြား


နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာဟာ မြန်မာပြည် ထောင်တွင်းသရုပ်ကို ထင်ဟပ်တယ်လို့ ပြောပါတယ်။

“ထောင်ထဲမှာ ရိုက်နှက်နှိပ်စက်ခံရတာ၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတာတွေနဲ့ တော်တော်များများ အချက်အလက်တွေတူညီနေတာတွေ့တယ်၊ အထူးသဖြင့် အမျိုးသမီးနိုင်ငံရေးအကျဥ်းသားတွေ ပြန်ပြောပြတဲ့အတွေ့အကြုံတွေနဲ့လည်း ထပ်တူနီးပါး တူနေတာတွေ့ရတယ်၊ ဒီနှိပ်စက်တဲ့ပုံစံတွေ၊ နှိပ်စက်တဲ့ နေရာမှာ သုံးတဲ့နည်းလမ်းတွေ တော်တော်လေးတူပါတယ်၊ အဲတာကြောင့်မို့လို့ ဒီထုတ်ပြန်ချက်က ဗမာပြည်ရဲ့ ထောင်တွင်းသရုပ်ကို ထင်သာမြင်သာရှိစေတယ်လို့ မြင်ပါတယ်ဗျ"

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလမှာ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ တဖြည်းဖြည်း ပိုဆိုးလာတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာတော့ ဒီလို ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူခြင်းမရှိတာဟာ၊ ထပ်တလဲလဲ ကျူးလွန်ဖို့ အကြောင်းပြချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ရှာဖွေ မှတ်တမ်းတင်ပြီး၊ တာဝန်ခံခိုင်းဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။ ဒီအစီရင်ခံစာပါ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ထုတ်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

လူအခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က မြန်မာနိုင်ငံ အခြေအနေတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဆက်လက်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း သူကထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။