ထောင်တွင်းနဲ့ ပြင်ပမှာ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအထိ ရှိလာ
2024.04.26
၂၀၂၄ ခုနှစ် ပထမလေးလအတွင်း အကျဉ်းထောင်တွေ၊ အချုပ်စခန်းနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဆန်းနဲ့ အခုနှစ်ဆန်းယှဉ်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရတာ များလာသလို စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ရန်သူသဖွယ် ကလဲ့စားချေနေတာလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"စစ်ပွဲတွေမှာ ရှုံးနိမ့်တိုင်း နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရမှု ပိုများလာတာ တိုက်ရိုက် အချိုးကျနေတယ်၊ ရှေ့တန်းစစ်မြေပြင်မှာ မချိမလှသေဆုံးမှုတွေဖြစ်လေ အကျဉ်းထောင်တွေမှာ လက်နက်မဲ့ သူတို့ရန်သူလို့သတ်ဖြတ်ပြီး မတရားဖမ်းဆီးပြီး ထောင်ကျထားတဲ့သူတွေကို ရန်သူသဖွယ် ပြန်ပြီး ကလဲ့စားချေမှုတွေလို့ပဲ မြင်ပါတယ်။"
ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်အတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာရှိခဲ့ပြီး ဒီနှစ်မှာတော့ လေးလအတွင်းမှာတင် သတ်ဖြတ်ခံရသူ ရှစ်ဦး ရှိနေတာပါ။
PPNM စာရင်းအရ ထားဝယ်အကျဉ်းထောင်က နှစ်ဦး၊ မြင်းခြံထောင်က တစ်ဦး၊ ပဲခူးတိုင်း ဝေါမြို့နယ်က နှစ်ဦး၊ မြစ်ကြီးနားထောင်က နှစ်ဦးနဲ့ မုံရွာထောင်က တစ်ဦး ပါဝင်ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးက အပြန်မှာ နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့ကိုထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပါတယ်။
ကျွန်မတို့မိန်းမတွေ ထောင်ပြောင်းတာတောင် လက်ထိပ်တွေ ခတ်ပြီးတော့မှ အဲဒီလိုမျိုး ထွက်ပြေးလို့ ပစ်သတ်တယ်ဆိုတာ သတ်ချင်လို့ကို သတ်တာ
မနိုဘယ်အေးရဲ့မိခင် ဒေါ်အေးမြင့်သန်းကတော့ သမီးဖြစ်သူကို ထွက်ပြေးလို့ပစ်သတ်တယ်ဆိုတာ အကြောင်းပြချက်သာဖြစ်တယ်လို့ ပြောပါတယ်။
"ရုံးထုတ်တယ်ဆိုတာ လွတ်လွတ်လပ်လပ်နဲ့ ရုံးထုတ်ခံရတာ မဟုတ်ဘူး၊ လက်ထိပ်တွေခတ်ထားမယ်၊ လက်ထိပ်မရှိရင် ကြိုးချည်ထားမယ်၊ အဲလိုနည်းနဲ့ ရုံးထုတ်တာ၊ ရုံးထုတ်ပြန်လာတဲ့အခါမှာ ထွက်ပြေးတယ်ဆိုတာ ဘယ်လို့မှ မဖြစ်နိုင်တဲ့ကိစ္စ၊ ဒါဟာ အကြောင်းပြချက်၊ နိုဘယ်နဲ့ ဒီကလေးနှစ်ယောက်ထင် ဒီလိုမျိုးအကြောင်းပြချက်နဲ့ သတ်တာ မဟုတ်ဘူး၊ ကျွန်မကိုယ်တိုင် ထောင်ပြောင်းခံရတာပဲ၊ ကျွန်မတို့မိန်းမတွေ ထောင်ပြောင်းတာတောင် လက်ထိပ်တွေ ခတ်ပြီးတော့မှ အဲဒီလိုမျိုး ထွက်ပြေးလို့ ပစ်သတ်တယ်ဆိုတာ သတ်ချင်လို့ကို သတ်တာ"
မနိုဘယ်အေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းစီးဌာနက မိသားစုဝင်တွေကို အခုချိန်ထိ အကြောင်းကြားတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
အခြားနိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေမှာလည်း အကျဉ်းဦးစီးဌာနက အကြောင်းမကြားဘဲ မိသားစုက သွားရောက်မေးမြန်းစုံစမ်းမှသာ သိရတာလို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်သတ်ဖြတ်ခံရတာတွေကို NUG အနေနဲ့ ဥပဒေကြောင်းအရ တရားစွဲအရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
"၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ပိုမိုပြီးတော့ တိုးမြှင့်အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်း သူတို့တွေအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အာရုံစိုက်လုပ်ဆောင်ဖို့အတွက် တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ စဉ်ဆက်မပြတ်လည်း ကျွန်တော်တို့ ဒါတွေကို နိုင်ငံတွေ၊ နောက်တစ်ခါ တရားစွဲဆိုနိုင်တဲ့လုပ်ငန်းဉ်တွေမှာ ဒီအမှုကိစ္စတွေကို စုဆောင်းပြီးတော့ ဥပဒေအမှု တစ်ခုတစ်ရပ်အနေနဲ့ တင်သွင်းနိုင်ဖို့အတွက်လည်း လွတ်မြောက်လာတဲ့သူတွေ နောက်တခါ ထောင်ထဲကပေးပို့လာတဲ့သတင်းတွေကို စဉ်ဆက်မပြတ် ပေးပို့ ပြီး ပြင်ဆင်ထားလျက် ရှိပါတယ်"
အဖက်ဖက်မှာ စစ်ရှုံးလာတဲ့စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပိုမိုနှိပ်စက်နေတာတွေကို ရှုတ်ချသလို၊ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး နိုင်ငံရေးအကျဉ်းသားတွေကိုယ်စား ဆောင်ရွက်သွားမယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ အစအနဖျောက်တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews) ဆီပို့ထားတယ်လို့လည်း ဆိုပါတယ်။
PPNM စာရင်းတွေအရ မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့အပြင် မတ်လ ၁၇ ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ခုနစ်နှစ်ချခံထားရတဲ့ ကိုဝင်းသီဟ နဲ့ ထောင်ဒဏ် ဆယ်နှစ် ချခံထားရတဲ့ ကိုမင်းသူ(ခေါ်) မော်လဝီရှက်မင်း တို့ကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေက ထောင်ပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၂၉ ရက်နေ့မှာတော့ မုံရွာအမှတ် ၁ ရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကိုအောင်ကျော်ဇင် သတ်ဖြတ်ခံခဲ့ရပြီး၊ မတ်လ ၁၇ ရက်နေ့မှာပဲ မြင်းခြံထောင်မှာ ထောင်ဒဏ် အနှစ် နှစ်ဆယ် ချခံထားရတဲ့ ကိုနိုင်ဝင်းထွန်းဟာ ထောင်တွင်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အခုနောက်ဆုံးရထားတဲ့အချက်အလက်ကတော့ ဧပြီ ၁၈ ရက်နေ့က မြစ်ကြီးနားထောင် အဓိကရုဏ်းမှာ ပစ်သတ်ခံရသူတွေထဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်တဲ့ ထောင်ငါးနှစ်ချခံထားရတဲ့ ကိုအောင်နိုင်ထွန်းနဲ့ ဆယ်နှစ်ချခံထားရတဲ့ ကိုကျော်စိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။
ထောင်တွင်း၊ ထောင်ပြင်မှာ သတ်ဖြတ်ခံရသူတွေရှိသလို PPNM စာရင်းတွေအရ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်းမှာပဲ အကျဉ်းထောင်တွေထဲ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားလည်း ခုနစ်ဦး ရှိပါတယ်။ ဒီအခြေအနေတွေကြောင့် လေးလအတွင်း သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၅ ယောက်အထိ ရှိနေပါပြီ။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
PPNM စာရင်းတွေအရ စစ်ကောင်စီရဲ့ နှစ်ဆန်းတစ်ရက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁ဝ၁ ဦးသာပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၄ ခုနစ် ဧပြီ ၂၅ ရက်နေ့အထိ အကျဉ်းထောင်တွေထဲ ဖမ်းဆီးခံထားရသူ (၂၆,၅၆၅) နှစ်သောင်းကျော်ရှိပြီး (၈,၉၃၈ ဦး) တစ်သောင်းနီးပါးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေအပြင် ထောင်ပြင်ပထုတ်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ သတ်ဖြတ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုတွေက စိုးရိမ်နေကြပါတယ်။