ကလေးမြို့နယ် ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ

RFA Burmese
2025.02.01
ကလေးမြို့နယ် ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရွာအတွင်းက စစ်ဘေးဒုက္ခသည် စခန်းကို ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် ကျောက်ဆည်ရွာနဲ့ အင်းကျွန်းကျေးရွာတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် လေးရာကျော်ဟာ ရွာအတွင်းက စာသင်ကျောင်းကို ဒုက္ခသည်စခန်းအဖြစ် ခိုလှုံနေထိုင်နေကြတာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေနေတဲ့ တဲတည့်တည့်ကို ကျတာပေါ့နော်။ အကုန်လုံး တစ်စစီ စုတ်ပြတ်သွားတာပဲ။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတာပါပဲခင်ဗျာ”

စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ နေအိမ်တွေအပေါ်ကို ပေါင် ငါးရာ ဗုံးနှစ်လုံး ကြဲခဲ့တာ ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးထိခိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေ နေတဲ့နေရာကို ကြဲသွားတာ။ စာသင်ကျောင်းထဲကို ကြဲသွားတာ။ စာသင်ကျောင်းထဲကို ပေါင် ငါးရာဗုံးနှစ်လုံးကြဲသွားတာတာ။ ညနေငါးနာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ တဲတည့်တည့်ကို ကျတာပေါ့နော်။ အကုန်လုံး တစ်စစီ စုတ်ပြတ်သွားတာပဲ။ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတာပါပဲခင်ဗျာ”

သေဆုံးသူ ရှစ်ဦးအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး၊ ကလေးအမေနှစ်ဦးနဲ့ အမျိုးသမီးကြီး တစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၅ ဦးထဲမှာ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦး ပါဝင်တယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းလေးနှစ်နီးပါးအတွင်း အသက်မပြည့်သူ ခုနစ်ရာနီးပါး သေဆုံး

လေးနှစ်အတွင်း စစ်ခေါင်းဆောင်တွေရဲ့ ချိုးဖောက်မှုတွေ မကြုံစဖူး အရှိန်မြင့်ခဲ့ကြောင်း ကုလထုတ်ပြန်

ကလေးနဲ့ ခါမ်းပါတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး


ကလေးမြို့နယ် ကုက္ကိုရွာနဲ့ တင်သားရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပါဝင်တဲ့ အင်အား သုံးရာနီးပါးက ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ တင်သားကျေးရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲခေါ်တာတွေ ဘာတွေ မရှိဘဲနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမလိုလိုနဲ့ လူအင်အားတွေ စုပြီးတော့ ထွက်လာတယ်။ ပြီးတော့ လေကြောင်းတက်လာတယ် မနေ့ကတုန်းက။ လေကြောင်းတက်လာတော့ အရပ်ဘက်က ကာထားတဲ့ကင်းတွေကို ကြဲမလိုလိုနဲ့ ကြဲတော့ ကြဲသွားသေးတယ်။ ကျွန်တော်တို့ဘက်က အသေအပျောက်မရှိဘူးပေါ့နော်။ ကုက္ကိုဘက်ကိုကျတော့ တင်သားဘက်ကနေ လှမ်းထုလိုက်တာ။ နှစ်ချက်ချလိုက်တာ စစ်ဘေးရှောင်စခန်းကို ချလိုက်တာဗျ။ ပုန်းညက်တွေထဲမှာရော ကောက်ယူခဲ့ရတယ် အလောင်းတွေက”

ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo)
ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo)

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကို ဝမ်းနည်းကြေကွဲရတယ်လို့ ကုက္ကိုရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိက ဝမ်းနည်းတာပေါ့နော်။ ပြည်သူတွေကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေလောက် သတင်းအချက် အလက်လည်း မရဘူးလေ။ အဖွဲ့အစည်းတွေက ဝေဟင်သတင်းတွေ ဘာတွေရတော့ သူတို့က ဘာမှမသိတော့ ပိုပြီးမှ အန္တရာယ်များတယ်လို့ ခံစားရပါတယ်။ ပြီးတော့ နောက်တစ်ကြိမ်လည်း မဖြစ်စေချင်တော့ဘူးပေါ့”

လေကြောင်းက တိုက်ခိုက်ခံရပြီးနောက် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ကျေးရွာဒေသခံတွေအားလုံးကို လေကြောင်းရန် ကင်းလွတ်တဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။

ကုက္ကိုရွာမှာ လေကြောင်းကတိုက်ခိုက်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ သေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ ကလေးမြို့နယ်က တင်သားနဲ့ ကုက္ကိုရွာမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်းတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အသေအဆုံးအထိအခိုက် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်းမှာ စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ ၆၂၃၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဥရောပသမဂ္ဂ အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်တို့က မြန်မာ့အရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ရဲ့ အရှိန်မြှင့်ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာတွေ အပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ထုတ်ပြန်ချက်မှာ အလေးအနက်ထား တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။