အာဏာသိမ်းလေးနှစ်နီးပါးအတွင်း အသက်မပြည့်သူ ခုနစ်ရာနီးပါး သေဆုံး
2025.01.17

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အသက်မပြည့်သူ ခုနစ်ရာနီးပါး (၆၉၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ကြောင့် ၂၀၂၁ ခုနှစ်မှာ ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၀၈ ဦးနဲ့ ၂၀၂၄ ခုနှစ်မှာ ၂၄၈ ဦး၊ စုစုပေါင်း ၆၉၃ ဦး သေဆုံးခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီအထဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၂၈ ဦးနဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၉ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာလို့ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည်တွေဖြစ်တဲ့ ကွမ်းတောင်ကျေးရွာသား မောင်မျိုးဇော်ထွန်း၊ တန်းခိုးကျေးရွာသူ မဦးဆန်းနွယ်နဲ့ ယိုးတရုပ်ကျေးရွာသူ ဒေါ်မသာလှ တို့သုံးဦး သေဆုံးခဲ့ပြီး ယိုးတရုပ်ကျေးရွာသား ကိုလှဖြူနဲ့ စံပြရပ်ကွက်နေ အသက် ၉ နှစ်အရွယ် မောင်မျိုးဟိန်းအောင်တို့ဟာ ဗုံးစထိမှန်ဒဏ်ရာကို ဆေးကုသဖို့ပို့ဆောင်နေစဉ် လမ်းမှာ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
AAPP ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်ကျော် (၆,၁၈၆ ဦး) သေဆုံးခဲ့ပါတယ်။