ပြန်လွတ်အကျဉ်းသား သုံးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်

RFA Burmese
2024.04.16
ပြန်လွတ်အကျဉ်းသား သုံးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

Updated 6:24 PM Apr 17, 2024


ဒီနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေက ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသား နည်းလွန်းတယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့အတွက် အခုလို ပြန်လွှတ်ပေးတာဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက ထုတ်ပြန်ကြေညာခဲ့တာပါ။ မြန်နိုင်ငံသားအကျဉ်းသား သုံးထောင်ကျော်အပြင် နိုင်ငံခြားသားအကျဉ်းသား ၃၆ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ပြီး အဲဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

လွတ်ငြိမ်းတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဟန်ပြပဲ ပါတယ်။ မူယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက်တွေကိုပဲ အဓိက လွှတ်ပေးတယ်ပေါ့နော်။

ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ကျန်ရှိပြစ်ဒဏ်တွေကိုပါ ကျခံရမယ်လို့လည်း ကန့်သတ်ထားပါတယ်။

ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ အင်းစိန်ထောင်က ကိုးရာကျော်၊ မန္တလေးတိုင်း အိုးဘိုထောင်နဲ့ ရဲဘက်စခန်း တွေကနေ ငါးရာနီးပါးနဲ့ ကျန်သူတွေကတော့ စစ်တွေထောင်၊ ပုသိမ်ထောင်၊ ပြည်ထောင်၊ ဂန့်ဂေါထောင်၊ လားရှိုးထောင်နဲ့ ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသားတွေ ဖြစ်ပါတယ်။

ဒီနေ့ အင်းစိန်ထောင်က ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဆယ်ကျော်ပဲ ပါဝင်တယ်လို့ ထောင်ထဲက ညီမဖြစ်သူကို လာရောက်စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တိတိကျကျတော့ အမျိုးသား ဘယ်နှဦး၊ အမျိုးသမီး ဘယ်နှဦးတော့ မသိရဘူး။ အယောက်နှစ်ဆယ်ကျော် ပါတယ် နိုင်ကျဉ်းက။ ငါးနှစ်မှာ ခြောက်လလိုတာတို့၊ ကိုးလလိုတာတို့ လအလိုက် လိုတာလေးတွေပဲ ပြန်လွှတ်ပေးတာလို့ ပြောတယ်။ ကျန်တာကတော့ ဒီအတိုင်းပါပဲ။ အမှုစုံတွေ ခိုးဆိုးလောက်ပဲ ပါတာ။ ဘာမှ သိပ်ပြီးတော့ မပါဘူး”

စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်တွေမှာလည်း နိုင်ငံရေးလှုပ်ရှားသူတွေကို အဓိကထား အရေးယူလေ့ရှိတဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းဥပဒေ၊ လက်နက်များ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အွန်လိုင်းပေါ်ကရရှိတဲ့ အကျဉ်းဦးစီးဌာန စာရင်းအရ မန္တလေးတိုင်းအတွင်းက အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေကနေ ဒီနေ့ ပြန်လွတ်လာသူ (၄၇၂ ) ဦး ရှိပါတယ်။ အဲဒီထဲမှာ အိုးဘိုထောင်က ၂၃၆ ဦး၊ မြင်းခြံထောင်က ၂၂ ဦး၊ မိတ္ထီလာထောင်က ၄၀၊ ရမည်းသင်းထောင်က ၉၃ ဦး၊ ညောင်ဦးထောင်က ၁၅ ဦး ပါဝင်ပါတယ်။ ကျန်သူတွေက ရဲဘက်စခန်းတွေက ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ (၄၇၂ ) ဦးမှာ မန္တလေးထောင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း တစ်ယောက်သာ ပြန်လွတ်လာတယ်လို့ ဇနီးဖြစ်သူက အတည်ပြုပါတယ်။ ကျန်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မလာဘူးလို့ မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

မြင်းခြံထောင်က ဒီနေ့ပြန်လွတ်တဲ့ အကျဉ်းသား ၂၂ ဦးမှာတော့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပါဝင်ပြီး ကိုဖြိုးအောင်၊ ကိုဟန်လင်း၊ ဂျာဆိုင်းအောင်၊ မသဲဆု၊ မနေချစ်၊ ဒေါ်ချယ်ရီမြင့်နဲ့ မသဲမြတ်ဖြူ တို့ဖြစ်တယ်လို့ မြင်းခြံထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် အချုပ်ထောင်နေလည်း လွတ်ရက်စေ့ဖို့ လအနည်းငယ်သာလိုတော့တဲ့ CDM ပညာရေးဝန်ထမ်းတစ်ဦးသာ ဒီနေ့ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

“CDM လုပ်ဖို့ လက်ကမ်းစာစောင်ပေးတာမှာ သူ့ကွန်ပျူတာကနေ ထုတ်ပြီးပေးတယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ သုံးနှစ်ချတယ်ဗျ။ ချပြီးတော့ သူက ထောင်တွေကို မပို့ဘူးဗျ။ အချုပ်ထဲမှာပဲထားတာ။ သူတစ်ယောက်တည်းလောက်ပဲ နှစ်နည်းတယ်ပေ့ါဗျာ။ ကျန်တာကတော့ လေးနှစ်၊ ငါးနှစ်၊ နှစ် နှစ်ဆယ်တွေ ဆိုတော့ သူတစ်ယောက်တည်းပဲ ပြန်လွတ်တယ်”

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ကနေ ဒီနေ့ အကျဉ်းသား၊ အကျဥ်းသူ ၄၅ ဦး ပြန်လွတ်လာပေမယ့် နိုင်ငံရေးအကျဥ်းသား လေးဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲမှာ ပုသိမ်မြို့က နှစ်ဦးနဲ့ ကျုံပျော်မြို့နယ်က နှစ်ဦးပါဝင်တယ်လို့ ပုသိမ်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"အကုန် ၄၅ ယောက်ထဲမှာ နိုင်ကျဥ်း လေးယောက်ပဲ ပါတယ်။ ပုသိမ်က နှစ်ယောက်၊ ကျုံပျော်က နှစ်ယောက်ပါတယ်။ ကျုံပျော်က နှစ်ယောက်ကတော့ ဝေယံတိုးရယ်၊ ဦးတင်ထွေးရယ်။ ဝေယံတိုးကတော့ ဆယ်တန်းအောင်ကာစ ကျောင်းသားလေး။ သူတို့အကုန်လုံး ပုဒ်မသုံးခုနဲ့ ထောင်ငါးနှစ်စီ ချခံထားရတာ"

ရှမ်းပြည်နယ် ညောင်ရွှေမြို့ တောင်လေးလုံးထောင်ကနေ ဒီနေ့ အကျဉ်းသား ၅၅ ဦး ပြန်လွတ်လာပေမယ့် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါဘူးလို့ ရှေ့နေအသိုက်အဝန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တောင်လေးလုံး ထောင်ကနေ ၅၅ ယောက်ပဲ လွတ်ပါတယ်။ နိုင်ကျဉ်းပုဒ်မတွေ မပါဘူးလို့ ပြောပါတယ်။ ဇွန်လမှာလွတ်မယ့် အဲဒီကလေးတောင် မပါဘူး။ ကျွန်မတို့က သူ့ကိုမျှော်တာလေ။ မေးလိုက်တော့ အဲဒီပုဒ်မတွေ မပါဘူးပေါ့။ ၅၅ ယောက်အတိပါပဲ”

လားရှိုးထောင်က ပြန်လွတ်လာသူ ၁၁ ဦးမှာတော့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကနေ (NLD) အစိုးရလက်ထက် ပြည်နယ်ဝန်ကြီးနှစ်ဦးနဲ့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန် တို့ ဒီနေ့ ပြန်လွတ်လာပါတယ်။ ဝန်ကြီးနှစ်ဦးကတော့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ ဖြစ်တယ်လို့ ကချင်ပြည်နယ် NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအမှု သုံးမှုနဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန် ဒီနေ့ မြစ်ကြီးနားထောင်က ပြန်လွတ်လာကြောင်း သူ့ရဲ့ရှေ့နေ ဒေါ်ဒေါင်နန်း က ဒီနေ့မွန်းလွဲပိုင်းက RFA ကို အတည်ပြုပြောဆိုပါတယ်။

“လွတ်ပေးလိုက်တာ ဟုတ်ပါတယ်။ ဒီနေ့ ၁ နာရီလောက်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာပါ”

မွေးရာပါ အဆုတ်အားနည်းတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ထောင်ထဲမှာ တစ်နှစ်ကျော် ချုပ်နှောင်ခံရပြီးနောက် ပြန်လွတ်လာချိန်မှာ ကိုယ်အလေးချိန် အတော်ကျဆင်းသွားပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတာကို KBC Facebook လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း အခုတစ်ကြိမ်အပါအဝင် လွတ်ငြိမ်းခွင့် ၁၅ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား စုစုပေါင်း ကိုးသောင်းငါးထောင်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီနေ့ မျှော်လင့်ချက်နဲ့ အင်းစိန်ထောင်ရှေ့ လာစောင့်နေတဲ့ အမျိုးသမီးတစ်ဦးကတော့ ခင်ပွန်းဖြစ်သူ ပြန်လွတ်မလာတဲ့အတွက် ဝမ်းနည်းရတယ်လို့ ပြောပါတယ်။

“ကျွန်မယောက်ျားကို မျှော်တာ။ မပါလို့ထင်တယ် မတွေ့ဘူး”

အဘက်အဘက်ကနေ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဒီတစ်ကြိမ်လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေထက် ရာဇဝတ်အကျဉ်းသားတွေသာ ဦးစားပေး ပြန်လွှတ်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

“ဒါကလည်း သူတို့ကျင့်သုံးနေကျ။ လွတ်ငြိမ်းတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဟန်ပြပဲ ပါတယ်။ မူယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက်တွေကိုပဲ အဓိက လွှတ်ပေးတယ်ပေါ့နော်။ ဒီတစ်ခေါက် လျှော့ရက်ခံစားခွင့်ကလည်း အကန့်အသတ်တွေများစွာဖြစ်တဲ့အတွက် ဆန့်ကျင်တွန်းလှန်ပြီး လက်နက်စွဲကိုင် တွန်းလှန်ခဲ့တဲ့ သူတွေကတော့ အကျိုးခံစားခွင့် မရဘူး။ အသေအချာကို ချန်ထားခဲ့တယ်”

ဒီလိုအကျဉ်းသားတွေ ပြန်မလွှတ်ခင် တစ်ရက်အလို ဧပြီလ ၁၆ ရက်ညနေပိုင်းမှာတော့ နေပြည်တော်ထောင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ထဲကနေ ခေါ်ထုတ်သွားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတချို့ကို အတည်ပြု ပြောဆိုထားပါတယ်။ သူတို့နှစ်ဦးကို နေအိမ်အကျယ်ချုပ်ပြောင်းလဲမလား၊ ဘယ်နေရာမှာ ထားရှိသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ ထုတ်မပြောပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၁၂ ရက် နောက်ဆုံးထုတ် ပြန်ချက်အရ အာဏာသိမ်းမှု ဆန့်ကျင်လို့ အခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်း နှစ်သောင်းကျော်ရှိနေပြီး အဲဒီထဲက တစ်သောင်းနီးပါးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။