နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ
2024.07.31

နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်က ဇူလိုင် ၃၁ ရက်က အစီရင်ခံစာထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို မီးမောင်းထိုးပြနိုင်ဖို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ၊ မတရား ပြစ်ဒဏ်ချမှတ်ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို ပြုစုထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ပြီး နိုင်ငံရေးမှာပါဝင်လှုပ်ရှားလို့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ စတင်ထိန်းသိမ်းခံရချိန်ကစပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့ ကိုယ်ဝန်ပျက်ကျတဲ့ဖြစ်ရပ်တွေရှိတယ်လို့ ပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ဥပဒေသုတေသီ ဆိုင်းက ပြောပါတယ်။
“အချုပ်ခန်းတို့မှာ စတင်ထိန်းသိမ်းခံရကတည်းက စစ်ကြောရေးတွေမှာ ဆိုးဆိုးဝါးဝါးတွေ နှိပ်စက်ခံရတဲ့အတွက် အမျိုးသမီးအချို့ကိုယ်ဝန်ဆောင်တွေ ထိန်းသိမ်းခံထားရတဲ့အချိန်မှာပဲ ကိုယ်ဝန်ပျက်ကျတဲ့ကိစ္စမျိုးကအစ တွေ့ရတယ်။ အကျဉ်းထောင်ထဲရောက်သွားပြီဆိုရင် အကျဉ်းထောင်ထဲမှာ ဆေးဝါးမရတာ၊ အရေးပေါ် အခြေအနေမျိုးမှာတောင် ပြင်ပ ဆေးရုံ၊ ဆေးခန်းကို သွားဖို့ ခက်ခဲနေတာမျိုး။ ခန္ဓာကိုယ်ကို စစ်ဆေးရာမှာလည်း မလိုအပ်ဘဲ နှိုက်နှုက်ချွတ်ချွတ် စစ်ဆေးတာမျိုး တွေလုပ်ဆောင်နေတယ်ဆိုတာမျိုးတွေ တွေ့ရတယ်"
အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦး၊ အိုးဘို၊ သာယာဝတီ စတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသူတွေဟာ သာမန်အကျဉ်းသူတွေထက် လူ့အခွင့်အရေး ပိုချိုးဖောက်ခံရတယ်လို့လည်း ဆိုပါတယ်။
ဒီအစီရင်ခံစာထုတ်ပြန်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကလည်း အွန်လိုင်းကတစ်ဆင့် ဆွေးနွေးပါတယ်။
“မြန်မာနိုင်ငံက အကျပ်အတည်းကို ကမ္ဘာ့နေရာ အများစုက မသိမမြင် မကြားကြပါဘူး၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အကျပ်အတည်းတွေကို မသိရပါဘူး”
ထောင်ထဲက အမျိုးသမီးတွေအကြောင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်က ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာမှာ ပါဝင်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေဟာ တခြားအမှုတွေနဲ့ပါ ဖမ်းဆီးခံရတယ်လို့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့(WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသူတွေကို ဖမ်းဆီးချိန်မှာ အကြမ်းဖက်ရုံတင်မကဘူး။ နိုင်ငံရေးအမှုမဟုတ်တဲ့ တခြားအမှုတွေနဲ့ ဖမ်းဆီးထားတာမျိုးတွေ၊ တိုက်ပိတ်အရေးယူထားတာမျိုးတွေ၊ နိုင်ငံရေးပုဒ်မမဟုတ်ဘဲ တခြားပုဒ်မတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်"
ဆက်နွှယ်သောသတင်းများ
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံရ
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၆၀ ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေ ပိုပြင်းထန်လာ
အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ဘဝလုံခြုံရေးက စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၁) မွန်းနေလီက ပြောပါတယ်။
“စစ်ကြောင့် အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာတာရှိတယ်။ စစ်ကိုင်းဒေသတို့ စစ်ပဋိပက္ခပိုပြင်းထန်တဲ့နေရာတွေမှာဆိုရင် မိသားစုရှေ့မှာ ဒါမှမဟုတ် ကိုယ့်ရဲ့ အမျိုးသားရှေ့မှာကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ချိုးဖောက်တယ်။ တချို့ဆိုရင် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ များလာတယ်။ နိုင်ငံရေး အကျဉ်းသူတွေရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ရိုက်နှက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လူမဆန်စွာ ဆက်ဆံမှုတွေ၊ တစ်ဖက်မှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ၊ ထိကပါး ရိကပါး နှောင့်ယှက်မှုတွေ အမျိုးမျိုးသော ချိုးဖောက်မှုတွေ ခံရတယ်"
မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က နှစ်စဉ်ကောက်ခံထားတဲ့ စာရင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးတွေဟာ အရင်ကထက် လူ့အခွင့်အရေး ၅၀ ရာခိုင်နှုန်း ပို ချိုးဖောက်ခံရတာကို ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ အမျိုးသမီး ၄၀၀၀ ကျော် ဖမ်းဆီးခံရပြီး ဒီထဲ နိုင်ငံရေးအကျဉ်းသူ အယောက် ၁၅၆၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။