စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော် အရေးယူဖို့ စစ်ဆေးနေ

RFA Burmese
2024.02.27
စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော် အရေးယူဖို့ စစ်ဆေးနေ ပလက်ဝမြို့နယ် ပကာဝရွာတိုက်ပွဲမှာ AA က ဖမ်းမိထားတဲ့ တပ်မတော်သားများကို ၂၀၁၉၊ နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။
Arakan Army

ရခိုင်ပြည်နယ်မှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ အရာခံနဲ့ တပ်သားတွေကို စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာ ရှိ၊ မရှိ စစ်ဆေးနေပြီး အမိန့်ပေးတဲ့သူ၊ အကောင်အထည်ဖော်ခဲ့တဲ့သူတွေကို သူတို့ဥပဒေအရ အရေးယူသွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) က RFA ကိုပြောပါတယ်။

“ရခိုင်နဲ့ ပလက်ဝဒေသ စစ်ပွဲတွေအတွင်းမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းက ထောင်ချီပြီး ရှိတယ်ဗျ။ ဒီစစ်သုံ့ပန်းတွေကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စစ်သုံ့ပန်းဥပဒေရော၊ နောက် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်”

ဒဏ်ရာနဲ့ မိထားတဲ့သူတွေကိုလည်း အသက်ကယ်ထားသလို သူတို့မိသားစုဝင်တွေကိုလည်း နေထိုင်၊ စားသောက်ရေး အဆင်ပြေအောင် စီစဉ်ပေးထားတယ်လို့ AA ရဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေ၊ သက်သေတွေလည်း အတော်များများ ရထားတယ်”

ကျောက်တော် တစ်မြို့နယ်တည်းမှာတင် ဖမ်းမိထားတဲ့တပ်ဖွဲ့ဝင်ရော၊ မိသားစုပါ ခြောက်ရာထက်မနည်း ရှိတယ်လို့ AA နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“လက်နက်ချတဲ့သူတွေကို လုံခြုံတဲ့နေရာတွေကို ပို့ထားပါတယ်။ သူတို့ကိုတော့ ဒီအတိုင်း အေးဆေးထားတာပါ။ ဘာမှမလုပ်ဘူး။ စစ်ဆေးမေးမြန်းတာတွေတော့ ရှိတယ်။ မိန်းမတွေသပ်သပ်နဲ့ ယောက်ျားတွေသပ်သပ် ခွဲပြီးထားတယ်။ ကောင်းကောင်းမွန်မွန် ထားပါတယ်။ ထမင်းတွေ ကျွေးတယ်။ နေမကောင်းရင်လည်း ဆေးဝါးကုသမှုတွေ ပေးတယ်”

စစ်သုံ့ပန်းနဲ့ မိသားစုတွေ နေ့စဉ်စားသောက်ရေးအတွက် ရွာသားတွေက ချက်ပြုတ်ကျွေးမွေးရတယ်လို့ ပြောပါတယ်။ ဖမ်းမိထားတဲ့သူတွေကို AA ထိန်းချုပ်ထားတဲ့ ရွာတချို့နဲ့ (AA) တပ်စခန်းတွေရဲ့ အချုပ်မှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ သူတို့ကို ဘယ်နေရာမှာ ဘယ်လိုထိန်းသိမ်းထားလဲဆိုတာ ဦးခိုင်သုခကိုမေးကြည့်တော့ လုံခြုံရေးအရ သူ့အနေနဲ့ပြောမရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ နစ်နာခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

“ကျူးလွန်ခံခဲ့ရတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ တရားမျှတမှုရရှိဖို့အတွက် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်အပြစ်ပေးသွားမှာ ဖြစ်ပါတယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေ၊ သက်သေတွေလည်း အတော်များများ ရထားတယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့ တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်က ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား တွေ့ရစဥ်။ (ဓာတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဘယ်လိုအရေးယူနေလဲဆိုတာနဲ့ပတ်သက်လို့ RFA ကစုံစမ်းကြည့်အခါ တစ်ဦးချင်းဖြစ်ဖြစ် အစုလိုက် အပြုံလိုက်ဖြစ်ဖြစ် လူသတ်မှုမှာ ပါတဲ့သူတွေဆိုရင် သေဒဏ်အမိန့်ချခံရမှာဖြစ်ပြီး သာမာန်အမှုတွေကိုတော့ အရပ်ဘက်ဥပဒေအတိုင်း ထောင်ဒဏ်တွေ ချမှတ်တာတွေ ရှိတယ်လို့ AA နဲ့နီးစပ်သူတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ တရားစီရင်ရေးကဏ္ဍကို အခိုင်အမာ တည်ဆောက်ထားပြီး အကျဉ်းထောင်တွေလည်း စနစ်တကျရှိတယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းက RFA ကို ပြောပါတယ်။

“တရားရေးကလည်းပဲ အရပ်ဘက်က ပညာရှင်တွေနဲ့ လုပ်ထားတာပေါ့ဗျာ။ အရပ်ဘက်မှာ ဥပဒေနဲ့ ကျွမ်းကျင်တဲ့လူတွေကို ဖိတ်ခေါ်ပြီးတော့မှ တပ်ဘက်နဲ့မဆိုင်ဘဲ လွတ်လပ်တဲ့တရားစီရင်ရေး တစ်ခုဖြစ်အောင် ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်လို့ရအောင် လုပ်ထားတာကိုတော့ တွေ့ရတယ်ပေါ့”

ရက္ခိုင့်တပ်တော် (AA) ဟာ မြို့ခုနစ်မြို့ကို သိမ်းပိုက်ထားသလို စစ်ကောင်စီရဲ့တပ်ရင်းတွေ၊ ဗျူဟာနဲ့ တပ်စခန်းတွေအားလုံးကိုလည်း သိမ်းပိုက်ထားတာပါ။ ဒါပေမဲ့ စစ်ကောင်စီက လေကြောင်းကရော ရေကြောင်းကပါ လာတိုက်နိုင်သေးတဲ့အတွက် ဒေသခံတွေ မြို့ထဲ ပြန်မနေကြသေးပါဘူး။

“အခုအခြေအနေမှာတော့ မြို့တွေကို သိပ်ပြီးအဝင်အထွက် မလုပ်ရသေးဘူး။ ဘာလို့လဲဆိုတော့ မြို့တွေကိုလည်း ရှင်းလင်းရေးတွေ လုပ်နေတာတွေပြီးရင် မြို့ပေါ်တွေကို လေယာဉ်နဲ့လာပစ်တာတို့ လက်နက်ကြီးပစ်တာတို့ နေဗီ (ရေတပ်) နဲ့လှမ်းပစ်တာတို့ အဲဒီလို အခြေအနေမျိုးလည်း ရှိနိုင်တယ်လေ။ အဲဒီအကြောင်းတွေရှိတော့ မြို့ပေါ်ကို မဝင်ရသေးတာပါ”

ရခိုင်စစ်ရေး အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရက္ခိုင့်တပ်တော်ကတော့ သူတို့ထိန်းချုပ်ဒေသတွေဟာ ပြည်သူတွေအတွက် အလုံခြုံဆုံးဖြစ်တဲ့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန် အပါအဝင် တခြားမြို့တွေကို သွားပြီးတိမ်းရှောင်မယ့်အစား AA ထိန်းချုပ်တဲ့ဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။