နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၉၆၀၀ ကျော် လွတ်မြောက်

RFA Burmese
2024.01.03
နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၉၆၀၀ ကျော် လွတ်မြောက် ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
RFA

[Update: 5:37 PM, Jan 4, 2024]

ဇန်နဝါရီလ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတချို့ အပါအဝင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်း အသီးသီးက ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီ ပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ ကိုပါ ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။

"သူတို့ရဲ့ အာဏာတည်မြဲနိုင်ဖို့အတွက်၊ အကုန်လုံးကို လှည့်စားဖို့အတွက် အကျဉ်းသားတွေကို လွှတ်ပေးတယ်၊ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကတော့ မဆိုစလောက်လေးပဲ ပါတာပေါ့"

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦး ကိုလည်း လွတ်ငြိမ်းခွင့်နဲ့အတူ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းစစ်ကောင်စီက သီးခြားထုတ်ပြန်ပါတယ်။

ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်ထောင်မှာ ထောင်သုံးနှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့ Myanmar Press Photo Agency က ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ပါဝင်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းယူနေချိန် ကားနဲ့တိုက်ဖြိုခွင်းပြီး ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် အများပြည်သူအကျိုးကို ပျက်စီးစေမှု ပုဒ်မ - ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရစဉ် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။

ပြန်လွတ်လာပေမယ့် မိခင်ရဲ့နောက်ဆုံးအချိန်ကို မြင်ခွင့်မရလိုက်ဘူးလို့ ကိုကောင်းဆက် လင်း က ပြောပါတယ်။

"အမေက ကင်ဆာနဲ့ ဆုံးသွားတာဗျ။ အမေ့နောက်ဆုံးအချိန်ကို မမီလိုက်ဘူး။ ဒါပေမဲ့ သားတစ်ယောက် အနေနဲ့တော့ ကျွန်တော့်တာဝန်ကျေတယ်။ ဒီအချိန်အထိ အမေ့ကို ဂုဏ်မငယ်စေခဲ့ပါဘူး။ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေ (နိုင်ငံရေးအကျဉ်းသားအားလုံး) အကုန်လုံးလည်း အပြင် ပြန်ရောက်စေချင်ပါတယ်"

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သူနဲ့ အမှုတွဲတူသူတွေထဲက နောက်ထပ် ခြောက်ဦးလည်း ဒီနေ့ ပြန်လွတ်လာပါတယ်။ ဒါပေမဲ့ ကိုကောင်းဆက် လင်းနဲ့ တစ်ရက်တည်း၊ တစ်ချိန်တည်း အဖမ်းခံရတဲ့ Myanmar Press Photo Agency သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း ကတော့ ပြန်မလွတ် သေးပါဘူး။

သမီးဖြစ်သူကိုလည်း အများနည်းတူ ပြန်လွတ်စေချင်ပေမယ့် ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ မိခင် ဒေါ်မြင့်မြင့်မော်က ပြောပါတယ်။

"မျှော်လင့်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပါမလား၊ ပါမလား မျှော်လင့်တာပေါ့။ ဒါပေမဲ့ သူက နှစ်မှု ထပ်ပြီးတော့ တပ်ခံထားရတာဆိုတော့ တအားကြီးတော့ မမျှော်လင့်ဘူးပေါ့။ သူများတွေ လွတ်လာပြီဆိုတဲ့ အခါကျတော့ ကိုယ်လည်း သူ့အတွက် ဆုတောင်း မေတ္တာပို့ ရုံပဲ ရှိတာပေါ့။ သူတို့ လွှတ်ပေးမှရမယ့်ဟာဆိုတော့ ကိုယ်တွေက ဆုတောင်း ပေးရုံပဲ တတ်နိုင်တယ်။ ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့က လွှတ်ပေးမှ ကိုယ်က လွတ်မှာဆိုတော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူးပေါ့"

မန္တလေး အိုးဘိုထောင်ကနေ ဒီနေ့ အကျဉ်းသားတစ်ထောင်ကျော် ပြန်လွတ်လာပြီး အဲဒီအထဲ မှာ NLD အစိုးရလက်ထက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ ပါဝင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေသူများနှင့် ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေသူများနှင့် ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ ပုဒ်မမျိုးစုံတပ်ပြီး ထောင်နှစ်ရှည်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD အစိုးရဝန်ကြီးတွေ၊ လွှတ်တော် အမတ်တွေ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပြန်မလွတ်သေးပါဘူး။

လားရှိုးထောင်မှာ ထောင်နှစ်သုံးဆယ်ကျော် ချမှတ်ခံထားရတဲ့ အသက် ၇၂ နှစ်အရွယ် (NLD) အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ပြန်လွတ်လာဖို့ မျှော်လင့်မိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ သတင်းတော့ မကြားမိသေးပါဘူး။ မျှော်တော့ မျှော်လင့်တာ ပေါ့လေ။ ဒါပေမဲ့ လွတ်လာရင်တော့ ကောင်းတာပေါ့"

မကွေးတိုင်း သရက်ထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင် တစ်ဦးကလည်း ထောင်နှစ်ရှည်ချမှတ်ခံထား ရသူတွေအတွက် ဒီလွတ်ငြိမ်းခွင့်က ဘာမှ မျှော်လင့်စရာ မရှိဘူးလို့ ပြောပါတယ်။

“သူတို့ရဲ့လွတ်ငြိမ်းက ဘာမှမျှော်လင့်စရာမှ မရှိတာ။ လွတ်ခါနီး နှစ်လ၊ သုံးလအလို လေး၊ ငါးလအလို အဲဒီလိုပဲ လွှတ်တာလေ။ လေး ငါး ခြောက်နှစ်ဆိုတဲ့လူတွေကို လွှတ်မှ မလွှတ်တာ။ ဒါပေမဲ့ တချို့မိသားစုဝင်တွေ လွတ်ဖို့ သုံးလေးလလိုတွေ၊ တစ်နှစ်လို တွေကတော့ မျှော်ရင် မျှော်မှာပေါ့။ သူတို့ကတော့ သွားစောင့်ကြတာပေါ့။ တကယ်တမ်း သူတို့လွှတ်ပြီဆိုရင် သုံးလလိုတို့၊ လေးလလိုတို့ အလွန်ဆုံးခြောက်လ လိုလောက်ပဲ အလွန်ဆုံး လွှတ်တာ ဘာမှရင်ခုန်စရာလည်းမကောင်းဘူး။ မနှစ်က လွတ်လပ်ရေး လည်း အဲဒီအတိုင်းပဲ ဟိုတစ်မြန်နှစ်က လွတ်လပ်ရေးလည်း အဲဒီအတိုင်းပဲ။ လွတ်လပ်ရေးတိုင်း အဲဒီထောင်ရှေ့မှာ ကျွန်မရှိတယ်။ လွတ်ငြိမ်းဆိုတာနဲ့ သွားတယ်”

ဒီနေ့ပြန်လွတ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ထောင်နှစ်ရှည် ချမှတ်ခံထားရသူတွေ မပါဘဲ နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ နှစ်အနည်းငယ် ချမှတ်ထားသူတွေကိုသာ စစ်ကောင်စီက လွတ်ရက်နီးလို့ လွတ်ငြိမ်းခွင့်ပေးလိုက်တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသား ၅၀၅ (က) နဲ့ တစ်နှစ်အောက်တွေ အားလုံးပါတယ်။ အစောပိုင်းချထားတဲ့ လက်နက်မှု သုံးနှစ်တွေ၊ ၁၇ (၁) နဲ့ သုံးနှစ်တွေ အဲဒါတွေ ပါပါတယ်။ လက်နက်မှုဆိုရင်တော့ ဖောက်ခွဲတွေ လေ၊ ဖောက်ခွဲ သမားတွေ ၁၉ (က)နဲ့ သုံးနှစ်ချထားတဲ့ ကလေးတွေ ပါမှာပေါ့။ ဒီတစ်ခေါက် လွတ်သူက နည်းနည်းများတဲ့ သဘောတော့ ရှိပါတယ်"

ဒီလိုလွတ်ငြိမ်းခွင့်တွေဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားဖို့သက်သက်သာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အစစအရာရာမှာ ကျရှုံးခန်းကိုရောက်နေပြီ။ သူတို့ရဲ့ထွက်ပေါက်တစ်ခုအဖြစ်နဲ့ နိုင်ငံတကာကို ပြည်သူတွေကို မျက်စိလှည့်ချင်တဲ့အတွက်ကြောင့် ဒီလိုမျိုး လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးတယ်။ တကယ်တမ်း တည်ငြိမ်တဲ့ နိုင်ငံတွေမှာ ဒါမျိုးလွတ်ငြိမ်းခွင့် ကဒီးကဒီး ပေးနေတာမရှိဘူး။ စစ်အာဏာရှင်ကတော့ ရှင်းတယ်။ သူတို့ရဲ့ အာဏာ တည်မြဲနိုင်ဖို့အတွက်၊ အကုန်လုံးကို လှည့်စားဖို့အတွက် အကျဉ်းသားတွေကို လွှတ်ပေး တယ်၊ အဲဒီအထဲ မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကတော့ မဆိုစလောက်လေးပဲ ပါတာ ပေါ့။ ဒါကတော့ ထုံးစံအတိုင်းပါပဲ။ စိတ် စေတနာဆိုတာကတော့ တိုင်းပြည်အပေါ်ကို စေတနာမရှိလို့ကို မတရား အာဏာလုထားတာဖြစ်တယ်"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း အခုတစ်ကြိမ်အပါအဝင် လွတ်ငြိမ်းခွင့် ၁၄ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား စုစုပေါင်း ကိုးသောင်းနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ပါတယ်။

AAPP ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ ဇန်နဝါရီ ၄ ရက်၊ ဧပြီ ၁၇ ရက်၊ ဩဂုတ် ၁ ရက်၊ မေလ ၃ ရက်နေ့တွေမှာ စစ်ကောင်စီက အကျဉ်းသား နှစ်သောင်းကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင့်လေးရာကျော်သာ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။