သံတိုင်တွေနောက်ကွယ်က ထောင်တွင်းတိုက်ပွဲများ

RFA Burmese
2024.05.17
သံတိုင်တွေနောက်ကွယ်က ထောင်တွင်းတိုက်ပွဲများ မန္တလေးသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မန္တလေးမြို့တစ်နေရာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ချီတက်ဆန္ဒပြကြစဥ်။
Simple light,MRS

စစ်ကောင်စီလက်အောက်က ထောင်အာဏာပိုင်တွေရဲ့ ထောင်တွင်းဖိနှိပ်မှုတွေကို ပြန်လည်တွန်းလှန်ရင်း ထောင်တွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရှိပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက အကျဥ်းထောင်ပေါင်း ၁၅ ခုထက်မနည်းမှာ သိသာထင်ရှားတဲ့ ထောင်တွင်းဆန္ဒပြမှုတွေနဲ့ ထောင်တွင်းအဓိကရုဏ်း စုစုပေါင်း ၃၂ ကြိမ်ရှိခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်မှာ သုံးကြိမ်၊ ၂ဝ၂၂ ခုနှစ်မှာ ၁၇ ကြိမ်၊ ၂ဝ၂၃ ခုနှစ်မှာ ကိုးကြိမ်နဲ့ ၂ဝ၂၄ ခုနှစ် မေလလယ်အထိ သုံးကြိမ် ဖြစ်ပွားခဲ့တာပါ။

ဒီလှုပ်ရှားမှုတွေအပြင် အကျဥ်းထောင်လုပ်ငန်းစဥ်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေက ပူးပေါင်းပါဝင်မှုမလုပ်တာ၊ ထောင်တွင်းဈေးဆိုင်မှာ ဈေးမဝယ်တာ၊ ထောင်ကပေးတဲ့ အစားအသောက်ကို ရက်အကန့်အသတ်နဲ့ မယူဘဲနေတာ စတဲ့အနုနည်းနဲ့ ဖိနှိပ်မှုကိုလက်မခံကြောင်း ပြသတဲ့လှုပ်ရှားမှုတွေကတော့ နိုင်ငံတစ်ဝန်းက အကျဥ်းထောင်အားလုံးနီးပါးမှာ ရှိခဲ့ပါတယ်။

◼ ထောင်တွင်း ပစ်ခတ်နှိမ်နင်းမှုများ

ထောင်တွင်းဆန္ဒပြမှုတွေဟာ နည်းမျိုးစုံနဲ့ဖြိုခွင်းခံရပြီး ပစ်ခတ်နှိမ်နှင်းမှုကတော့ သုံးနှစ်ကျော်အတွင်း ထောင်ခြောက်ခုမှာ ကြုံတွေ့ခဲ့ရပါတယ်။

၂ဝ၂၂ ခုနှစ်မှာ ကလေးထောင်နဲ့ မုံရွာထောင်၊ ၂ဝ၂၃ ခုနှစ်မှာတော့ ပုသိမ်ထောင်နဲ့ ညောင်ရွှေထောင်၊ ၂၀၂၄ ခုနှစ်မှာ ဖျာပုံထောင်နဲ့ မြစ်ကြီးနားထောင်တို့မှာ ပစ်ခတ်နှိမ်နင်းခံခဲ့ရတာပါ။

အဲဒီပစ်ခတ်နှိမ်နင်းမှုတွေကြောင့် စုစုပေါင်း အကျဥ်းသား၊ အချုပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး ကိုးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီအထဲမှာ အသေအပျောက်ဆုံးက ၂ဝ၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ ကလေးထောင်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်စဥ်ပါ။ အဲဒီမှာ အကျဥ်းသား၊ အချုပ်သား ခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ ၂၀၁၉ မေ ၈ ရက်နေ့က အကျဉ်းသားတွေ ဆန္ဒပြစဥ်။ (Photo: Kyaw Thet Win’s FB)
ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ ၂၀၁၉ မေ ၈ ရက်နေ့က အကျဉ်းသားတွေ ဆန္ဒပြစဥ်။ (Photo: Kyaw Thet Win’s FB)

ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေ ထကြွမှုမရှိအောင် နည်းပေါင်းစုံနဲ့ ဖိနှိပ်ထားတာဖြစ်ပြီး ဖိနှိပ်မှုတွေကို တွန်းလှန်တဲ့အခါမှာလည်း အသက်ကိုပါ စတေးနေရတယ်လို့ စစ်ကိုင်းတိုင်း ကလေးအကျဥ်းထောင်တွင် အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

“ထောင်ဝန်ထမ်းတွေကနေ တင်းကျပ်တာတွေကတော့ ကြားနေရတာပေါ့။ အရင်တုန်းကလည်း ထောင်တွင်းဆန္ဒပြပွဲဖြစ်လို့ ဖိနှိပ်လို့၊ လူသေပျောက်တာတွေလည်း ကြားနေရတော့ သူတို့လက်ထဲမှာတော့ တော်တော်များများက ကိုယ့်အသက်ကို တန်ဖိုးထားပြီးမှ ထလာဖို့ခက်အောင်တော့ လုပ်ထားတာပေါ့။ မကြောက်လို့ လုပ်မယ်ဆိုလည်း အသက်တွေ စတေးရတာတွေက များနေပြီလေ”

ဒုတိယ လူအသေအပျောက် အများဆုံးကတော့ နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ကို မကျေနပ်လို့ ဧပြီ ၁၈ ရက်နေ့ကဖြစ်ခဲ့တဲ့ မြစ်ကြီးနား အကျဥ်းထောင်တွင်း ဆန္ဒပြမှုပါ။ ဒီဆန္ဒပြပွဲကို ထောင်အာဏာပိုင်တွေအပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာမှာ အကျဥ်းသား ငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

◼ထောင်ပြင်ထုတ် သတ်ဖြတ်မှုများ

ဒီလိုထောင်တွင်းဆန္ဒပြမှုတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြင် ခေါ်ထုတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဥ်နှစ်ခု အင်းစိန်ထောင်နဲ့ ဒိုက်ဦးထောင်တွေမှာ ရှိခဲ့ပါတယ်။

ထောင်တွင်းပုန်ကန်မှုတွေကို ဦးဆောင်သူလို့ သတ်မှတ်ပြီး ထောင်ပြင် ခေါ်ထုတ်သတ်ဖြတ်တာတွေရှိတယ်လို့ ဒိုက်ဦးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးက ပြောပါတယ်။

“ထောင်ထဲမှာ အကြမ်းဖက်စစ်ဆေးမှုတွေလုပ်တဲ့အတွက် ကျွန်တော်တို့တွေက ဆန္ဒပြန်ပြတာရှိတယ်။ အဲဒီအခါမှာ သူတို့က နှိပ်စက်တာ၊ ရိုက်နှက်တာ တိုက်ပိတ်တာမျိုးတွေ လုပ်တယ်။ ပြီးရင် ထောင်ပြောင်းတာမျိုးတွေ လုပ်တယ်။ ထောင်ပြောင်းတာတွေ လုပ်ရင်းနဲ့မှ စစ်ကြောရေးကို တစ်ဖန်ခေါ်သွားပြီး ထောင်ဖောက်ဖို့ကိစ္စတွေ အပြင်ကို ဆက်သွယ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကြောရေး လုပ်ကြတယ်။ အဲဒီလိုလုပ်ရင်းနဲ့မှ သူတို့တွေက ယူဆချက်ပေါ့နော်။ သူတို့ကဖြင့် ထောင်ထဲမှာ အန္တရာယ်ရှိတဲ့လူတွေ၊ သူတို့ကဖြင့် ထောင်ထဲမှာ စည်းရုံးလှုံ့ဆော်နိုင်တဲ့လူတွေ ဆိုတဲ့ခေါင်းစဥ်နဲ့ နာမည်ရွေးခေါ်ပြီးတော့မှ အပြင်ရောက်တဲ့အခါမှာ မတရားသဖြင့် သတ်ဖြတ်ပစ်တယ်လို့ တစ်ထစ်ချပြောလို့ရတယ်”

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်မှာ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က နိုင်ငံရေးအကျဥ်းသား ၂၄ ယောက်ကို ထောင်အပြင်ခေါ်ပြီး စစ်ကြောရေး ထပ်လုပ်တဲ့အခါ အသက် ၁၉ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုသန့်ဇင်ဝင်းနဲ့ နောက်ထပ် အမည်မသိရသေးတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်ဦး သေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။ (Photo: Citizen Journalist)
မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။ (Photo: Citizen Journalist)

၂၀၂၃ ခုနှစ် ဇွန်လမှာတော့ ဒိုက်ဦးထောင်ကနေ ခေါ်ထုတ်ခံခဲ့ရပြီးနောက် ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးရှိပြီး အဲဒီထဲမှာ ရှစ်ဦးက သေဆုံးသွားတယ်ဆိုတာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အတည်ပြုနိုင်ခဲ့ပါတယ်။

သူတို့ကို ထောင်ပြောင်းတဲ့အချိန်၊ လမ်းမှာကားမှောက်တော့ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေဆုံးသွားတဲ့အကြောင်း ကာယကံရှင်မိသားစုဆီ ထောင်အာဏာပိုင်တွေ အကြောင်းကြားတဲ့စာကို RFA က ဖတ်ခွင့်ရခဲ့ပါတယ်။

ရန်ကုန်တိုင်း အင်းစိန်ထောင်မှာလည်း နိုင်ငံရေးအကျဥ်းသား ခုနစ်ဦးကို ထောင်ပြင်ခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဧပြီလရောက်မှ မိသားစုဝင်တွေ သိခဲ့ရတာဖြစ်ပြီး အသက် ၂၀ ကျော် ကိုအောင်ခန့်ဖြိုး (ခ) ကိုမိုးတိမ်၊ ကိုပြည့်ဖြိုးငြိမ်း၊ ကိုညီညီထွေးနဲ့ အသက် ၅၀ အရွယ်တွေ ဖြစ်တဲ့ ဦးချစ်ကို၊ ဦးအောင်ဇော်လင်း၊ ဦးတင်စိုးနဲ့ ဦးအေးသိန်းတို့ အသက်ဆုံးရှုံးခဲ့ရတာပါ။

သူတို့ဟာ စစ်မှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လက်နက်တွေ ရှိတဲ့နေရာကို လိုက်ပြဖို့ အင်းစိန်ထောင်ကနေ ခုနစ်ဦးလုံးကို ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်တာလို့ သတ်ဖြတ်ခံရသူတွေထဲက မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

◼ ထောင်တွင်းဆန္ဒပြပွဲ အောင်မြင်မှုတချို့

ထောင်တွင်းဆန္ဒပြပွဲတွေအများစုက ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖြိုခွင်းတာ၊ တိုက်ပိတ် ပြစ်ဒဏ်ပေးတာတွေနဲ့ ကြုံခဲ့ရပေမဲ့ ဒီသုံးနှစ်ကျော်အတွင်းမှာ ထောင်တွင်းဆန္ဒပြမှုရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲကနေတစ်ဆင့် တောင်းဆိုချက်တွေ ရရှိခဲ့တဲ့ရှားပါးဖြစ်စဥ် နှစ်ခုရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကတော့ စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်နဲ့ မွန်ပြည်နယ် ကျိုက်မရော အကျဥ်းထောင်တွေမှာ ဖြစ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က မုံရွာအကျဥ်းထောင်မှာ ဌာနပေါင်းစုံရှာဖွေရေး ဝင်ရောက်ပြီးနောက် နိုင်ငံရေးအကျဥ်းသားတွေရဲ့ ပစ္စည်းတွေ သိမ်းယူခံရတာကတစ်ဆင့် အစာငတ်ခံဆန္ဒပြပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

ဒီဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဥ်းသား ငါးဆယ်ခန့်ပါဝင်ခဲ့ပြီး သိမ်းဆည်းခံလိုက်ရတဲ့ အကျဥ်းသားပိုင်ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေ လွတ်လွတ်လပ်လပ်ပို့ခွင့်ပြုဖို့၊ အစာငတ်ခံ ဆန္ဒပြနေသူတွေရဲ့ ကျန်းမာရေးကို တာဝန်ယူပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒီတောင်းဆိုမှုတွေကို ထောင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြေလည်ခဲ့တာကြောင့် အစာငတ်ခံဆန္ဒပြမှု ခြောက်ရက်မြောက်နေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြခဲ့တဲ့အထဲက နိုင်ငံရေးအကျဥ်းသား ၂၆ ဦးကို လျှော့ရက်ခံစားခွင့် တစ်နှစ်ပိတ်ပင်တာ၊ ထောင်တွင်း ထပ်တိုးတရားစွဲတာတွေ ရှိခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောထောင်မှာတော့ နိုင်ငံရေးအကျဥ်းသား နှစ်ဦးကို တိုက်ပိတ်လိုက်တာနဲ့ပတ်သက်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသား ၄၇ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စကို ထောင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြေလည်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစာငတ်ခံ ဆန္ဒပြပွဲ ပြီးဆုံးခဲ့ပါတယ်။

အဲဒီတုန်းကတော့ တိုက်ထဲက နိုင်ငံရေးအကျဥ်းသား နှစ်ဦးကို မူလအဆောင် ပြန်ပို့ပေးဖို့၊ အကျဥ်းသားတွေကို ထောင်ဖွင့်ချိန်မှာသာ ခေါ်ယူမေးမြန်းဖို့နဲ့ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြမှုနောက်ဆက်တွဲအနေနဲ့ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အကျဥ်းသား ၄၇ ဦးထဲက ကိုးဦး ကျန်းမာရေးထိခိုက်လို့ ထောင်ဆေးရုံ တင်ခဲ့ရပါတယ်။

အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်တွင်းမှာ ကြုံနေရတဲ့ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောင်ပြင်ပနဲ့ နိုင်ငံတကာက သိနိုင်အောင် အသက်တွေရင်းပြီး တွန်းလှန်နေကြတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ထောင်ထဲမှာ ဆန္ဒပြပွဲတွေကို လုပ်မယ်ဆိုရင် ထောင်အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းခြင်း၊ စစ်တပ်နဲ့ ရဲတို့ရဲ့ ပူးပေါင်းပြီးမှ နှိမ်နင်းခြင်း၊ ပစ်ခတ်ခြင်း အသက်အန္တရာယ်တွေ များစွာထိခိုက်နိုင်တယ်ဆိုတာကို ထောင်ထဲမှာရှိနေကြတဲ့ နိုင်ငံရေးအကျဥ်းသားတွေက သိကြပါတယ်။ သို့သော်လည်းပဲ အများခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတွေသိရှိဖို့၊ နိုင်ငံတကာက ဒါမှသာ အကျဥ်းထောင်ထဲမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အသက်တွေကို အပေါင်ပေးပြီးမှ ထောင်တွင်းတိုက်ပွဲ၊ ထောင်တွင်းဆန္ဒပြပွဲတွေအထိဖြစ်အောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်”

◼ ထောင်ဖောက်ပြေးမှုများ

အာဏာသိမ်းကာလအတွင်း နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ခဲ့တဲ့ ထောင်ဖောက်ပြေးမှု သုံးကြိမ်ရှိခဲ့ပြီး ဘားအံ၊ ပခုက္ကူနဲ့ တောင်ငူအကျဉ်းထောင်တွေမှာ ဖြစ်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကရင်ပြည်နယ် ဘားအံအကျဥ်းထောင် ကြိုးကြာဆောင်က နိုင်ငံရေးအကျဥ်းသား နှစ်ဦးဟာ ထောင်အုတ်ရိုးကို ကြိုးနဲ့ချိတ် ကျော်တက်ပြီး ထွက်ပြေးခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ကို လှမ်းမြင်တဲ့ တာဝန်ကျထောင်ဝန်ထမ်းက ကင်းမျှော်စင်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ပစ်ခတ်ဖို့ အမိန့်ပေးခဲ့ပေမဲ့ ကျည်မထွက်တဲ့အတွက် ထွက်ပြေးလွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။

ကိုဗေဒါနှင့်အဖွဲ့ တောင်ငူထောင်မှ ထွက်ပြေးရန်တိုင်ပင်ကြသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံတစ်ပုံ။ (Sketch by Rebel Pepper)
ကိုဗေဒါနှင့်အဖွဲ့ တောင်ငူထောင်မှ ထွက်ပြေးရန်တိုင်ပင်ကြသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံတစ်ပုံ။ (Sketch by Rebel Pepper)

အဲဒီနောက်မှာတော့ နိုင်ငံရေးအကျဥ်းသားတွေကို သီးသန့်ထားတဲ့ ကြိုးကြာဆောင်ကနေ ထောင်တွင်းပိုင်းကို ပြောင်းခိုင်းရာမှာ အခြေအနေတွေ တင်းမာပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ကပါ ထောင်တွင်း ဝင်ရောက်ရိုက်နှက်လို့ နိုင်ငံရေးအကျဥ်းသား ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူအကျဥ်းထောင်မှာ အချုပ်ကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ငါးဦးကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အချုပ်ခန်းကိုဖောက်၊ မြင့်မားတဲ့ ထောင်ဝင်း အုတ်တံတိုင်းကို ခက်ခက်ခဲခဲကျော်တက်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ပခုက္ကူထောင်က လွတ်မြောက်သွားသူတွေထဲမှာ 96 Solider တပ်ဖွဲ့ဝင် PDF နှစ်ဦးနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ အရပ်သား သုံးဦး ပါဝင်ပါတယ်။

ထွက်ပြေးလွတ်မြောက်ခဲ့သူတွေထဲက PDF တပ်ဖွဲ့ဝင် ကိုနေထက်ကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ရွှေပန်းကုံး နယ်မြေရဲစခန်းကို စီးနင်းတိုက်ခိုက်တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။

ကိုနေထက်ဟာ ထောက်ဖောက်ခဲ့တဲ့ ငါးဦးထဲမှာ ၁၈ ပေအမြင့်ရှိတဲ့ အုတ်တံတိုင်းကျော်ချိန် အောက်ဆုံးကနေ ကျန်လေးဦးကို မ,တင်ပေးခဲ့သူဖြစ်ပြီး သူကျော်တက်တဲ့အချိန်မှာ သုံးကြိမ်ပြုတ်ကျခဲ့ပေမဲ့ နောက်ဆုံးတစ်ကြိမ်မှာ လွတ်မြောက်ခဲ့တာလို့ ကိုနေထက်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

ထောင်ဖောက်ပြေးမှု နောက်ဆုံးတစ်ကြိမ်ကတော့ ပဲခူးတိုင်း တောင်ငူထောင်မှာပါ။ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့ အကျဥ်းထောင်ကနေ တရားရုံးထုတ်စဉ်မှာ နိုင်ငံရေးအကျဥ်းသားတချို့က လုံခြုံရေးဝန်ထမ်းတွေဆီကနေ သေနတ်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။

သေနတ်လုထွက်ပြေးလွတ်မြောက်လာတဲ့သူတွေထဲမှာ PDF တပ်ဖွဲ့ဝင် ခုနစ်ဦးနဲ့ ၂၀၂၀ ခုနစ်ကတည်းက သေဒဏ်ချခံထားရတဲ့ ရာဇဝတ်အကျဥ်းသား သုံးဦးပါဝင်ပါတယ်။

ကိုဗေဒါနှင့်အဖွဲ့ တောင်ငူထောင်မှ ထွက်ပြေးလာကြသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံတစ်ပုံ။ (Sketch by Rebel Pepper)
ကိုဗေဒါနှင့်အဖွဲ့ တောင်ငူထောင်မှ ထွက်ပြေးလာကြသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံတစ်ပုံ။ (Sketch by Rebel Pepper)

ထောင်တွင်းဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေနဲ့ ထောင်ဖောက်ပြေးမှုတွေ များပြားနေတာဟာ တိုင်းပြည် မတည်ငြိမ်တာနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေတာကြောင့် ဖြစ်လာရတာလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။

“အကျဥ်းထောင်ဆူပူမှုတွေ ဖြစ်ကြတယ်ဆိုတဲ့ အခြေခံအကြောင်းတရားက နိုင်ငံမတည်မငြိမ်ဖြစ်တာပေါ့၊ တရားဥပဒေစိုးမိုးမှုပျက်စီးမယ်၊ နိုင်ငံက မတည်မငြိမ်ဖြစ်မယ်။ သက်ဆိုင်ရာအကျဥ်းထောင် အာဏာပိုင်များကလည်း လိုအပ်တာထက် ပိုလွန်ပြီးတော့ စည်းကမ်းတင်းကျပ်တာတွေ၊ ဖိနှိပ်တာတွေ၊ မလိုအပ်ဘဲနဲ့ အကျဥ်းထောင်ဥပဒေတွေနဲ့ဆန့်ကျင်ပြီးတော့ ရိုက်နှက်တာတွေ ညှင်းပန်းတာတွေ ဒါတွေရှိလာတဲ့အခါကျတော့ ပွတ်တိုက်မှုတွေဖြစ်ကြတာပေါ့။ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်မယ်။ အဲဒီကနေမှ အကျဥ်းထောင်ဆူပူမှုတွေအထိ ရောက်သွားတာပေါ့။ ပြောရရင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းရဲ့ ရောင်ပြန်ဟပ်မှုတွေပေါ့”

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၄ ရက်နေ့အထိစာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ နှစ်သောင်းခွဲကျော် (၂၆,၆၇၅ ဦး) ရှိပြီး အဲဒီအထဲက ကိုးထောင်နီးပါး (၈,၉၉၅ ဦး)က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီကတော့ ထောင်တွင်းကိစ္စတွေနဲ့ပတ်သက်လို့ ဥပဒေအတိုင်း လုပ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေမရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။