ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပြန်လွတ်

RFA Burmese
2025.01.04
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပြန်လွတ် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

[Update: 4: 50 PM, Jan 4, 2025]

၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေထဲ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက် ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၄ ရက်မနက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းခွင့်ပြုတဲ့အထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဒေါက်တာ ခက်အောင် အပါအဝင် ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ ခြောက်ရာနီးပါးကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် ပြောကြားပါတယ်။

“အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ အဲဒီထဲမှ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့သူ ခြောက်ရာဦးခန့် ပါဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ၁၈၀ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ အများအားဖြင့် ထိုင်းနိုင်ငံသားတွေ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း လွတ်ငြိမ်းထဲမှာ ပါဝင်လာပါတယ်”

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ ၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မတွေနဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာပါ။

"စစ်ရေးရှုံးနိမ့်မှုရှိချိန်မှာ သူ့ကို တော်လှန်ခဲ့တဲ့၊ အုပ်ချုပ်မှုကို လက်မခံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အပါအဝင် လက်နက်ကိုင်ပုဒ်မတွေကို လွှတ်ပေးရဲတဲ့ သတ္တိရှိမနေဘူးပေါ့နော်”

လွတ်ငြိမ်းခွင့်ရသူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်မှုအပြင် အရင်ကကျခံရမဲ့ ပြစ်ဒဏ်တွေကိုပါ ထပ်ပေါင်းကျခံရမယ်ဆိုတဲ့ စည်းမျဉ်းကန့်သတ်ချက် လည်းရှိပါတယ်။

နိုင်ငံတစ်ဝန်း အကျဉ်းသား ၅၉၀၀ နီးပါး ပြန်လွှတ်တာကြောင့် ဒီအရေအတွက်နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေး အကျဉ်းသား ပြန်လွတ်တဲ့အရေအတွက်ဟာ နည်းပါးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အား တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အား တွေ့ရစဉ်။ (Photo: RFA)

စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်မလွှတ်ရဲဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“လွတ်ငြိမ်းပေးတိုင်းမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အင်မတန်နည်းပါတယ်။ တစ်ခါတစ်ခါ လွှတ်ပေးတိုင်းမှာ ဆယ်ရာခိုင်နှုန်းအောက်ပေါ့နော်။ ငါးရာခိုင်နှုန်းဝန်းကျင်းမှာပဲရှိတယ်။ ရှေ့တန်းစစ်မြေပြင်မှာ စစ်သည်အင်အား အလုံးအရင်းနဲ့ စစ်ရေးရှုံးနိမ့်မှုရှိချိန်မှာ သူ့ကို (စစ်ကောင်စီကို) တော်လှန်ခဲ့တဲ့၊ အုပ်ချုပ်မှုကို လက်မခံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အပါအဝင် လက်နက်ကိုင်ပုဒ်မတွေကို လွှတ်ပေးရဲတဲ့ သတ္တိရှိမနေဘူးပေါ့နော်”

အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းထက် ကာကွယ်ရေးတပ်ဖွဲ့တွေက မြေပြင်စိုးမိုးထိန်းချုပ်မှုရယူပြီး ပွင့်လာမဲ့ ထောင်တံခါးတွေကိုသာ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

၂၀၂၄ ခုနှစ်မှာ နိုင်ငံတစ်ဝန်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံး

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို

မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ဖို့ အမေရိကန် တိုက်တွန်း


ဒီနေ့ပြန်လွတ်လာသူတွေအထဲ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးပဲ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အားလုံး ၂၃ ယောက်လောက် လွတ်တယ်၊ ၂၃ ယောက်ထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး၊ လေးဦးပဲ နိုင်ကျဉ်းပါတယ်။ ကျန်တာ ၁၉ ယောက်က တခြားအမှုတွေ”

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အလားတူ ပြည်အကျဉ်းထောင်က အကျဉ်းသား ခြောက်ဆယ်ကျော် လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ လေးဦး စုစုပေါင်း ၁၁ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ မှာ ပုဒ်မခွဲ လေးခုနဲ့ ၅၀၅-က မှာ ပုဒ်မခွဲ သုံးခုရှိပါတယ်။

အဲဒီပုဒ်မတွေနဲ့ အရေးယူပြစ်ဒဏ်ချတဲ့အခါ ငွေဒဏ်အပါအဝင် ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိချမှတ် နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ကတော့ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးနေတာလို့ RFA ကို ပြောပါတယ်။

“နိုင်ငံတကာကို ချပြဖို့ အကြောင်းပြချက် ရှာတဲ့အနေနဲ့ စတိလွှတ်တဲ့ ပုံစံမျိုးလေးပဲ။ ဒီနိုင်ငံရေးအကျဉ်းသားတွေဟာ မကြာခင်မှာ လွတ်တော့မဲ့သူတွေကို အလွှတ်ပြလိုက်တာပဲ ရှိတယ်။ တစ်ရက် နှစ်ရက်ကြိုစောပြီးတော့။ သူ့ (စစ်ကောင်စီ) အနေနဲ့ ဟုတ်တိပတ်တိ အာဆီယံရဲ့ ဘုံသဘောတူညီချက်တို့ ဘာတို့ လျှောက်အော်ပြီးတော့ တကယ့်တကယ် လုပ်ငန်းဆောင်တာမှာ သေချာလုပ်တာဘာမှ မရှိပါဘူး ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းလေးနှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား နှစ်သောင်းရှစ်ထောင်ကျော် (၂၈,၀၉၆ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက နှစ်သောင်းတစ်ထောင်ကျော် (၂၁,၄၉၉ ဦး) ဟာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

လွတ်ငြိမ်းခွင့်ပြုတဲ့အထဲ အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ ထောင်ဒဏ်တစ်သက် ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ယောက်ကို ထောင်ဒဏ် ၁၅ နှစ် လျှော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

(မှတ်ချက်။ အကျဉ်းထောင်နှင့် နီးစပ်သူများ၊ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူများ၏ အသံများကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။