ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို

RFA Burmese
2024.12.21
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
THET AUNG / AFP

စစ်ကောင်စီ ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်တဲ့အတွက် အကျဉ်းထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ ကင်မ် အဲရစ်က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ထိန်းသိမ်းထားတာ အလွန်ကြာမြင့်နေပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေတယ်လို့ ကင်မ်က ပြောတဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Independent သတင်းဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။

"မေမေရဲ့ ကျန်းမာရေးအခြေအနေ မကောင်းဘဲ၊ အားနည်းနေပါတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော် ထပ်ပြီးတောင်းဆိုရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေရဖို့ တစ်ဘဝလုံးစာ ပေးဆပ်ခဲ့တဲ့သူ ဖြစ်ပါတယ်" လို့ ကင်မ် အဲရစ်က ပြောပါတယ်။

မိခင်ဖြစ်သူဟာ လာမယ့်နှစ် အသက် ၈၀ ပြည့်တဲ့အချိန်မှာ သူ့ဘဝတစ်လျှောက်လုံးရဲ့ လေးပုံတစ်ပုံလောက်ကို စစ်တပ်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ဖြတ်သန်းခဲ့ရတာ ဖြစ်တော့မှာဖြစ်ကြောင်း၊ မိခင်ဖြစ်သူ ကျန်းမာဖို့နဲ့ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းရုံပဲ တတ်နိုင်ပါတယ်လို့ ကင်မ်က ပြောပါတယ်။

မကြာခင်က ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးအတွင်းဝန်ဟောင်း သုံးဦး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့နောက် သားဖြစ်သူ ကင်မ် အဲရစ်ကလည်း အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကိုထားတဲ့ အကျဉ်းထောင်တွေရဲ့ အခြေအနေဟာ ဆိုးဝါးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိန်းသိမ်းခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနဲလ်က ပြောထားပါတယ်။

မစ္စတာရှောင်တာနဲလ်က သူထိန်းသိမ်းခံထားရတဲ့ အတောအတွင်း ကြာသပတေးနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး အပြုသဘောဆောင်တဲ့ ခံယူချက်ကို ထိန်းထားနိုင်တဲ့အကြောင်း ပြောပြခဲ့တာတွေကိုလည်း The Independent သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။