စီးပွားရေးအကြံပေး ရှောင်တာနဲလ် အပါအဝင် အကျဉ်းသား ၆၀၀၀ နီးပါး ပြန်လွတ်

နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲလ်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာနဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့မနက်ပိုင်းက အတည်ပြု ပြောဆိုပါတယ်။
"လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးမှာက ရှောင်တားနဲလ်ရယ်၊ ဗစ်ကီဘိုးမန်း၊ တိုရူကူဘိုတာနဲ့ ကျော်ဌေးဦး အမေရိကန်နိုင်ငံသားရယ် လေးယောက်၊ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေထဲမှာဆိုရင် ဦးကျော်တင့်ဆွေ၊ ဦးသန်းဌေး (ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်) နဲ့ ဒေါက်တာ လဲ့လဲ့မော်ရယ်၊ နောက်ထပ် နှစ်ယောက်ကတော့ ဗစ်ကီဘိုးမန်းရဲ့ အမျိုးသား ထိန်လင်း ပန်းချီဆရာနဲ့ ဆင်မ(ခေါ်) ဇော်မင်းထိုက် ဟာသသရုပ်ဆောင်ရယ်"
စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ဒီနေ့ထုတ်ပြန်တဲ့ အမိန့်စာမှာလည်း မစ္စတာ ရှောင်တားနဲလ်၊ ဗစ်ကီဘိုးမန်း၊ တိုရူကူဘိုတာနဲ့ ဦးကျော်ဌေးဦး တို့ လေးဦးကို သံတမန်ဆက်ဆံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ် ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပုဒ်မ- ၄၀၁ ပုဒ်မခွဲ (၁) အရ နောက် တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် နောက်ထပ်ပြစ်ဒဏ်အပြင် အခု ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်လို့ ကန့်သတ်ထိန်းချုပ်ထားပါတယ်။
ရှောင်တားနဲလ်ဟာ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ခံထားရတာပါ။ ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာ ဦးထိန်လင်း တို့ကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ - ၁၃ (၁) နဲ့ ၅ (၁) အရ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံထားရတာပါ။ ဂျပန်နိုင်ငံသား တိုရူကူဘိုတာကတော့ ရန်ကုန်မြို့က ဆန္ဒပြပွဲတစ်ခုကို မှတ်တမ်း ဗီဒီယိုရိုက်ကူးတာကြောင့် နိုင်ငံရေးပုဒ်မ - ၅ဝ၅ (က)၊ အီလက်ထရွန်နစ် ပုဒ်မ - ၃၃ (က)၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ - ၁၃ (၁) နဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံထားရတာပါ။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးကတော့ ထောင်တွင်း လျှို့ဝှက်တရားစီရင်မှုကြောင့် ပုဒ်မအတိအကျ မသိရဘဲ ရမည်းသင်းထောင် မှာ ထောင် ခုနစ်နှစ် ချမှတ်ခံထားရတာပါ။
လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ မစ္စတာ ရှောင်တာနဲလ်ကို ဒီမနက် ၈ နာရီခန့်က အင်းစိန်ထောင် ကနေ လေဆိပ်ကို တိုက်ရိုက်ခေါ်ဆောင်သွားပြီး လေဆိပ်ကနေတဆင့် ဩစတြေးလျသံရုံး တာဝန်ရှိသူတွေထံ လွှဲပြောင်းပြီးတာနဲ့ ဩစတြေးလျနိုင်ငံကို ချက်ချင်း ပြန်ပို့လိုက်ပြီလို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ ဂျပန် မှတ်တမ်းရုပ်ရှင်သမား တိုရူကူဘိုတာ တို့ကိုလည်း သက်ဆိုင်ရာ သံရုံးအရာရှိတွေထံ လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတချို့က RFA ကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီနေ့ လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ အကျဉ်းသား ၅,၇၇၄ ဦးမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီး ခံထားရသူ ၇၁၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။
ဒီနေ့ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်က ပြန်လွတ်မယ့်သူတွေထဲမှာ ပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူ သတင်းထောက် သုံးဦးနဲ့အတူ စာရေးဆရာ မောင်သာချို၊ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ပါဝင်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဒီနေ့မနက်ပိုင်းက RFA ကို ပြောပါတယ်။
"အလှကလေး သူဇာ (ခေါ်) မသူဇာ သူကတော့ မကျသေးဘူး။ နောက်တစ်ယောက် ကတော့ ကိုကောင်းဆက်လင်း သူလည်း မကျသေးဘူး၊ အချုပ်ကနေ လွတ်မှာပေါ့။ နောက်တစ်ယောက်ကတော့ မငြိမ်းငြိမ်းအေး (ခေါ်) မမေဘယ်လ်ကတော့ ကျသွားပြီးပြီ။ သာယာဝတီထောင် ပြောင်းရွှေ့ခံထားရတယ်။ သူလည်း လွတ်မှာပေါ့။ ဒါကတော့ သတင်းသမားတွေထဲက၊ ဆရာမကြီး ဒေါ်သန်းမြင့်အောင်လည်း ပါမယ်လို့ ကြားတယ်၊ ဆရာ မောင်သာချိုလည်း ပါတယ်"
ထပ်မံရရှိတဲ့သတင်းတွေအရ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးလည်း ဒီနေ့မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။
သတင်းသမားတွေထဲမှာတော့ ပုဒ်မ- ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ မဇ္ဈိမ သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်နဲ့ အလွတ်သတင်းထောက် ကိုလပြည့်တို့လည်း ရမည်းသင်းထောင်နဲ့ ပြည်အကျဉ်းထောင်ကနေ ဒီနေ့ပြန်လွတ်လာတယ်လို့ ဖမ်းဆီးခံ သတင်းသမားတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အနုပညာရှင်တွေထဲမှာတေ့ာ ပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ပန်းချီ ထိန်လင်း၊ ဟာသသရုပ်ဆောင် ဆင်မ၊ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး၊ အဆိုတော် နီနီခင်ဇော် အပါ အဝင် အနုပညာရှင် ၁၁ ဦးကိုလည်း တချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး တချို့ကို အမှုရုပ်သိမ်းပေးလိုက်ကြောင်း အတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ NLD အစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ ထောင် အနှစ် ၃၀ ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လည်း ပါဝင်ပါတယ်။ ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်က NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်လည်း ဒီနေ့ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ချမှတ်ခံထားရတဲ့ ထောင်ဒဏ် တွေကနေ လွတ်ရက်စေ့ဖို့ ခြောက်လခန့်သာ လိုတော့တဲ့သူတွေဖြစ်တယ်လို့ ပြန်လွတ်လာ သူတွေက ပြောပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ ပြည်အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၂ ဦးနဲ့ ရမည်းသင်းထောင်က ၁၄ ဦး ဒီနေ့ ပြန်လွတ်လာပါတယ်။ ရမည်းသင်းထောင်က ပြန်လွတ်လာသူတွေထဲမှာ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ပါဝင်ပေမယ့် သူ့ထက်စောပြီး အဖမ်းခံထားရတဲ့ နေပြည်တော်နယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနဲ့ ဦးကျော်မင်းလှိုင်တို့ ပြန်မလွတ်သေးပါဘူး။
ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်ကနေလည်း ဒီနေ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦး လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက်စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ လားရှိုးမြို့ခံ သုံးဦး၊ မဘိမ်းမြို့ခံ သုံးဦးနဲ့ မူဆယ်မြို့က နှစ်ဦး ပါဝင်ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ကနေလည်း ဒီနေ့ အကျဉ်းသား ၇၀ ပြန်လွတ်လာပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပါဝင်ပါတယ်။
"သူတို့က စိတ်စေတနာကောင်းကောင်းနဲ့ တကယ် တိုင်းပြည်အတွက် အကျိုးကိုကြည့်ပြီး လွှတ်ပေးတာမဟုတ်ဘူး"
အကျဉ်းသားတွေကို ဒီနေ့ ပြန်လွှတ်ပေးတာဟာ ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလာအောင်လုပ်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။
"သူတို့က စိတ်စေတနာကောင်းကောင်းနဲ့ တကယ် တိုင်းပြည်အတွက် အကျိုးကို ကြည့်ပြီး လွှတ်ပေးတာ မဟုတ်ဘူး၊ နိုင်ငံတကာက ဖိအားတွေ၊ ပြည်တွင်းဖိအားတွေ ဒီဟာတွေပေါ်မှာ သူတို့ ဖြေလျှော့ချင်တဲ့အတွက်ကြောင့် လွှတ်ပေးတယ်၊ နောက်တစ်ခု က ၂၀၂၃ အတွက် ကျင်းပမယ့် ရွေးကောက်ပွဲပိုပြီးတော့ နိုင်ငံတကာက လက်ခံ လာအောင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီး နိုင်ငံရေးလှည့်ကွက်၊ ကစားကွက်တစ်ခုအနေနဲ့ အသုံးပြုတယ်လို့ မြင်တယ်။ ဒီစစ်အုပ်စုတွေရဲ့ အမြဲတမ်း လုပ်ရိုးလုပ်စဉ်တစ်ခုပဲ၊ စပြီး အဖမ်းခံထားရတဲ့ အချိန်ကတည်းက နိုင်ငံရေး အကျဉ်းသားတွေဆိုတာ နိုင်ငံတကာအတွက် ဓားစာခံအနေနဲ့ ပြန်ပေးဆွဲ ခံထားရသူတွေပဲ ဖြစ်တယ်"
စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို မတရား ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးနေ ပေမယ့်လည်း တစ်ဘက်မှာတော့ နိုင်ငံတစ်ဝန်းက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေဆဲ ပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထောာက်ပြ ဝေဖန်ပါတယ်။
"အစောကြီးကတည်းက ဒီလူတွေကို ဖမ်းစရာအကြောင်းမှမရှိတာ၊ မတရား ဖမ်းဆီး ခံရတဲ့သူတွေ။ အဲဒီလူတွေက ကိုယ့်ရဲ့ လိုချင်တဲ့အစိုးရ၊ လိုလားတဲ့ ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုတဲ့သူတွေ ဖြစ်တယ်။ တိုင်းပြည်ကြီး ပြန်ပြီးအဆင်ပြေနေပြီဆိုတာကို ပြချင်တဲ့သဘောရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ကြည့်ဖို့က နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးနေပေမယ့် အခုအချိန်ထိ မြေပြင်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထိနေတဲ့ ပြည်သူပြည်သားတွေ၊ အပြစ်မဲ့တဲ့ အမျိုးသမီးတွေ၊ ကလေးတွေ အများကြီးရှိနေတုန်းပဲ။ မီးလောင်ပြင်မှာ မီးရှို့ခံရတဲ့ အိမ်မဲ့တွေ၊ နေစရာမရှိတော့လို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ မိသားစုတွေ၊ ဒါတွေ ရှိနေတုန်းပဲ။ ဒီအချက်တွေကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မရဘူး"
နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ကွယ်မှာ ပြန်ဖမ်းဆီးတာတွေ လည်း ရှိနေတာကြောင့် ဒါက အပြည့်အဝ ယုံကြည်ရတဲ့အခြေအနေ မဟုတ်ဘူးလို့လည်း တရားလွှတ်တော်ရှေ့နေတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မနေ့ကထိ ဖမ်းဆီးခံထားရသူ ၁၃,၀၁၅ ဦး ရှိနေပါတယ်။