စစ်ကောင်စီကို နိုင်ငံခြားငွေနဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ ရှောင်တာနဲလ်တောင်းဆို
2024.06.10

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့တဲ့နေရာမှာ နိုင်ငံခြားငွေနဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ကို အဓိကထားသင့်တယ်လို့ သြစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က ပြောပါတယ်။ နေပြည်တော်အချုပ်ထောင်နဲ့ ရန်ကုန် အင်းစိန် အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံရတဲ့ အဖြစ်အပျက်တွေကို ပြန်လည်မှတ်တမ်းတင်ထုတ်ဝေတဲ့ သူ့ရဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ပါမောက္ခရှောင်တာနဲလ်ရေးသားတဲ့ ‘An unlikely prisoner’ စာအုပ်မိတ်ဆက်ပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာ ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီစာအုပ်မိတ်ဆက်ပွဲနဲ့ အတူ မကြာခင်ကျရောက်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့အတွက်လည်း ဆုတောင်းခဲ့ကြတာပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့ စွပ်စွဲပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ရေးအနာဂတ် ဘယ်လိုမြင်သလဲလို့ ရှောင်တာနဲလ်ကို RFA က မေးမြန်းရာမှာတော့ ...
"မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ရှိနေဆဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူပြန်လာတဲ့အခါ မြန်မာနိုင်ငံက ပိုကောင်းတဲ့ အနာဂတ်အတွက် ပါဝင်နိုင်ဦးမယ်လို့ မျှော်လင့်နေပါတယ်"
အာဏာသိမ်း စစ်ကောင်စီ အထီးကျန်သွားအောင် နိုင်ငံတကာကနေ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။
"အရေးကြီးဆုံးနှစ်ချက်လုပ်ရပါမယ်။ စစ်ကောင်စီက နိုင်ငံခြားဝင်ငွေရနေတာကို ရပ်သွားအောင်လုပ်ဖို့လိုပါတယ်။ စစ်တပ်ဟာ လေကြောင်းသုံးနည်းပညာ၊ လက်နက်ခဲယမ်းတွေ ဝယ်ဖို့ နိုင်ငံခြားငွေလိုနေတာကြောင့် ဒါကို ရပ်သွားအောင် လုပ်ရပါမယ်။ နောက်တစ်ခုကတော့ လေကြောင်းသုံးလောင်စာဆီတွေ ရနေတာကို ရပ်တန့်သွားအောင်လုပ်ဖို့ ဒီနှစ်ချက်ကို အဓိကထား ဒဏ်ခတ်ပိတ်ဆို့ဖို့လိုပါတယ်"
ရှောင်တာနဲလ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး၊ နေပြည်တော်အချုပ်ထောင်နဲ့ ရန်ကုန် အင်းစိန် အကျဉ်းထောင်တွေမှာ ရက်ပေါင်း ၆၅ဝ ကြာ ချုပ်နှောင်ခံခဲ့ရပါတယ်။ နေပြည်တော်အချုပ်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကိုလည်း သူ့ရဲ့ စာအုပ်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ် ၂၇ နှစ်ကို လျှော့ချပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုဘယ်မှာဖမ်းဆီးထားလဲဆိုတာ တရားဝင်ထုတ်ပြန်ပြောဆိုတာ ဘာမှမရှိပါဘူး။
စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ဖမ်းဆီးခံထားရလဲလို့ RFA က မေးမြန်းရာမှာတော့
"တချို့က နေပြည်တော်ဝန်ကြီးအိမ်ရာမှာ ထားတယ်လို့ပြောတာရှိတယ်။ တချို့ကျတော့ နေပြည်တော်စစ်တပ်ဝင်းထဲမှာ ရှိနေတယ် ပြောကြတယ်။ တချို့တွေကတော့ ထောင်ထဲပြန်ထည့်ထားတယ်လို့ ပြောတာရှိတယ်။ တိကျတဲ့ အဖြေမရတာကြောင့် ကျွန်တော်တို့ စိုးရိမ်တယ်။ စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအနေနဲ့ သုံးနေလားလို့တောင် ပြောကြတဲ့အနေအထားရောက်နေတာကြောင့် စစ်တပ်အနေနဲ့ ပြည်သူချစ်တဲ့သူတစ်ယောက်ကို Hostage လုပ်ထားတဲ့ပုံဖြစ်နေတယ်ဆိုတာ သိဖို့လိုတယ်"
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန် ပြောဆိုတာမရှိပါဘူး။ RFA ရဲ့ လေ့လာစုံစမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင် တစ်နေရာမှာ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး နိုင်ငံရေးကစားကွက်ထဲမှာ အသုံးချမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ယူဆကြတာတွေလည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ၊ ယခင် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကတော့ ...
"ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး အလုပ်မလုပ်ဘူးလို့ ပြောပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကို ရန်တိုက်ပေးမယ့်အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူး"
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၉ နှစ်ပြည့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အခု နေပြည်တော်က အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်ပေမဲ့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့တွေကို ကမ္ဘာတစ်ဝန်းရောက် မြန်မာတွေ ကျင်းပနေကြတာဖြစ်ပါတယ်။