တရုတ်ကပိတ်လို့ မြောက်ပိုင်းမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်း ပြတ်လပ်လာ
2024.10.28

Updated 5:09 PM Oct 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နဲ့ နမ့်ခမ်းအပြင် ကချင်ပြည်နယ်က နယ်စပ်ဒေသတွေမှာပါ စက်သုံးဆီရော စားသောက်ကုန်ပါ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်ဂိတ်ကနေ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန် တင်သွင်းခွင့်ကိုလည်း အောက်တိုဘာလ ၂၂ ရက်နေ့ကစ ပိတ်လိုက်ပြီးနောက် စက်သုံးဆီပါ ပြတ်လပ်နေပြီလို့ ဆိုပါတယ်။
နမ့်ခမ်းမြို့မှာ လက်ရှိ စက်သုံးဆီပြတ်လပ်နေပြီလို့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုအခက်အခဲကတော့ စက်သုံးဆီကတော့ စျေးလုံးဝ မြင့်တက်သွားပြီ။ နမ့်ခမ်းကတော့ တချို့ဆိုင်တွေ ဓာတ်ဆီတို့၊ ဒီဇယ်တို့ လုံးဝရောင်းတာ မရှိတော့ဘူး။ အရင်ကတော့ ဆိုင်ကယ်ရှိတဲ့သူတွေက ဆိုင်ကယ်နဲ့ သွားကြတာပေါ့။ အခုကတော့ ခြေလျင်လျှောက်နေကြတာ။ ကြာလာရင်တော့ ဆီတွေအကုန်လုံး ရှိမှာမဟုတ်တော့ဘူး။ တရုတ်ဘက်က ဆီတွေပြန်မလွှတ်ပေးရင်တော့ မူဆယ်၊ နမ့်ခမ်း လုံးဝ ဆီပြတ်သွားပြီ"
လက်ရှိ နမ့်ခမ်းမြို့မှာရှိတဲ့ စက်သုံးဆီဆိုင် ငါးဆိုင်ထဲက နှစ်ဆိုင်လောက်သာ ဖွင့်ထားပြီး ဓာတ်ဆီ ၉၂ အမျိုးအစား တစ်လီတာကို ကျပ် ကိုးထောင်ခန့်နဲ့ ရောင်းနေတယ်လို့ ဆိုပါတယ်။
"တရုတ်ဘက်က ဆီတွေပြန်မလွှတ်ပေးရင်တော့ မူဆယ်၊ နမ့်ခမ်း လုံးဝ ဆီပြတ်သွားပြီ"
မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ နယ်စပ်တစ်လျှောက်မှာလည်း စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရပြီး အခြားစားသောက်ကုန်ပစ္စည်းတွေလည်း စျေးအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီပြတ်လပ်လို့ အားလုံး အခက်အခဲဖြစ်နေပြီလို့ မူဆယ်မြို့က လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
"နယ်စပ်ဂိတ်ကနေ စက်သုံးဆီ၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း အဲဒါတွေပိတ်လိုက်တော့ အခက်အခဲတော့ ဖြစ်တယ်။ ဘယ်လိုဖြေရှင်းမလဲတော့ မသိဘူးပေါ့နော်။ စက်သုံးဆီတွေလည်း တချို့ဆိုင်တွေက အရောင်းပိတ်သွားကြပြီ။ စျေးတွေလည်း တအားတက်သွားပြီလေ။ တစ်လီတာကို ၄၅၀၀ ကနေ တစ်လီတာ ကိုးထောင် ဖြစ်သွားပြီ။ စက်သုံးဆီသုံးနေတဲ့သူတွေ အားလုံးတော့ အခက်အခဲဖြစ်တယ်"
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေဘက် စက်သုံးဆီ၊ ဆန်၊ စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် တရုတ်ဘက်ကိုပဲ အဓိက အားကိုးနေကြတာပါ။ အခုတစ်ခါ တရုတ်ဘက်ကပါ ပိတ်လိုက်တဲ့အတွက် ပိုခက်ခဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ ကားလိုင်းအချို့ပါ ရပ်နားနေရပြီလို့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
"ကားအစီးရေကလည်း ဒီဘက်မှာက အများကြီးဆိုတော့ ဆီပြတ်သွားရင်တော့ တော်တော်ဒုက္ခရောက်ပြီ။ သွားလာလို့မရတဲ့ အခြေအနေတွေ ကြုံလာနိုင်တယ်။ ၁၀၅ မိုင်နဲ့ မူဆယ်လမ်းကြော ကားဆွဲနေတဲ့သူတွေဆို မလာတော့ဘူး။ ဆီတန်းလို့ရတဲ့လိုင်းကသူက မောင်းသေးတယ်။ ဆီတန်းလို့မရရင်တော့ မမောင်းတော့ဘူး၊ နားနေပြီ။ အများစု နားတာပေါ့နော်၊ လိုင်းကားတွေလည်း"
ကချင်က ပန်ဝါ၊ လွယ်ဂျယ်၊ မိုင်ဂျာယာန်၊ လိုင်ဇာနဲ့ ကန်ပိုက်တီ နယ်စပ်ဂိတ်တွေကိုလည်း အဆောက်အအုံတွေ ပြန်တည်ဆောက်ဖို့နဲ့ စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ဆိုပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကစလို့ တရုတ်ဘက်က ပိတ်လိုက်ပါတယ်။
ဒါကြောင့် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်တွေ ပြတ်လပ်နေပြီလို့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စားသောက်ကုန်တွေကျတော့ အခုက ဖောက်သည်ပေးတဲ့နေရာတွေမှာတောင် ရောင်းဖို့က ခက်ခဲလာတဲ့ အနေအထားရှိတာပေါ့။ မြစ်ကြီးနားမှာဆိုတော့ အဓိက တရုတ်ကဝင်တဲ့ပစ္စည်းတွေပဲ ပိုပြီးသုံးနေတာပေါ့။ အဲဒီ တရုတ်ကပစ္စည်းက အခုက ရှိတယ်ဆိုလည်း အရင်က ယူထားတဲ့ဟာတွေပဲ ရှိတာပေါ့နော်။ ဆက်ပြီးတော့ ပိတ်နေမယ်ဆိုရင်တော့ တရုတ်ဆီကဝင်တဲ့ အစားသောက်တွေက နောက်နှစ်ဆိုရင်တော့ မရှိသလောက်တောင် ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိတာပေါ့နော်"
ပြည်တွင်းကဝင်လာတဲ့ စားသောက်ကုန်တွေလည်း လမ်းပန်ဆက်သွယ်ရေးခက်နေတဲ့အတွက်ကြောင့် စျေးကြီးနေတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်နယ်စပ် လိုင်ဇာ၊ မိုင်ဂျာယာန်နဲ့ ပန်ဝါမှာတောင် တရုတ်ကဝင်တဲ့ ကုန်စိမ်း၊ အသားနဲ့ လူသုံးကုန်တွေ ပြတ်လပ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမှာ ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ်သုံးသောင်းခွဲ၊ ဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းခန့်နဲ့ ဝက်သားတစ်ပိဿာကို ကျပ်လေးသောင်းအထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်ဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံးကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းဂိတ်တွေကို ညီနောင် မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ဂိတ်ကို KIA က သိမ်းထားတာပါ။
ဆက်နွှယ်သောသတင်းများ
“၀”ဒေသမှာ စက်သုံးဆီပြတ်လပ်မဲ့ သတင်းကြောင့် အလုအယက်ဝယ်ယူနေရကြောင်း ဒေသခံတွေပြော
“၀” ဒေသကနေ MNDAA ထိန်းချုပ်ဒေသကို ကုန်စည်သယ်ယူခွင့် ပိတ်ခံရ
တရုတ်ရဲ့ နယ်စပ်ဂိတ် ပိတ်၊ ဖြတ်တောက်မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေရ
အဲဒီ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီးမှာ တရုတ်ဘက်က နားလည်မှုနဲ့ ပြန်ဖွင့်ခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်းရေး ဒုတိယပိုင်းမှာတော့ လုံးဝပိတ်လိုက်တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်က သိမ်းလိုက်ချိန်ကစပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးလာသလို ကချင်ပြည်နယ်မှာလည်း တရုတ်နယ်စပ် ပန်ဝါဘက်ကို တိုက်ပွဲပြင်းထန်လာချိန်ကတည်းက KIO ကို တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စကျားက စစ်ကောင်စီ ဒု-ခေါင်းဆောင်နဲ့ရော စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးတို့နဲ့ပါ အောက်တိုဘာ ၂၅ ရက်က သီးခြားစီတွေ့ဆုံပြီး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ၊ စစ်တပ်နှစ်ခု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စတွေဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသခံများ၏ ပြောဆိုချက်များကို ဖြည့်စွက်ရေးသားထားပါသည်။)