စစ်တပ်ရဲ့နိုင်ငံတကာ ငွေအပေးအယူတွေကို တိုးချဲ့အရေးယူဖို့ ရှောင်တာနဲလ် အကြံပြု

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.02.15
စစ်တပ်ရဲ့နိုင်ငံတကာ ငွေအပေးအယူတွေကို တိုးချဲ့အရေးယူဖို့ ရှောင်တာနဲလ် အကြံပြု ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အခြား ဘဏ္ဍာရေးလုပ်ငန်း အားလုံးအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ လိုတယ်လို့ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တာနဲလ်ရဲ့ အစီရင်ခံစာအသစ်မှာ သုံးသပ်ထားပါတယ်။

စစ်ကောင်စီကို နိုင်ငံတကာနဲ့ ငွေအပေးအယူလုပ်လို့မရတော့အောင် မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်နဲ့ အခြား ဘဏ္ဍာရေးလုပ်ငန်း အားလုံးရဲ့ နိုင်ငံတကာ ငွေပေးချေမှုအားလုံးအပေါ်မှာ ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီး ချမှတ်သင့်ပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

မြန်မာစစ်တပ်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်အောင် စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ထိန်းချုပ်ဖို့ နည်းလမ်းတွေ အကြံပြုထားတဲ့ အစီရင်ခံစာတစ်စောင်ကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်က မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ SAC-M အဖွဲ့နဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ဝေလိုက်ပါတယ်။

ဒီအစီရင်ခံစာဟာ စစ်ကောင်စီကို သူတို့ရဲ့ဝင်ငွေရလမ်းတွေဆီက ဝေးသထက်ဝေးစေပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်မှုတွေကနေ ကယ်တင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားက လက်နက်ခဲယမ်းတွေ ဝယ်ယူနေရတာဖြစ်တဲ့အတွက် နိုင်ငံခြားငွေ မရအောင်လုပ်တာဟာ သူတို့ စစ်တိုက်နိုင်စွမ်း မရှိတော့အောင်လုပ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် လို့ မစ္စတာ ရှောင်တာနဲလ်က RFA ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ထိန်းချုပ်ထားတာဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ပွဲတွေ တိုက်နိုင်စေတဲ့အကြောင်းရင်း ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေကို ကူညီဖို့ ကမ္ဘာ့နိုင်ငံတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်တွေအနေနဲ့ ဘာလုပ်လို့ ရမလဲဆိုတာ ဒီအစီရင်ခံစာမှာ သုံးသပ် အကြံပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဗဟိုဘဏ်၊ ပြည်သူတွေဆီက ကောက်ခံရရှိတဲ့ အခွန်ငွေတွေ၊ နိုင်ငံပိုင် လုပ်ငန်းကြီးတွေနဲ့ စစ်တပ်နဲ့ဆက်စပ်နေတဲ့ ဘဏ်တွေ၊ အခြားဘဏ္ဍာရေးလုပ်ငန်းတွေဟာ မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေရနေစေတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက သုံးသပ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘဏ်လုပ်ငန်းတွေ စစ်ရေးထောက်ပံ့မှုမရှိဘူးလို့ စစ်ကောင်စီတုံ့ပြန်

စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုနဲ့ MOGE ကို ထပ်မံပိတ်ဆို့အရေးယူဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

စစ်ကောင်စီကို ကူညီနေတဲ့ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူဖို့ ရှောင်တာနဲလ် တောင်းဆို



မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအချို့ဟာ ဒီစစ်တပ်ပိုင် ဘဏ်တွေ၊ လုပ်ငန်းတွေနဲ့ ငွေကြေးစီးဆင်းမှုကို အကူအညီပေးနေတဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ အမျိုးမျိုး ချမှတ်ထားကြပြီး၊ ဒီ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်တပ်က စစ်ပွဲတွေ ဆက်တိုက်နိုင်ဖို့ လိုအပ်တွေ ငွေကြေးအရင်းအနှီးတွေ မရတော့အောင် တားဆီးပေးတဲ့အတွက် ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလို နိုင်ငံတကာကနေ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်တဲ့ နိုင်ငံအရေအတွက်ရော၊ ပစ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအရေအတွက်ကိုပါ တိုးချဲ့ကြဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို နိုင်ငံတကာနဲ့ ငွေအပေးအယူလုပ်လို့မရတော့အောင် မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်နဲ့ အခြား ဘဏ္ဍာရေးလုပ်ငန်း အားလုံးရဲ့ နိုင်ငံတကာ ငွေပေးချေမှုအားလုံးအပေါ်မှာ ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီးချမှတ်သင့်တယ် လို့ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံတကာက စစ်ကောင်စီနဲ့ အပေးအယူလုပ်ဖို့ရှိတဲ့ ကြွေးမြီတွေကိုလည်း odious debt အဖြစ်သတ်မှတ်ပြီး နောင်အနာဂတ်မှာ တက်လာမယ့် အစိုးရသစ်ကိုပဲ ပေးဆောင်ဖို့ သတ်မှတ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ပါမောက္ခရှောင်တာနဲလ်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံ စာအုပ်မိတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ၂ဝ၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo : RFA)
ပါမောက္ခရှောင်တာနဲလ်ရေးသားသည့် ထောင်တွင်းအတွေ့အကြုံ စာအုပ်မိတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ၂ဝ၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo : RFA)


ရှေရှည်အနေနဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေ အားလုံးကို စစ်တပ်လက်အောက်ကနေ ခွဲထုတ်ပြီး၊ ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့၊ ဒီလုပ်ငန်းကြီးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်အားလုံးကို မြန်မာပြည်သူတွေအတွက် သုံးစွဲနိုင်ဖို့ လွတ်လပ်တဲ့ ရန်ပုံတွေအဖြစ်ထူထောင်ဖို့၊ စစ်တပ်ပိုင် မြေတွေနဲ့ အခြားပိုင်ဆိုင်မှု အားလုံးကို နိုင်ငံပိုင်အဖြစ် ပြောင်းလဲပြီး၊ အရပ်သားအစိုးရနဲ့ လွှတ်တော်ကနေ စီမံခန့်ခွဲဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် အနာဂတ်မှာ မြန်မာစစ်တပ်ရဲ့ ငွေကြေးသုံးစွဲမှုအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ပြီး စစ်တပ်က စီးပွားရေးဝင်လုပ်ပြီး အကျိုးအမြတ်ရှာနေတာတွေကို လုံးဝရပ်ဆိုင်းတဲ့ အဆင့်ရောက်အောင်လုပ်ဖို့လည်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းအားလုံးကိုလည်း စစ်တပ်က တိုက်နေတဲ့ စစ်ပွဲတွေအတွက် အသုံးချခံတွေ မဖြစ်ရအောင်၊ အရင်းအနှီးသစ်၊ ပုံစံသစ်နဲ့ ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒဟာ ဗဟိုက ချုပ်ကိုင်မှုကို အားပေးတဲ့ သဘောရှိနေပြီး ဒါကို စစ်တပ်က အမြတ်ထုတ်ခဲ့တာဖြစ်တဲ့အတွက် အနာဂတ်မှာ ပြည်နယ်နဲ့ တိုင်းအဆင့်အစိုးရတွေကို ဗဟိုက ချုပ်ကိုင်မှု လျော့ချပြီး အစိုရအဖွဲ့ရဲ့ အဆင့်အားလုံးမှာ ငွေကြေးသုံးစွဲမှုအတွက် မျှတပြီး ဒီမိုကရေစီဆန်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဖို့ လည်း အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။