ခင်ဦးမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံခြောက်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.02.20
ခင်ဦးမှာ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံခြောက်ထောင်နီးပါး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက်ပိုင်းမှာ စစ်ကြောင်းနှစ်ခုခွဲပြီး နယ်မြေရှင်းလင်းလုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနယ်မြေရှင်းလင်းမှုကြောင့် ပိတောက်ကုန်း၊ မိုးနတ်၊ နှဲတွင်း၊ ချမ်းသာကုန်း၊ အင်းပါတ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနဲ့ ကုန်းသာရွာတွေက အရပ်သားတွေ ထွက်ပြေး နေရပါတယ်။

စစ်ကောင်စီတပ်ဝင်လာချိန် ထွက်ပြေးလိုက်၊ သူတို့ပြန်ထွက်သွားရင် ရွာထဲ ပြန်ဝင်လာလိုက်နဲ့ပဲ ပြေးနေကြရတယ်လို့ ပိတောက်ကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ပဒေါင်းလှပျူရွာကနေ အုန်းအုန်းလုပ်ပြန် ပြန်ထွက်ပြေးရပြန်၊ ပြန်ဝင်လိုက် ပြန်ထွက်ပြေးလိုက်ပြန် ဒီလိုဖြစ်နေတယ်။ စစ်ကြောင်းဝင်ပြီး ပျောက်သွားတာဆိုတော့ ဘယ်လိုလုပ်လို့ ဘယ်ပြေးလို့ပြေးရမယ်မှန်းမသိလောက်အောင် စိတ်ဒုက္ခ ရောက်တာပေါ့ဗျာ။ သိလို့ရှိရင်လည်း ကြိုတိမ်းရှောင်လို့ရသေးတယ်"

ဒီစီးနင်းမှုကြောင့် ပိတောက်ကုန်း၊ မိုးနတ်နဲ့ နှဲတွင်းရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း ချမ်းသာကုန်းရွာကို ဒီနေ့မနက် ၇ နာရီအချိန်မှာ ဝင်ရောက် စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက် လာတာကြောင့် ချမ်းသာကုန်းရွာအပါအဝင် ရွာခြောက်ရွာက အရပ်သားပြည်သူ ငါးထောင်နီးပါးထွက်ပြေးနေရတာပါ။

ချမ်းသာကုန်းဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ ရန်ကာနေ ကာကွယ်ပေးဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေကို တောင်းဆိုချင်တယ်လို့ ပြောပါတယ်။

"ခင်ဦးမြို့နယ် ပကဖအနေနဲ့ ဒီစစ်ကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြည်သူကို ကာကွယ်ပေးမလဲ၊ ကူညီပေးမလဲပေါ့။ အဲဒါ အဓိကပြသာနာဖြစ်နေတယ်။ ကျနော်တို့မှာ ဘာမှ သီးသီးသန့်သန့် ကူညီခံရမျိုးမရှိသလို ပြည်သူတွေအားလုံးက သူတို့ရဲ့ အကာအကွယ်ကို ကောင်းကောင်းမရဘူးဖြစ်နေတယ်ဗျ။ အဓိကကတော့ မြို့နယ် တာဝန်ခံကို မေးချင်တယ်"

refugee-khinu-tsp.jpg
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီကနေ့ မနက်စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ချမ်းသာကုန်း၊ အင်းပါတ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနဲ့ ကုန်းသာရွာတွေက အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်စီးနင်းမှုတွေကနေ ကာကွယ်ပေးဖို့ ဒေသခံတွေ တောင်းဆိုပေမယ့် အင်အားချင်း မမျှတာကြောင့် အပြည့်အ၀ အကာအကွယ်ပေးဖို့ ခက်ခဲနေတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦး RFA ကိုပြောပါတယ်။

"ကျနော်တို့အနေအထားကတော့ ဘယ်မှာမှမလုံခြုံပါဘူး။ ဘေးကင်းတယ်ဆိုတဲ့နေရာ ကတော့ ဘယ်မှာမှမရှိတော့ပါဘူးနော်။ သူတို့တကယ်စစ်ကြောင်းထိုးလာရင် လက်နက် အင်အားက မမျှတသေးတော့လေ။ မမျှတ သေးတော့ မလုံခြုံဘူး။ သို့သော်လည်း တတ်နိုင်သမျှတော့ မြို့နယ် ပကဖရော၊ ဒေသကာကွယ်ရေးတွေရော တတ်နိုင်သမျှ တော့ ကာကွယ်ပေးနေကြပါတယ်။ ဒါပေမဲ့ အပြည့်အစုံကြီးတော့ ကျနော်တို့ တပ်ရင်း တပ်မကြီးနဲ့ တပ်စခန်းကြီးတွေလို အကာအကွယ်တော့မပေးနိုင်သေးဘူးပေါ့။ အခြေအနေကတော့"

စစ်ကောင်စီတပ်တွေက အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖေဖော်ဝါရီလ ၂၀ ရက်မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

"သူတို့တကယ်စစ်ကြောင်းထိုးလာရင် လက်နက်အင်အားက မမျှတသေးတော့ မလုံခြုံဘူး"

စစ်ကောင်စီအုပ်ချုပ်ရေးကို နောက်ထပ် ခြောက်လသက်တမ်းတိုးပေးဖို့တောင်းဆိုခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်က နိုင်ငံတစ်ဝန်းမှာ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်က ၁၉၈ မြို့နယ်ပဲရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြို့နယ် ၆၇ ခုကို လုံခြုံရေးအလေးထားဆောင်ရွက်ဖို့လိုသလို၊ နောက်ထပ် မြို့နယ် ၆၅ ခုကိုတော့ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၇ ခုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။