ကလေးမြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြမှု ရက်ပေါင်း လေးရာပြည့်

2022.03.14
ကလေးမြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြမှု ရက်ပေါင်း လေးရာပြည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှ ပြည်သူများကို တွေ့ရစဉ်
Photo: Citizen Journalist

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာ သိမ်းတာကို လက်မခံကြောင်း ပြသတဲ့ ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်းမှာ မပြတ်ရှိနေခဲ့ပါတယ်။ ဒီလိုဆန္ဒပြတာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲတာ၊ ပစ်ခတ် နှိမ်နင်းတာ ဖမ်းဆီးတာတွေ ရှိနေပါတယ်။

ဒီလိုနှိမ်နင်းမှုတွေကြားကပဲ စစ်ကိုင်းတိုင်း ကလေးမြို့က ဒေသခံပြည်သူတွေ နေ့စဉ် ရက်ဆက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကနေ ဒီကနေ့ မတ်လ ၁၄ ရက်အထိဆိုရင် ရက်ပေါင်း လေးရာပြည့်ခဲ့ပါပြီ။

ကလေးမြို့က သပိတ်တွေမှာ အမြဲ လိုက်ပါသူတစ်ဦးကတော့ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေ ပြန်ရဖို့ ဆန္ဒပြနေရတာလို့ ပြောပါတယ်။

"ဒီအရင် NLD အစိုးရ လက်ထက် မတိုင်ခင် ကြုံတွေ့ရတဲ့ ဒုက္ခမျိုးတွေ ဒီအတိုင်း နေမြဲအတိုင်းနေခဲ့တာပေါ့ဗျာ။ ဒါကြီးက ပြဿနာကြီးတော့ မဟုတ်ဘူး။ မီးမလာဘူး။ အင်တာနက်လိုင်း မကောင်းဘူး။ နောက်ပြီး ကန့်သတ်ထားတာတွေ၊ ပိတ်ပင်ထားတာ တွေ အများကြီးကြားထဲမှာ ကျွန်တော်တို့ ရှင်သန်ခဲ့တာပဲလေ။ နေသားကျခဲ့တာကိုဗျ။ ဒါပေမဲ့ အဲဒီ NLD အစိုးရလက်ထက် တက်လာတဲ့အချိန်ကစပြီး ကျွန်တော်တို့မှာ ဒါတွေက ငါတို့ ရခဲ့သင့်တာပါလားပေါ့နော်။ ကျွန်တော်တို့အနေနဲ့ အချိန်အကြာကြီး မဟုတ်ပေမယ့် ပြည့်ပြည့်ဝဝ ခံစားလိုက်ရတယ်လို့ ထင်တယ်။ အဲဒီ ငါးနှစ်မှာရခဲ့တဲ့ လွတ်လပ်မှုမျိုး နောက်ပြီး လူ့အခွင့်အရေးမျိုး အခုအနေအထားအတိုင်း ပိုပြီးတော့ ဘာကြီးကိုပေးပါလို့ တောင်းဆိုနေတာမျိုးတော့ မဟုတ်ဘူး။ NLD အစိုးရလက်ထက်မှာ ရခဲ့တဲ့အခွင့်အရေးမျိုး ကျွန်တော် ရောင့်ရဲတင်းတိမ်နိုင်တယ်"

kalay-protest-jan2022.jpg
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှ ပြည်သူများကို တွေ့ရစဉ် (Photo: Citizen Journalist)

စစ်ကောင်စီအုပ်ချုပ်တာကို ဒီနေ့အထိ လက်မခံနိုင်ဘူးဆိုတာကို သိစေချင်လို့ အဖမ်းအဆီး တွေကြားက ခက်ခက်ခဲခဲ ဆန္ဒပြနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

"ဒီဆန္ဒပြလို့ စစ်ကောင်စီက ဖယ်ပေးမယ်၊ ဆင်းပေးမယ်၊ ပြုတ်ကျသွားမယ်ဆိုတာတော့ မဖြစ်နိုင်ဘူးဆိုတာတော့ သိတယ်။ ဒါပေမဲ့ စစ်ကောင်စီ အုပ်ချုပ်တာကို လက်ရှိ အချိန်ထိ လက်မခံပါဘူးဆိုတာကိုလည်း အားလုံးသိအောင် ကျွန်တော်တို့တွေက ဆန္ဒပြနေရခြင်းပေါ့နော်။ အားလုံး အမှီသဟဲပြုနေတဲ့ နွေဦးတော်လှန်ရေး ထောက်တိုင် တွေထဲမှာ ဆန္ဒပြတာလည်း တစ်ခု အပါအဝင် ဖြစ်တဲ့အတွက် ဒီနေ့ထိ အခက်အခဲမျိုးစုံ ကြားထဲကနေ ဆန္ဒပြနေရခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဆိုရင် ရက်ပေါင်း ၄၀၀ တိုင်ခဲ့ပြီ ပေါ့နော်။ ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ရယ်၊ ရောဂါတွေ ကြားထဲကနေ ဒီကလေးမြို့မှာ ကိုဗစ် တတိယလှိုင်းမှာဆိုရင်လည်း သေဆုံးတဲ့ ဦးရေ တော်တော်လေးကို များခဲ့တယ် ပေါ့နော်၊ ဒီလိုဖြစ်နေတဲ့ ကြားထဲက နေ့စဉ်ရက်ဆက် လုံခြုံရေး တင်းကျပ်တဲ့ ကြားထဲကနေ ဒီနေ့ထိ ဒီခံယူချက်တွေနဲ့ ပြနေရခြင်း ဖြစ်ပါတယ်"

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်က လမ်းပေါ်ထွက် ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက် သေနတ်နဲ့ပစ်ခတ်ပြီး ဖြိုခွဲခဲ့ပါတယ်။ အဲဒီမှာ ၁၁ ဦး အဖမ်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံတက် ကုသခံခဲ့ရပါတယ်။

မုံရွာ၊ မန္တလေး စတဲ့မြို့တွေမှာလည်း ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ အတင်း ဝင်တိုက်ကာ ပစ်ခတ်ဖြိုခွဲတာတွေ လုပ်ခဲ့ကြသလို ဆန္ဒပြသူတွေကို နေအိမ်တွေအထိပါ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ အခုလို အပြင်းအထန် ဖိနှိပ်နေပေမယ့်လည်း လမ်းပေါ်ထွက်ဆန္ဒပြတာတွေကတော့ ရပ်မသွားပါဘူး။

"မလုပ်ဖြစ်တဲ့နေ့ဆိုရင် ကျမတို့ လုံးလုံး ဒီအတိုင်းမနေပါဘူး။ အိမ်တွင်းသပိတ်လိုမျိုး လုပ်မယ်။ သူတို့ကို တတ်နိုင်တဲ့ဘက်ကနေ တော်လှန်လို့ရတဲ့နည်းနဲ့ အကုန်တော်လှန်နေမှာပါ"

ကလေးမြို့က လမ်းတွေမှာလည်း လုံခြုံရေးတွေက တင်းတင်းကျပ်ကျပ် ရှိနေပြီး အဖမ်းခံရတဲ့ ဆန္ဒပြသူတွေလည်း ရှိနေတာပါ။ ဒီလို အခြေအနေတွေကြောင့် ဆန္ဒပြသူ အရေအတွက် တစ်နေ့တခြား နည်းလာနေပေမယ့် သပိတ်တွေကတော့ ဆက်ရှိနေတယ်လို့ ကလေးမြို့က အမျိုးသမီး သပိတ်ခေါင်းဆောင် မအိစံက ပြောပါတယ်။

"နေတိုင်းလုပ်ဖို့ကျတော့ လူတိုင်းကတော့ အဆင်မပြေဘူးလေ၊ လူတိုင်းလူတိုင်း မှာလည်း ကိုယ့် အခက်အခဲနဲ့ကိုယ် ရှိတယ်ဆိုတော့၊ နေ့တိုင်းလုပ်ဖို့ကျလည်း အဆင် မပြေတော့ဘူး။ အခု အဖမ်းအဆီးတွေကလည်း တော်တော် များနေပြီဆိုတော့ ကျမတို့ ရှေ့ဆက်ပြီး ရက်လေးရာပြည့် နောက်ပိုင်းမှာ ရက်ခြားပေါ့နော်၊ တစ်ပတ် နှစ်ရက်၊ သုံးရက်လောက် လုပ်ဖြစ်တော့မယ်လို့ တိုင်ပင်ထားပါတယ်။ နောက်တစ်ခုက မလုပ်ဖြစ်တဲ့နေ့ဆိုရင် ကျမတို့ လုံးလုံး ဒီအတိုင်း မနေပါဘူး။ အိမ်တွင်းသပိတ်လိုမျိုး လုပ်မယ်။ သူတို့ကို တတ်နိုင်တဲ့ဘက်က နေ တော်လှန်လို့ရတဲ့နည်းနဲ့ အကုန် တော်လှန် နေမှာပါ"

ကလေးမြို့မှာ ဆန္ဒပြရာမှာပါဝင်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ၁၅ ဦးရှိခဲ့ပြီး အဖမ်းခံထားရသူ ၈၀ ကျော် ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေရဲ့ ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခံရလို့ ကလေးမြို့မှာ သေဆုံးသူ ၁၂၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၄၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။