ဖမ်းဆီးမိသူတွေကို ကောင်းမွန်စွာ ဆက်ဆံကြောင်း လူမျိုးစုလက်နက်ကိုင်တွေ ပြော
2022.03.08
တိုင်းရင်းသားလက်နက်ကိုင်တွေ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ ဆက်ဆံပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့ ဖမ်းဆီးမိသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုက ပြောပါတယ်။ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ စစ်ဗိုလ် တစ်ဦးကလည်း မြန်မာစစ်တပ်ဟာ စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကမနေ့က ထုတ်ပြန်ခဲ့ပါတယ်။
"လက်နက်ချတာပဲ ပြောပြော ဖမ်းမိတယ်ပဲ ပြောပြော လစဉ်အယောက် ၁ဝ နဲ့ ၂ဝ လောက်တော့ ရှိနေပါတယ်။ သူတို့ ရပ်ရွာကို ပြန်မယ်ဆိုရင် ခရီးစရိတ်တွေပါ ပေးလိုက်ပါတယ်"
အဲဒီသုံ့ပန်း နှစ်ဦးကို ဆေးဝါးကုသပေးပြီး ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး-၂ ဖြစ်တဲ့ ဦးအောင်ဆန်းမြင့်က အဲဒီသတင်း မှန်ကန်ကြောင်းနဲ့ အခုလိုဖမ်းဆီးမိသူတွေကို မိမိတို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဥပဒေမဲ့ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှုမျိုး မရှိပါဘူးလို့ RFA ကိုပြောပါတယ်။
“မရှိပါဘူး ကျနော်တို့ KNDF တွေကိုရော ကရင်နီပြည်သူ့ရဲတွေကိုရော ကျနော်တို့ စစ်သုံ့ပန်းဆိုင်ရာ သင်တန်းတွေ ပေးထားတယ်။ လုပ်ထုံး လုပ်နည်းတွေလည်း ရေးဆွဲ ပြဌာန်းထားတာ ရှိပါတယ်။ တရားလက်လွတ်တော့ ဘယ်သူမှ လုပ်တာမရှိပါဘူး”
ကရင်ပြည်နယ်မှာလည်း KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်ပိုင်းက လေးကေ့ကော်ဒေသ တိုက်ပွဲအတွင်း သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် နှစ်ဦးကို KNU ဘက်က ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့တဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗဒိုမန်းမန်းက အဲဒီသုံ့ပန်းတွေကို သူတို့ ကောင်းမွန်စွာ ဆက်ဆံ ပါတယ်လို့ ပြောပါတယ်။
“ကျနော်တို့ကတော့ Geneva Convention တင် မကပါဘူး။ ကျနော်တို့ ကရင် အမျိုးသားတပ်မတော်ရဲ့ ကျင့်ဝတ်နဲ့အညီ စစ်သုံ့ပန်းတွေကို ဖမ်းမိမယ်ဆိုရင် သူတို့ကို လက်နက်သိမ်းမယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ထားပေးတယ်။ လက်နက်ချတာပဲ ပြောပြော ဖမ်းမိတယ်ပဲ ပြောပြော လစဉ်အယောက် ၁ဝ နဲ့ ၂ဝ လောက်တော့ ရှိနေ ပါတယ်။ သူတို့ရပ်ရွာကို ပြန်မယ်ဆိုရင်လည်း ခရီးစရိတ်တွေပါ ပေးလိုက်ပါတယ်။ မပြန်ရဲဘူးဆိုတဲ့ စစ်သားတွေ ရဲဘော်တွေကိုလည်း လုံခြုံစိတ်ချတဲ့နည်းလမ်းနဲ့ တခြား အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးဖို့ ဒါကိုလည်းပဲ ကျနော်တို့ ဖန်တီး ဆောင်ရွက် ပေးတာ ရှိပါတယ်။ ဒါ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုက်ခိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ချိတ်ဆက်ပြီး လုံခြုံမှုရှိတဲ့နေရာကိုတော့ ကျနော်တို့က စီစဉ်ဆောင်ရွက်ပေးတယ်”
အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေဘက်က ဆက်ဆံပေမယ့် စစ်ကောင်စီ ဘက်ကတော့ သူတို့ဖမ်းဆီးမိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာမက အရပ်သား ပြည်သူတွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိပါတယ်လို့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။
“၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ္စမတ်အကြိုနေ့က ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ အနီးအနားမှာ လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၄၃ ဦးကို ဖမ်းဆီးပြီး အဲဒီထဲမှာ ကလေးတွေပါတယ်။ အမျိုးသမီးတွေ ပါတယ်။ တချို့ယောကျာ်းတွေ ပါတယ်။ အားလုံးကို ဖမ်းပြီး ကားတွေပေါ်တင်ပြီးမှ မီးရှို့သတ်ဖြတ်ခဲ့တယ်။ မီးရှို့သတ်ဖြတ်တဲ့ တပ်က ၁ဝ၈ , ၁၅၃ ကဖြစ်တယ်လို့တော့ ကနဦး စုံစမ်းချက်အရ ကျနော်တို့ သိရတယ်။ အဲဒီမှာ အရပ်သားတွေကို ပြန်လွှတ်ဖို့ ဆိုပြီး သွားညှိတဲ့ ကလလတ (ကရင်နီပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး) က ရဲဘော်လေးဦးကိုလည်း စစ်ကောင်စီ တပ်တွေက ဖမ်းချုပ်ပြီး ဦးခေါင်းကို ပစ်သတ်ခဲ့တယ်။ ဒါကလည်း လက်တွေ့ပေါ့နော်။ တိုက်ပွဲမှာမိတဲ့ စစ်သုံ့ပန်းတွေ မပြောနဲ့။ ဒီလို ရိုးရိုးတန်းတန်း တိုက်ပွဲမဖြစ်ဘဲနဲ့ ဖမ်းလို့ရတဲ့ ရဲဘော်တွေကို အရှင်လတ်လတ် သတ်ဖြတ်တာတွေ ရှိတယ်ဆိုတော့ တိုက်ပွဲမှာ မိရင်တော့ အသက်ရှင်ဖို့လမ်း မရှိပါဘူးဗျာ”
မြန်မာစစ်တပ်မှာ စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းကမ်း စည်းမျဉ်းတွေရှိပါတယ်။ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေလည်း ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာ အကြီးအကျယ် ချိုးဖောက် နေတယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
“ဒီ စစ်သုံ့ပန်းတစ်ယောက်ကို ကျနော်တို့ ဖမ်းမိပြီးဆိုရင် လူ့အခွင့်အရေးနဲ့ ညီစွာ ဆက်ဆံရမယ်။ အကြောင်းမဲ့ သတ်ဖြတ်ခြင်းတွေ မလုပ်ရဘူး။ညှဉ်းပန်းနှိပ်စက်ခြင်းတွေ မလုပ်ရဘူး။ ဒါပေမဲ့ အ ခုလက်ရှိမှာတော့ စစ်တပ်အနေနဲ့ အဲဒီ စစ်မြေပြင် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတာတွေ မရှိတော့ဘူး။ ချိုးဖောက်တာပဲ ရှိနေတယ်။ ရွာလုံးကျွတ် မီးရှို့တာတွေ၊ ကားပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ၊ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေက စစ်မြေပြင် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာလို့ပဲ ပြောချင်တယ်”
အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

သူတို့ စစ်ကောင်စီအနေနဲ့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခြင်း မရှိဘူးလို့ သတင်းဌာနတွေကို သူကပြောကြားလေ့ရှိပေမယ့် တိုင်းနဲ့ ပြည်နယ် အများအပြားမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးရရှိတဲ့ အရပ်သားတွေ၊ PDF နဲ့ ပတ်သက်တယ်လို့ သူတို့ သံသယရှိသူတွေကို လက်ပြန်ကြိုးတုပ်ပြီးမှ ပစ်ခတ် သတ်ဖြတ်ခံရတာ သို့မဟုတ် မီးရှိ့သတ်ဖြတ်မှုတွေကို ကျုးလွန်နေတယ်ဆိုတဲ့ မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဟာ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NUG အစိုးရကလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြပေးပို့နေတယ်လို့ ပြောဆိုထားပါတယ်။