ထိုင်းလဝက ပြန်လွှဲလိုက်တဲ့ PDF သုံးယောက်မှာ တစ်ယောက်သေဆုံးပြီလို့ အဖွဲ့ကပြော

RFA Burmese
2023.04.10
ထိုင်းလဝက ပြန်လွှဲလိုက်တဲ့ PDF သုံးယောက်မှာ တစ်ယောက်သေဆုံးပြီလို့ အဖွဲ့ကပြော Lion Battalion အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစောဖြိုးလေး၊ ကိုထက်နေဝင်းနှင့် ဒုစစ်ကြောင်းမှူး ကိုသီဟ။ (ဝဲ မှ ယာ)
Citizen Journalist

ထိုင်းလူဝင်မှုကြီးကြပ်ရေးက ကရင်နယ်ခြားစောင့်တပ်ကို လွှဲပေးလိုက်တဲ့ PDF တပ်ဖွဲ့ဝင်သုံးယောက်မှာ တစ်ယောက် သေဆုံးသွားတယ်လို့ Lion Battalion အဖွဲ့က ပြောပါတယ်။

ကိုစောဖြိုးလေးဟာ လွှဲပြောင်းတဲ့အချိန်မှာ ထွက်ပြေးလို့ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် သေဆုံးသွားပြီလို့ Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအညာသားက RFA ကို ပြောပါတယ်။

"စောဖြိုးလေး (ခေါ်) ပွကြီးကတော့ ဆုံးသွားတယ်တဲ့။ ထိုင်းနိုင်ငံက လွှဲတဲ့အချိန်မှာ အကူးအပြောင်းမှာ ပစ်ခတ် ဖမ်းဆီးခံရတာတဲ့။ သုံးယောက်လုံးကိုလွှဲတာ အဲ့ကမ်းနားမှာ BGF လက်ထဲကို ထည့်မှာမှန်းလည်းသိရော လှေပေါ်ကနေ ခုန်ချတာ။ ခုန်ချတဲ့အချိန်မှာ ဟိုဘက်ဒီဘက်ညှပ်ဖမ်းမိတာ။ သေနတ်နဲ့ လှမ်းပြီးတော့ ပစ်နေတဲ့ အလောင်းကိုတောင် လှေပေါ်တင် လက်ထိပ်ခတ်ပြီးပို့လိုက်တဲ့ ထိုင်းဘက်အခြမ်းမှာ BGF ကိုတော်တော်လေးပိုင်လို့ပဲ၊ ဒီအမှတ် ၂ တံတား ရုံးကသူတွေနဲ့ BGF နဲ့ကို အဓိကပွဲစားလုပ်ပြီးတော့ ပို့လိုက်တာပေါ့ဗျာ။"

အဲဒီအဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနဲ့ ကိုစောဖြိုးလေးတို့ သုံးယောက်ဟာ ဆေးကုသဖို့ မဲဆောက်မြို့ဘက်ကို ရောက်နေချိန် ဧပြီလ ၁ ရက်နေ့က အဖမ်းခံလိုက်ရတာပါ။ ဧပြီလ ၄ ရက်နေ့မှာတော့ ထိုင်းလဝက က သူတို့ကို ကရင်နယ်ခြားစောင့်တပ် BGF ကိုလွှဲပေးပါတယ်။ အဲဒီအချိန်မှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခံရတာပါ။

ကိုသီဟနဲ့ ကိုထက်နေဝင်းတို့ကိုတော့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပို့လိုက်ပြီလို့ သိရတဲ့အကြောင်း ကိုအညာသား ကပြောပါတယ်။

“နောက်ဆုံး အခြေအနေအရတော့ သူတို့ကို မော်လမြိုင် ရတခ အဲ့ကိုပို့လိုက်ပြီးပေါ့နော်။ တိုင်းရုံးထဲမှာ သွားထားထားတယ်လို့ လက်ရှိနောက်ဆုံးအခြေအနေအရ သိရတယ်။ အဲ့ဖြစ်စဉ်မှာတော့ ထိုင်းလဝကနဲ့ BGF နဲ့က လူတစ်ယောက်ရဲ့အသက်ကို ပိုက်ဆံနဲ့ လဲလိုက်တဲ့ သဘောပါပဲ။"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကရင်နယ်ခြားစောင့်တပ်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို၊ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကိုလည်း လတ်တလော တယ်လီဖုန်းဆက်လို့ မရပါဘူး။

မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေ ခိုလှုံနေတဲ့တိုက်ခန်းတွေကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့လက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်မေးမြန်း ကောက်ယူတာမျိုး ရှိပေမယ့် အခုလိုဖမ်းပြီးပြန်ပို့တာမျိုးမလုပ်ဘဲ ခိုလှုံနေထိုင်ရာ အရပ်ဒေသတွေမှာ အေးအေးချမ်းချမ်းနေကြဖို့၊ ထိုင်းဥပဒေကို မချိုးဖောက်ဖို့၊ ဒုစရိုက်မှုတွေ မကျူးလွန်ဖို့ကိုပဲ သတိပေးပြောဆိုပြီး လူသားချင်းစာနာမှုအရ ထောက်ထားတာတွေရှိတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အခုဖြစ်ရပ်ကိုကြည့်ရင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့လုပ်ရပ်ဟာ ထိုင်းဘုရင်ရဲ့သြဇာအာဏာရော ထိုင်းတော်ဝင်စစ်တပ်ကိုပါ စော်ကားလိုက်တာလို့ ကိုအညာသားက ပြောပါတယ်။ အခုလို ဖမ်းပြီးပြန်ပို့တဲ့အတွက် ကျန်တဲ့သူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့နေရတယ်လို့ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ ကိုနစ်ကီက ပြောပါတယ်။

“ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြောရရင် ထိုင်းနိုင်ငံနယ်စပ်မှာလာခိုလှုံနေတဲ့ နိုင်ငံရေးခိုလှုံခွင့်အနေနဲ့တော့ လုံးဝ အကြောက်တရားကြီး ပေးလိုက်တဲ့ သတင်းတစ်ခုပေါ့နော်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ အပြင်မှာ အစားအစာ ထွက်ဝယ်ဖို့တောင် တော်တော်ကြီးကို ကြောက်နေတယ်။ နောက်ဆက်တွဲကိစ္စကတော့ အခုလက်ရှိ မဲဆောက်မှာ ထိုင်းရဲတွေကတော့ ပုံမှန်ဖမ်းနေဆဲပဲ။ အဓိကကတော့ အထောက်အထားမဲ့ မြန်မာလူမျိုး၊ အထူးသဖြင့် နိုင်ငံရေးခိုလှုံသမားတွေကို ပိုပြီးတော့ ပစ်မှတ်ထားပြီးဖမ်းတယ်။ ဖမ်းရင် ဖုန်းတွေကိုသိမ်းတယ်။ ရဲစခန်းကိုခေါ်တယ်။ သူတို့တောင်းတဲ့ ပိုက်ဆံကို သူငယ်ချင်းတစ်ယောက်ယောက် ဒါမှမဟုတ် အိမ်မှာရှိတဲ့ သူတစ်ယောက်ယောက်ကို မရရအောင် လာပို့ခိုင်းတယ်။ အဲ့လိုမျိုးတွေ ဒါ အခုချိန်ထိတော့ လုပ်နေတုန်းပဲ။ အဲ့တော့ ဒီမှာက အလုပ်အကိုင်လည်း လုပ်လို့မရတဲ့ သူတွေအဖို့က ပြဿနာအရမ်းကြီးနေတယ်”

image (2).jpg
၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။ (Photo: Citizen Journalist)

ဧပြီ ၅ ရက်ကနေ ၈ ရက်နေ့အထိ မြဝတီမြို့မြောက်ဘက်မှာ တည်ထားတဲ့ ရွှေကုက္ကိုမြို့သစ်နာ မှာ KNLA နဲ့ Lion Battalion ဗျူဟာစစ်ကြောင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့် BGF တပ်စခန်းတွေကို ဝင်တိုက်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုသဖို့ ဧပြီ ၉ ရက်က ထိုင်းဘက်ကိုခေါ်လာတဲ့ အချိန်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းလိုက်တဲ့သူတချို့လည်း ရှိနေပြီး၊ သူတို့လွတ်ဖို့ကိုလည်း ကြိုးစားနေ တယ်လို့သိရပါတယ်။ အခုလို အခြေအနေကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို အားကိုးချင်ပေမယ့် အားကိုးမရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ကိုနစ်ကီက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။