အရေးပေါ်ကာလတိုးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သေဆုံးရမှုများလာ
2023.10.06

စစ်ကောင်စီက အရေးပေါ်သက်တမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ထပ်တိုးပြီး မကြာခင်၊ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ၁၀၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ BNI- Myanmar Peace Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီနှစ်ထဲမှာ အရေးပေါ်ကာလ သက်တမ်းတိုးတဲ့ ဖေဖော်ဝါရီလကနေ ဇူလိုင်လအတွင်းမှာ သေဆုံးရတဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ ၁၃၂ ဦးရှိခဲ့ပါတယ်။ ဒီပမာဏနဲ့ နှိုင်းယှဉ်ရင် အခုကာလမှာ သေဆုံးရတဲ့နှုန်း မြင့်တက်လာတာပါ။
"တောလမ်း၊ တောင်လမ်းတွေကနေ ဝင်ရောက်တဲ့အခါမှာ စစ်ရေးအားနည်းတဲ့ လယ်သမားတစ်ပိုင်း တပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံးမှု များတာပေါ့ဗျာ”
စစ်ကိုင်းတိုင်းမှာ ၅၁ ယောက်၊ မကွေးတိုင်းမှာ ခြောက်ယောက်၊ ချင်းပြည်နယ်မှာ အယောက်၂၀၊ ကယားပြည်နယ်မှာ နှစ်ယောက်၊ တနင်္သာရီတိုင်းမှာ ၁၀ ယောက်၊ မန္တလေးတိုင်းမှာ သုံးယောက်၊ ကချင်ပြည်နယ်မှာ တစ်ယောက်၊ ပဲခူးတိုင်းမှာ နှစ်ယောက်၊ ကရင်ပြည်နယ်မှာ ငါးယောက်နဲ့ ရှမ်းပြည်နယ်မှာ တစ်ယောက်ဖြစ်ပါတယ်။
အခုဖော်ပြတဲ့ အချက်အလက်တွေကို BNI လို့ခေါ်တဲ့ Burma News International အဖွဲ့ဝင် သတင်းဌာန ၁၅ ခုအပြင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာတင်ပြတဲ့ အချက်အလက်တွေကို စုစည်းထားတာလို့ BNI-Myanmar Peace Monitor က တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကဆိုရင် တနင်္သာရီတိုင်း ပုလောမြို့နယ် မြတောင်ရွာ နားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး PDF အဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ လက်နက်အင်အား၊ လူအင်အားမမျှတာကြောင့် အဖမ်းခံရပြီး အသတ်ခံလိုက်ရတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက အမည်မဖော်လိုတဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) ဘက်က အင်အား ၂၀၀ ကျော်နဲ့လာတော့ အဝိုင်းခံလိုက်ရတဲ့ အခြေအနေဖြစ်သွားတယ်။ မြတောင်ရွာက အိမ်ထဲမှာ အဖမ်းခံထိတာ။ ပစ်ရင်းနဲ့ ကျည်တွေကုန်သွားတာဖြစ်မယ်။ ကျည်ကုန်တော့ ခုခံလို့မရတော့တာ။ တစ်ယောက်ကတော့ ခုခံရင်းနဲ့ သေသွားတယ်။ ကျန်တဲ့သူတွေကျတော့ ဦးနှောက်ကို အပစ်ခံရတာ။ ကျွန်တော်တို့ ထင်တာတော့ အရှင်ဖမ်းပြီးမှ ပစ်ခံရတာ”
စစ်ကိုင်းတိုင်းမှာတော့ မြင်းမူမြို့နယ် ခြေရာတော်ရွာနားမှာ စက်တင်ဘာလ ၂၂ ရက်ညက ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင် ၂၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ခင်သောင်းက RFA ကို ပြောပါတယ်။
“ပြည်သူတွေကို ကယ်ထုတ်နေရင်းနဲ့ အချိန်နောက်ကျသွားတာပေါ့။ ပြီးရင် ကင်းပေါက် (လုံခြုံရေးပေါက်) တာနဲ့ သတင်းမရတာ သတင်းစီးဆင်းမှု နောက်ကျသွားတာပေါ့။ သူတို့က (စစ်ကောင်စီ) အရပ်သားအနေနဲ့ သွားလာတယ်။ သတင်းထောက်တွေကို နယ်မြေတွေအတွင်း လွှတ်တာလည်းရှိတယ်။ အဲဒီကနေပြီး သူတို့ရဲ့ တန်ပြန် ပြောက်ကျားနဲ့ စခန်းငယ်တွေကို အပိုင်ချေမှုန်းတာ”
သတ်ဖြတ်ခံရသူတွေထဲမှာ Black Eagle တပ်ဖွဲ့ဝင် အယောက် ၂၀၊ မြောင်မြို့နယ် (MRA) အဖွဲ့ဝင် ငါးယောက်၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က နှစ်ယောက် ပါဝင်တယ်လို့ ပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်တုန်းကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ကို စစ်ကောင်စီတပ်က ခေါင်းဖြတ် သတ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုကျော်စိုးဝင်းက RFA ကို ပြောပါတယ်။
“ထိုးလာတဲ့ စစ်ကြောင်း ပြန်ထွက်ပြီး ရွာထဲဝင်လိုက်တဲ့အချိန်မှာ လူတွေနဲ့ ရဲဘော်တွေကို ခေါင်းတွေဖြတ်၊ လက်တွေဖြတ်ပြီး ရက်ရက်စက်စက် သတ်သွားတာ တွေ့ခဲ့ရတယ်။ ရွာထဲက မထွက်သေးတော့ ဝင်လိုက်တဲ့ အချိန်မှာ ဟိုဘက်က (စစ်ကောင်စီ) ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်တဲ့အချိန်မှာ တစ်ယောက်က ခြေထောက် ထိသွားတာပေါ့။ ရဲဘော်က သူ့မှာ သေနတ်ပါတော့ ပြန်တော့ပစ်သေးတယ်။ သို့သော် ကျည်ကလည်း အပိုမပါတော့ မိသွားပုံရပါတယ်”
အခုလို စစ်ကောင်စီတပ်တွေက PDF တပ်ဖွဲ့ဝင်တွေကို ဖမ်းမိပြီး သတ်လိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို၊ လုံခြုံရေးကြောင့် RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဗိုလ်ကြီး လင်းထက်အောင်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နည်းဗျူဟာနဲ့ လက်နက်ပိုင်း ပြင်ဆင်မှုတွေလိုအပ်နေတယ်လို့ ထောက်ပြပါတယ်။
“ပြောရရင်တော့ စစ်ပွဲတွေက ပြင်းထန်လာပြီလို့ ပြောလို့ရတယ်။ စစ်ပွဲပြင်းထန်လာတဲ့ အချိန်မှာ နည်းဗျူဟာလိုအပ်မှု လက်နက်ခဲယမ်းကွာခြားမှုတွေ ဒါတွေကလည်း တော်လှန်ရေးတပ်ဖွဲ့တွေမှာ အခက်အခဲတစ်ခုအနေနဲ့ရှိသေးတယ်။ ဒါတွေကို အခုချိန်မှာ ပိုပြီးတော့ ပြင်ဆင်ဖို့လိုတယ်”
စစ်ကိုင်းတိုင်းထဲက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတစ်ယောက်ကလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အချင်းချင်း ချိတ်ဆက်မှု၊ ယုံကြည်မှုမတည်ဆောက် နိုင်သေးရင် ဒီလိုဖြစ်ရပ်မျိုးတွေကြုံရမယ်လို့ RFA ကို ပြောပါတယ်။
“အခုဖြစ်သွားတဲ့ ဒေသတွေကို လိုက်ကြည့်လိုက်ရင် သူတို့ နယ်မြေဒေသမှာရှိနေတဲ့ အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းတာနဲ့ သတင်းအချက်အလက် အားနည်းတာတွေ၊ ယုံကြည်မှု အားနည်းတာတွေ တွေ့ရတယ်”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီရဲ့ ချေမှုန်းရေးဗျူဟာတွေ ပြောင်းလာတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိထားရမယ်လို့ ပြောပါတယ်။
“စစ်တပ်က ဗျူဟာပြောင်းလာတာကလည်း ဒီအတွင်းမှာ ထူးခြားတယ်။ သူ (စစ်ကောင်စီ) က ထိုးစစ်ဆင်တဲ့ အရင်တုန်းကလို သူ့ရဲ့ လမ်းကြောင်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ သူ့ရဲ့ လမ်းကြောင်းတွေအတိုင်း ဗျူဟာမြောက်ချီတက်နိုင်တဲ့ အခြေအနေမျိုး မရှိတော့ဘူး။ အဲလိုမရှိတော့တဲ့ အခြေအနေအောက်မှာ တောလမ်း၊ တောင်လမ်းတွေကနေ ဝင်ရောက်တဲ့အခါမှာ စစ်ရေးအားနည်းတဲ့ လယ်သမားတစ်ပိုင်း တပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံးမှု များတာပေါ့ဗျာ”
အရေးပေါ်ကာလထပ်တိုးပြီးရင် ဖိနှိပ်မှုတွေပိုများလာနိုင်တဲ့အကြောင်းကို RFA က ထုတ်လွှင့်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်းမှာ PDF တပ်ဖွဲ့ဝင် ၁၅၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားပါတယ်။