ပေါက်မြို့နယ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေး

2022.09.18
ပေါက်မြို့နယ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ ဒေသခံ နှစ်ထောင်ကျော်ထွက်ပြေး ပေါက်မြို့နယ်အတွင်းမှ ဒေါင်းသာရွာအား စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ထွက်ပြေးရသည့် ဒေသခံများအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ ကျေးရွာခြောက်ရွာက ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒေါင်းသာ၊ သပွတ်စု၊ မြေခြားရွာတွေကို ဝင်ရောက်စီးနင်းတာမှာ အနီးအနားဝန်းကျင်က သရက်လေးပင်ရွာ၊ သရက်တောရွာနဲ့ လယ်လမ်းရွာက ဒေသခံ တွေပါ ထွက်ပြေးခဲ့ကြပါတယ်။

"သူတို့လိုချင်တာ နားကပ်နဲ့ ရွှေနဲ့ ပိုက်ဆံကလွဲလို့ ဘာမှမလိုချင်ဘူးလို့ ပြောတယ်”

စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းကတည်းက လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးခဲ့တာလို့လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သရက် လေးပင်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကတည်းက လက်နက်ကြီးနဲ့ ပစ်တာ။ ကျမတို့ ရွာမှာ မအိပ်ရဲလို့ ည ၈ နာရီခွဲ ၉ နာရီလောက်မှာ တောထဲတွေမှာ အိပ်ရတာ။ ကျမတို့ကတော့ အထုတ်ကလေးတွေ၊ အသေးအမွှားလေးတွေ ထုတ်ထားတာပေါ့။ အဲဒီအထုတ်ကလေးတွေ ဆွဲပြီးပြေးရတာ။ အဝတ်အစားကတော့ တစ်စုံ၊ နှစ်စုံပဲပါတယ်။ ဖျားတဲ့ကလေးတွေရော၊ ဆေးတွေဘာ တွေဝယ်ပြီး ထိုးကြရတာ”

လက်ရှိမှာ အရပ်သားတွေဟာ အနီးနား ကျေးရွာတွေနဲ့ တောတွေထဲကို ပြောင်းရွှေ့နေထိုင် နေတယ်လို့ သရက်လေးပင်ရွာ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂၀၀ ခန့်ဟာ တရုတ်နိုင်ငံထုတ် FAW အမှတ်တံဆိပ်ပါ ထရပ်ကား လေးစီးနဲ့ အိမ်စီးကား တစ်စီးကို အသုံးပြုပြီး ပေါက်မြို့နဲ့ မလှမ်းမကမ်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အကြောင်းမဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကား ငါးစီးလာတယ်။ အင်အား ၂၀၀ ကျော်လောက်ရှိတယ် ပြောတယ်။ ခြေလျင် တွေလည်း ရှိရင်ရှိမှာပေါ့ဗျာ၊ မြို့နဲ့ နီးတော့လေ။ ဒီကောင်တွေက လက်နက်ကြီးတွေနဲ့ ပစ်လိုက် လက်နက်ငယ်နဲ့ ပစ်လိုက်နဲ့ ဝင်တယ်။ စစ်ဖြစ်တာ မဟုတ်ဘူး။ PDF နောက် ကို မလိုက်နိုင်ဘူးလေ။ မလိုက်နိုင်တော့ ရွာအနီးနားတွေဆိုရင် ဒီနေရာက ပစ်သွားရင် ပစ်သွားတဲ့နေရာကို လိုက်မွှေတာ အဲဒီလိုမျိုးတွေ။ ညက အုန်းတော့ တံတားမှာ ညအိပ်တယ်။ မနက်ကျ (စက်တင်ဘာလ ၁၈ ရက်နေ့) အယောက် ၈၀ လောက်က ဖိုးဖြူလုံး (ရွာ) ကို ရောက်တယ်”

ဒီစီးနင်းမှုမှာ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိပေမယ့် တန်ဖိုးရှိပစ္စည်းမှန်သမျှ ယူဆောင်သွားတယ်လို့ ပေါက်မြို့နယ် PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ ဒီဘက်ကို စဝင်တယ်။ ကားငါးစီးက FAW ကား လေးစီးနဲ့ အိမ်စီးကားလေး တစ်စီးပေါ့။ ဒီဘက်အထိ မလာဘူး။ ဒေါင်းသာမှာတင် နေတာ။ ရွာထဲကို အကုန်ဝင်မွှေသွားတယ်။ ပစ္စည်းတွေ၊ တချို့ဟာ နားကပ်တွေပါ ဖြုတ်ပြီး တောင်းသွားတယ်။ သူတို့လိုချင်တာ နားကပ်နဲ့ ရွှေနဲ့ ပိုက်ဆံကလွဲလို့ ဘာမှမလိုချင် ဘူးလို့ ပြောတယ်”

pauk-villagers-flee.jpg
ပေါက်မြို့နယ် မြေခြားရွာအား စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ထွက်ပြေးရသည့် ဒေသခံများအား ၂၀၂၂ ခုနှစ် ဇွန် ၁၁ ရက်နေ့က တွေ့ရစဉ် (Photo: Pauk Newsletter Page Facebook)

အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပေါက်မြို့နယ် တောင်ပိုင်းက အခြေအနေနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်မှုပေါင်း ၁၄၉၀၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ မကွေးတိုင်းဟာ တိုက်ခိုက်မှု ၁၃၉၅ ကြိမ်အထိရှိခဲ့ပြီး တတိယအများဆုံးဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် သြဂုတ်လ ၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်းအတွင်း စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းနီးပါး (၉၈,၀၀၀) ရှိလာပြီး ဒါဟာ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ဒုတိယအများဆုံး ရှိတဲ့ ဒေသဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ စက်တင်ဘာလ ၂ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။