ပေါက်တောင်ပိုင်းခုနစ်ရွာက ဒေသခံငါးထောင်နီးပါး ထွက်ပြေးနေရ

RFA Burmese
2023.05.29
ပေါက်တောင်ပိုင်းခုနစ်ရွာက ဒေသခံငါးထောင်နီးပါး ထွက်ပြေးနေရ မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Successful Force - Pauk

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကရွာတွေကို မေလ ၂၉ ရက် ဒီနေ့မနက်အထိ စစ်ကောင်စီတပ်သားတွေ ဝင်တိုက်ပြီး မီးရှို့နေလို့ ထွက်ပြေးရတဲ့သူ ငါးထောင်နီးပါး ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အားတစ်ရာလောက်ပါတယ်လို့ ပြောကြပါတယ်။ သူတို့ဟာ မေလ ၂၄ ရက်ကစပြီး ရွာစဉ်တစ်လျှောက် မီးရှို့နေတာလို့ ပြောပါတယ်။

"ရေကလျှံ၊ စစ်ဘေးကပြေးရနဲ့  ကျွန်မတို့မှာ တော်တော့်ကို ဒုက္ခရောက်နေတာပါ။ ကယ်ကြပါဦး။ ကျွန်မတို့ကို ကြည့်မနေကြပါနဲ့"

ပြစ်တဲ၊ တဲတောင်ယာ(တောင်စု)၊ တဲတော်ယာ(မြောက်စု)၊ ချောင်းနား၊ ကိုင်းလယ်၊ ဇီးတော၊ တပ်ကုန်း စတဲ့ရွာတွေက ဒေသခံတွေက နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။

အဲဒီစစ်ကြောင်းဟာ မေလ ၂၉ ရက် ဒီနေ့မနက်မှာ ချောင်းနားရွာကိုဝင်ပြီး မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းနားရွာသူတစ်ဦးက RFA ကို ပြောပါတယ်။

“မကျန်တော့ပါဘူး ကျွန်မတို့ရွာကတော့။ ကျွန်မတို့တော့ တော်တော့်ကို ဒုက္ခရောက်နေပါပြီ။ တိရစ္ဆာန်တွေ ကလည်း နေပူကျဲကျဲကြီးထဲမှာပါ။ ညကလည်း မိုးတွေရွာလို့  ရေထဲပဲပါတော့မှာလားလို့ ရေကလျှံ၊ စစ်ဘေး ကပြေးရနဲ့  ကျွန်မတို့မှာ တော်တော့်ကို ဒုက္ခရောက်နေတာပါ။ ကယ်ကြပါဦး။ ကျွန်မတို့ကို ကြည့်မနေကြ ပါနဲ့။ ကျွန်မတို့ ခံစားရသလို သူတို့ (စစ်ကောင်စီတပ်) မခံစားရပါစေနဲ့”

အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတဲ့ ချောင်းနားရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွား နိုင်တယ်လို့ ဆိုပါတယ်။

မီးရှို့ခံထားရတဲ့ ပြစ်တဲ၊ တဲတော်ယာ (တောင်စု)နဲ့ ချောင်းနားရွာတွေမှာ စစ်ကြောင်းရှိနေသေးလို့ သွားမကြည့် ရဲကြတဲ့အတွက် ထိခိုက်ပျက်စီးတဲ့အခြေအနေကို တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ပေါက်တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့  Successful Force - Pauk အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလိပ်ပြာကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

“ပြေးတာလွှားတာက နေရာပေါင်းစုံကိုပြေးကြရတာ။ တချို့ဆိုရင် မွေးချင်းသားချင်းတွေဆီပြေးတယ်။ တချို့ ကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ စီမံပေးတဲ့ နေရာတွေပြေးတယ်။ တချို့ကလည်းရပ်ရွာပေါ့ ကိုယ်နဲ့နီးစပ်ရာ ပြေးကြတယ်။ ဆေးဝါးကပိုပြီးလိုအပ်ပါတယ်။ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်တယ်။ ပေါက်တောင်ပိုင်း မှာဆိုရင် ကျေးရွာပေါင်း ၃၀ ကျော်လောက်က မီးရှို့ခံထားရတယ်။ အဲဒီရွာတွေဆို မိုးကာ တို့၊ စားဝတ်နေရေးတို့၊ တချို့ဆို ရေအခက်အခဲရှိတယ် အဲဒါတွေ လိုအပ်နေတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးပေမယ့် မလုံလောက်ဘူးလို့ ကိုလိပ်ပြာက ဆိုပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Successful Force - Pauk)
မကွေးတိုင်း၊ ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Successful Force - Pauk)

ပခုက္ကူခရိုင် PDF တပ်ရင်း (၁၁) ပြောခွင့်ရသူ ကိုတေကတော့ ပေါက်တောင်ပိုင်းက ပျူစောထီးရွာတချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားလို့ စစ်ကောင်စီတပ် တွေလာတိုက်တာလို့ RFA ကို ပြောပါတယ်။

“သူတို့တွေ (စစ်ကောင်စီတပ်) ကဒီလိုပဲဗျ။ ပြီးတော့ အဲဘက်ရွာတွေက ပျူတွေ များတာကို။ ပျူရွာနှစ်ရွာ၊ သုံးရွာလောက်က ဈေးဝယ်ထွက်ကြတာရှိတယ်။ အဲဒီလိုအချိန်ကြရင် စစ်ကောင်စီတပ်က သူတို့ (ပျူတွေ) ကို ဒီဘက် (ကာကွယ်ရေး တပ်) ကအာရုံမစိုက်နိုင်အောင်လို့ ပြန်ဝင်လာပေးတဲ့သဘောရှိတယ်။ ဘာလို့ဆို သူတို့ (ပျူရွာသား)တွေ ဆန်တောင်မှခွဲတမ်းကျနဲ့ စားနေရတဲ့အခြေအနေရှိတယ်။ တော်တော်ကြီး စားရေး သောက်ရေးခက်နေတာ။ အဘက်ဘက်က ဝိုင်းထားတာ ဆိုတော့”

ပေါက်မြို့တောင်ပိုင်းက ဒီးဒုတ်ကွင်း၊ ပင်တောင်၊ သစ်ချိုကုန်းစတဲ့ရွာတွေဟာ စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ ပျူစောထီးရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုပြောကြတာနဲ့ပတ်သက်လို့ အဲဒီဒေသခံတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပခုက္ကူခရိုင် PDF တပ်ရင်း (၁၈) ပြန်ကြားရေးတာဝန်ခံက - စစ်ကောင်စီတပ်က တိုက်ခိုက် လာတဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိထိရောက်ရောက် မခုခံနိုင်သေး ဘူးလို့ RFA ကို ပြောပါတယ်။
 
“ကျွန်တော်တို့က ကိုယ့်နယ်နဲ့ကိုယ် ပျူစောထီးတို့၊ ဒီ ရဲတို့ပေါ့နော် ဒါလောက်ပဲ ကျွန်တော်တို့ ကာကွယ်နိုင် တယ်။ စစ်ကြောင်းကျတော့ ကျွန်တော်တို့ ကာကွယ် နိုင်တဲ့အားမရှိသေးဘူး။ အဲလိုကာကွယ်မယ် ဆိုရင်တော့ NUG က ကျွန်တော်တို့ တပ်ရင်းတွေကို တကယ်လိုအပ်တဲ့တပ်ရင်းတွေကို လက်နက်တွေချပေးနိုင်မှ ဒီစစ်ကြောင်းတွေ ခုခံကာကွယ်နိုင်မှာ”

ပေါက်မြို့နယ်မှာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးရွာတွေများတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ တခြားနယ်မြေထက် စစ်ကြောင်းထိုးရတာ ပိုလွယ်နေတာ လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကွေးတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသိန်းနီးပါး ရှိပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) က မေလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။