ပေါက်မှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မကွေးတိုင်းက ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားတစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပါတယ်။
စစ်ကြောင်းဟာ ညောင်ဝင်း (မြောက်စု) ရွာကို မတ်လ ၉ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင် မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပါတယ်။
ဒီစီးနင်းမှုအတွင်း အသက် ၇၉ နှစ်အရွယ် ဒေါ်သောင်းရင်နဲ့ အသက် ၆၉ နှစ်ရွယ် ဒေါ်ထွေးတို့ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးတွေကျရောက်ချိန်မှာ ဗုံးခိုကျင်းထဲကို ဝင်ချိန်မရလိုက်တာကြောင့် မိခင်ဖြစ်သူ အသက်သေဆုံးခဲ့ရတာလို့ ဒေါ်သောင်းရင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"လုံးဝကို ကယ်တင်ချိန်မရနိုင်တာပါ။ သူတို့က ဘယ်လိုမှကိုဝင်ချိန်မရလို့ တရစပ် ပစ်နေတော့ ဗုံးခိုကျင်းတွေထဲမှာ ဝင်နေရတာ။ မဝင်နိုင်သွားတာ။ ဗုံးခိုကျင်းထဲကို ဝင်ချိန်မရလိုက်တာပါ။ သူတို့က တရစပ်ပစ်နေတဲ့အခါကျတော့ အမေအိုဆိုတော့ကျတော့"
ဒါ့အပြင် ဒေါ်ထွေးရဲ့ အသက် ၃၀ အရွယ် သမီးဖြစ်သူအပါအဝင် ဒေသခံ ငါးဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။
ညောင်ဝင်း(မြောက်စု)၊ ညောင်ဝင်း(တောင်စု)၊ ရွာသာအေး၊ ဝက်မီး၊ အင်းတော၊ တုတ်စု၊ နံ့သာ၊ ထန်းတော်ဦး၊ ကျွန်းကြီး၊ ကျောင်းကုန်း၊ ဝါးရုံပင်အိုင်၊ ကျွန်းပင် စတဲ့ကျေး ရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
အသက်လုပြီးထွက်ပြေးရတဲ့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ ကျွန်းကြီးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
"ကြောက်ကြောက်လန့်လန့်နဲ့ ပြေးကြတာဆိုတော့လည်း တချို့ဆိုဖိနပ်တောင် မပါကြဘူး။ ပြေးကြတာပဲ။ အခက်အခဲကတော့ အဓိကအချက်ကတော့ ဘယ်လို ပြောရမလဲဆိုတော့ ဆေးဝါးကတော့ များသောအားဖြင့်ပေါ့။ စားစရာ၊ သောက်စရာ ဆိုတာကတော့ ကိုယ့်အဆက်ကလေးတွေနဲ့ကိုယ် ပြေးကြတော့ တချို့ကျတော့လည်း အသိအိမ်တွေက ကျွေးတဲ့သူတွေရှိသလို၊ တချို့ကျတော့လည်း ကိုယ်ဟာနဲ့ကိုယ် စားစရာပါတဲ့သူတွေလည်း ရှိတယ်"
ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေဆီ တိမ်းရှောင်နေတာရှိသလို တော၊ တောင်၊ လျှိုမြောင်တွေထဲမှာ ခိုလှုံနေရသူတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
"အခက်အခဲကတော့ အဓိကအချက်ကတော့ ဘယ်လို ပြောရမလဲဆိုတော့ ဆေးဝါးကတော့ များသောအားဖြင့်ပေါ့"
စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဝင်း(မြောက်စု)ရွာနဲ့ တစ်မိုင်အကွာမှာ တပ်စွဲထားတာ ကြောင့် ဒေသခံတွေဟာ ဒီကနေ့ မတ်လ ၁၁ ရက်အထိ နေရပ်ကိုမပြန်ရဲကြဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီက ပေါက်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ် တွေက ပိုပြီးရက်စက်လာသလို ဒေသခံတွေ အိပ်မောကျနေချိန်တွေမှာ ရွာတွေကို စီးနင်းတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိလာတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ) တာဝန်ရှိသူတစ်ဦး က RFA ကိုပြောပါတယ်။
"လာတဲ့အချိန်ကလည်း မနက် ၅ နာရီလောက်ဆိုတော့ ပြည်သူတွေလည်း အိပ်မောကျ နေတဲ့ အချိန်ဆိုတော့ ရှောင်တော့ရှောင်တာပေါ့ဗျာ။ ဒါပေမဲ့လည်း မလွတ်လို့ လက်နက်ကြီးထိသွားတာက အဘွားအိုနှစ်ယောက် ဆုံးသွားပါတယ်။ ငါးယောက်က ထိခိုက်ဒဏ်ရာရပါတယ်။ ကျနော်တို့ ရဲဘော်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရပါတယ်"
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီက မကွေးတိုင်းအတွင်း ပေါက်မြို့နယ်အပါအဝင်၊ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါနဲ့ ဆောမြို့နယ်တွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေ အရှိန်မြှင့် ဆောင်ရွက်လာတယ် လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ စစ်အာဏာသိမ်းပြီးနောက် လူဦးရေ ကိုးသိန်းကျော် (၉၁၅.၀၀၀) အိုးအိမ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။