ပေါက်မြို့မှာ ငါးရက်အတွင်း နေအိမ်တစ်ရာကျော်မီးရှို့ခံရပြီး ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ

မကွေးတိုင်း ပေါက်မြို့နယ်အရှေ့မြောက်ပိုင်းကို ဩဂုတ် ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့ အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ရွာငါးရွာက အိမ်ခြေတစ်ရာကျော် မီးရှို့ခံခဲ့ရသလို လူငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့အထဲမှာ ချိုင်ဇောက် အထက်စုရွာက နေအိမ် ၅၀ ခန့်၊ ချိုင်ဇောက် အောက်စုက နေအိမ် ၁၆ လုံး၊ ညောင်ရင်းရွာက နေအိမ် ၂၆ လုံး၊ စသိန်းရွာက နေအိမ်ရှစ်လုံးနဲ့ ဂွေးပုံရွာက နေအိမ်သုံးလုံးပါဝင်ပြီး အဲဒီရွာတွေက ဒေသခံတွေအားလုံး ထွက်ပြေး နေရတာပါ။
ဒီရွာတွေကို စစ်ကောင်စီတပ်ရဲ့ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ချိုင်ဇောက် အထက်စုနဲ့ ချိုင်ဇောက် အောက်စုကို အင်အားသုံးရာကျော်နဲ့ ဝင်ရောက်လာပြီး အိမ်ခြေ သုံးရာကျော် ရှိတဲ့အနက် ၆၆ အိမ်ကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ ညောင်ရင်းရွာကို သေနတ်ပစ်ဖောက် ထပ်မံဝင်ရောက်ပြီး မီးရှို့သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ရင်းရွာဒေသခံက RFA ကို ပြောပါတယ်။
"ကျနော်တို့အိမ်တွေ မီးရှို့ခံရတာ ၁၉ ရက်နေ့။ အဲဒီအချိန်မှာ ကျနော်တို့က ဒီအတိုင်းပဲ ရပ်ကြည့်နေလိုက်ရတာပေါ့။ ကျနော်တို့အိမ်တော့ မပါဘူးဗျ။ အကြီးအိမ်နဲ့ အကို့အိမ် တော့ ပါသွားတယ်။ လေးလပိုင်းတုန်းက (စစ်ကောင်စီတပ်) ဝင်တော့ဝင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး မီးရှို့တာဘာညာ မရှိဘူးခင်ဗျ"
စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးနောက် ရွာထဲမှာ နေအိမ် ၁၆ လုံး မီးလောင် ပြာကျခဲ့သလို နေအိမ် ၁၀ လုံးကတော့ မီးလောင်လျက်အတိုင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတချို့ဟာ ရွာထဲကို ဝင်ရောက်မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ရွာမှာပြန်နေထိုင်ဖို့ လုံခြုံရေးအရ စိုးရိမ်နေရတာကြောင့် အားလုံး ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင် နေရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာပဲ စသိန်းရွာက နေအိမ် ရှစ်လုံးကိုလည်း ဆက်လက် ဝင်ရောက်မီးရှို့ခဲ့ပြီး စားနပ်ရိက္ခာတွေပါ ယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စသိန်းရွာဒေသခံက RFA ကို ပြောပါတယ်။
"ဆီ၊ ဆန်၊ ဆေးပေါ့။ ဒါတွေက ဖြတ်တောက်ရေး လုပ်ထားတဲ့အတွက်က နဂို ကတည်းက အခြေခံလူသုံးကုန်၊ စားသုံးကုန်ပစ္စည်းက ပြတ်နေတာ။ ပြတ်နေတဲ့ အနေအထားမှာမှ စစ်ကြောင်းကြီးနဲ့ လာပြီး ယူသွားတဲ့အခါကျတော့ ဘာလိုအပ်လဲဆို အကုန်လိုအပ်တယ်လို့ ပြောရမလိုဖြစ်နေပြီ။ ဆေးနဲ့ စားနပ်ရိက္ခာကလေ ဝယ်လို့ လုံးဝ မရတော့ဘူး။ နဂိုကတည်းက ဒီဘက်ဒေသတွေကို ဖြတ်တောက်ရေးလုပ်ထားတာ။ ဆေးဝါးဆိုရင် သယ်လို့ကိုမရတာ"
စစ်ကောင်စီတပ်ဟာ မကွေးတိုင်း ပေါက်မြို့နယ်ကနေ ချင်းပြည်နယ်အထိ ရိက္ခာနဲ့ ဆေးဝါးတွေ ရောက်သွားနိုင်မယ်လို့ ယူဆတာကြောင့် အခုနှစ် နှစ်စပိုင်းကစပြီး ပိတ်ပင်ထားတာလို့ ဒေသခံက ပြောပါတယ်။
"ပြတ်နေတဲ့ အနေအထားမှာမှ စစ်ကြောင်းကြီးနဲ့ လာပြီး ယူသွားတဲ့အခါကျတော့ ဘာလိုအပ်လဲဆို အကုန်လိုအပ်တယ်လို့ ပြောရမလိုဖြစ်နေပြီ"
ဒီဒေသမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အခုလိုဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံတွေ အကုန် ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်မြို့နယ် ဒေသခံက RFA ကို ပြောပြပါတယ်။
"ဒီဘက်က ရွာတွေ အကုန်ပြေးရတာ ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ညောင်ရင်းကလည်း အကုန်ပြေးရတယ်။ စသိန်းကလည်း အကုန်ပြေးရတယ်။ ဂွေးပုံကလည်း အကုန် ပြေးရတယ်။ ဆုံးရှုံးမှုကတော့ ညောင်ရင်းက တော်တော်များတယ်။ အိမ်တွေက ကောင်းတဲ့အိမ်တွေ ရွေးရှို့တာဆိုတော့။ ၁၉ ရက်၊ ၂၀ ရက်နောက်ပိုင်း မနေ့ (ဩဂုတ်လ ၂၀ ရက်နေ့) နေ့လယ်ပိုင်းမှာ ဟယ်လီကော်ပတာ နှစ်စင်းနဲ့ ချောင်းဦးမှာ နှစ်စီးနဲ့ နှစ်ကြိမ်လာပြီး ဟိုဘက် ပုလဲ၊ မုံရွာဘက်ကို တက်သွားတယ်လို့ သိရတယ်ခင်ဗျ"
အဲဒီရွာတွေထဲကနေ စစ်ကောင်စီတပ်သားတွေ ပြန်လည်ထွက်ခွာသွားပေမယ့် ဒေသခံတွေ အားလုံး နေရပ်ကို မပြန်ရဲကြသေးသလို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
"တချို့ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတဲ့ရွာတွေ သတင်းရတာနဲ့ လူအင်အားစုပြီးတော့ တိုက်ခိုက်တာမျိုးရှိတယ်။ ပြန်ဆုတ်သွားရင် မီးရှို့တာမျိုးတွေ ရှိတယ်။ သူတို့မီးရှို့ပြီး ထွက်သွားပြီးတဲ့နောက်ပိုင်းမှာလည်း တပ်က မီးရှို့သယောင်၊ ပြည်သူ့စစ်ကပဲ မီးရှို့ သယောင် သတင်းလွှင့်တာတွေ ရှိတယ်။ ကျနော်တို့သည် ပြည်သူ့စစ်ရော တပ်မတော် အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့တွေ အနေနဲ့ကတော့ လုံခြုံရေးအရ ဆောင်ရွက်ပြီးရင်လည်း မီးရှို့တဲ့လုပ်ငန်း လုပ်စရာမရှိဘူး"
စစ်ကောင်စီဘက်က အမြဲငြင်းပေမယ့် ဒီနေ့ RFA နဲ့အဆက်သွယ်ရတဲ့ ဒေသခံတွေ အားလုံးကတော့ စစ်ကြောင်းက လုပ်ခဲ့တာလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာ တနင်္သာရီတိုင်း၊ ထားဝယ် မြစ်လယ်က ဆင်ဖြူရှင်ကျွန်းရွာကို ခြေမြန်တပ်ရင်း ခမရ (၄၀၂) က နယ်မြေရှင်းလင်းရေး ဝင်ချိန် နေအိမ်တချို့ကို မီးရှို့ခဲ့ရကြောင်း အဲဒီ စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ CDM အရာရှိ တစ်ဦးက RFA ကို ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာလည်း ပေါက်မြို့နယ် ရေထွက်ရွာနဲ့ ရှားစေးချက် ရွာတွေက နေအိမ် ၄၇ လုံးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်ပေါင်း ရှစ်သိန်းခြောက်သောင်း ကျော်အထိ တိုးလာပြီး အဲဒီထဲမှာ မကွေးတိုင်းက ရှစ်သောင်းနီးပါး (၇၉,၂၀၀) ပါဝင်တယ် လို့ ဖော်ပြထားပါတယ်။