ပြည်သူပိုင်အိမ်တွေကို ဘယ်သူတွေ မီးရှို့ဖျက်ဆီးနေလဲ

သီရိမင်ဇင် (ဝါရှင်တန်ဒီစီ)
2025.03.04
ပြည်သူပိုင်အိမ်တွေကို ဘယ်သူတွေ မီးရှို့ဖျက်ဆီးနေလဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မရကန်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူနေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် (၁၁၂,၄၈၅ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် နေအိမ်မီးရှို့ခံရတဲ့အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ကောက်ယူပြုစုထားတဲ့ စာရင်းကို ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တာပါ။

ဒီစာရင်းကို Data for Myanmar က သတင်းမီဒီယာတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအပြင် ဂြိုဟ်တုဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေး အတည်ပြုပြီး စုစည်းထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အရပ်သားနေအိမ်တွေကို သူတို့မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ သတင်းမီဒီယာတွေကို အကြိမ်ကြိမ်ငြင်းဆိုလေ့ရှိပေမဲ့ စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား တချို့ကတော့ ဝန်ခံထားပါတယ်။

အရပ်သားနေအိမ်တွေကို ဘာကြောင့်မီးရှို့တာလဲ

“အိမ်တွေဘာတွေကို မီးရှို့ခိုင်းတယ်ပေါ့။ သူတို့ လုံခြုံအောင်ဆိုပြီးတော့ မိုင်းတွေ ဘာတွေ ထောင်ခိုင်းတယ်။ အုတ်နဲ့ဆောက်ထားတဲ့ အိမ်တွေဆိုရင် အပေါက်ဖောက်ခိုင်းတာပေါ့။ မှန်တွေဆိုလည်းခွဲ၊ တံခါးတွေဆိုလည်း တံခါးရွက်တွေကို ဖြုတ်”

ကိုရဲလင်းဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၃) ကို အတင်းအကျပ်ဖမ်းဆီးပို့ဆောင်ခံခဲ့ရပါတယ်။ အဲဒီနောက် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေက စစ်ကောင်စီတပ် စစ်ဆင်ရေးတွေမှာ သူပါဝင်ခဲ့ရပါတယ်။

Data for Myanmar ရဲ့ တွေ့ရှိချက်အရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့နေရာတွေ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ရွာတွေက အရပ်သားနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းတွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ ဖျက်ဆီးကြတယ်လို့ ဆိုပါတယ်။

ဘယ်သူတွေက အမိန့်ပေးတာလဲ

“ကျွန်တော်တို့တပ်ရင်းကျတော့ အမှတ် ၄၂၉ ဘော်လခဲမှာပေါ့၊ ကျွန်တော်တို့မိခင်တပ်ပေါ့၊ ကြည်ဝင်းဟန်ပေါ့ သူ့ရာထူးက ဗိုလ်မှူးပေါ့၊ နောက်တစ်ယောက်ကကျတော့ ဖြိုးရန်ပိုင် သူကကျတော့ ဗိုလ်ကြီးအဆင့်”

ပြည်သူတွေအတွက် အိမ်ဆိုတာ ပိုင်ဆိုင်မှုတစ်ခုသပ်သပ်မဟုတ်ဘဲ ချွေးနည်းစာတွေနဲ့ စုဆောင်းတည်ဆောက်ပြီး မိသားစုအမှတ်တရတွေနဲ့ ပြည့်နေတဲ့ ရိပ်မြုံတစ်ခုပါ။ စစ်တပ်အရာရှိတွေကတော့ အဲဒီလို မမြင်ကြပါဘူး။

“သူတို့က အမိန့်တစ်ခုထပ်ပေးထားတယ်။ မင်းတို့မှတ်ထား ငါတို့ဆီမှာ နွားဆိုဟင်း၊ အိမ်ဆိုတာ ထင်းတဲ့"

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် (၅) သင်တန်းဆင်း ကိုပြည့်စုံ ပြောပြတာပါ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ရှိ စနဲစျေး မီးလောင်နေသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Arakan princess Media)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ရှိ စနဲစျေး မီးလောင်နေသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Arakan princess Media)

အိမ်တွေကို ဘယ်လိုမီးရှို့ကြတာလဲ

“မီးရှို့ဆိုတဲ့အိမ်ကို ရှို့ရတယ်။ ရေနံဆီ၊ ဓာတ်ဆီ အကုန်လုံးလောင်းရတယ်။ အိမ်ခေါင်မိုးအထိတက်ပြီး လောင်းရတယ်၊ ကျွန်တော်တို့မှာ၊ အဲဒီကနေမှ မီးတုတ်နဲ့လှမ်းပစ်တာပေါ့" လို့ စစ်မှုထမ်းတပ်သား ကိုရဲလင်းက ပြောပြပါတယ်။

စစ်တပ်ကို စွန့်ခွာလာသူတွေ ပြောပြတဲ့ထဲမှာ တပ်အရာရှိတွေက စစ်သားတွေကို မူးယစ်ဆေးကျွေးပြီး လူနေအိမ်တွေကို မီးရှို့ခိုင်းတယ်ဆိုတဲ့အချက်လည်း ပါပါတယ်။

“တချို့ကျတော့ အရမ်းကြီးတက်ကြွနေတဲ့သူတွေ ရှိတယ်။ အယောက်တစ်ရာမှာ ဆယ်ယောက်လောက်က။ ပြီးတော့ စစ်တပ်မှာက ဆေးတွေဘာတွေလည်း ရောင်းတယ်။ WY တို့ဘာတို့ အဲလိုမျိုးတွေဖြန့်တယ်။ စိတ်ကြွအောင်ဆိုပြီးတော့ ရဲအောင်ဆိုပြီးတော့ သူတို့က ရောင်းကြတယ်" လို့လည်း ကိုရဲလင်းက ပြောပါတယ်။

အိမ်တွေကို မီးရှို့ခိုင်းရုံတင်မက လူသူမရှိတဲ့ အိမ်တွေထဲက တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေကိုလည်း ရောင်းစားဖို့ ယူခိုင်းလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

“သူတို့ကအရင်သွားကြည့်ထားတယ်။ ဘယ်အိမ်မှာဘာရှိတယ် မင်းတို့သွားယူ။ ရေခဲသေတ္တာတို့၊ အဲယားကွန်းတွေ ဘာတွေ၊ အဲလိုတွေ ဖြုတ်ခိုင်းတယ်။ သယ်ခိုင်းတယ်။ ပြီးလို့ရှိရင် သူတို့က ရောင်းတယ်။ တစ်သိန်းတန်ရင် တစ်သိန်း၊ နှစ်သိန်းတန်ရင် နှစ်သိန်း အဖိုးအခဖြတ်ပြီး ရောင်းတာသူတို့က"


ဆက်နွှယ်သောသတင်းများ

နေအိမ်ဆုံးရှုံးခဲ့တဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တွေရဲ့ သောက

မြောင်မြို့နယ်က နေအိမ်မီးရှို့ခံရသူတွေရဲ့ ခံစားချက်

အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းနီးပါးရှိလာ


ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးခိုလှုံလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတချို့ပြောပြချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲကျော် ရှိလာပါပြီ။

ဒီလိုစွန့်ခွာထွက်ပြေးရတဲ့ ပြည်သူတွေရဲ့ လူသူကင်းမဲ့နေတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားတာတွေကြောင့် တိုက်ပွဲတွေငြိမ်လို့ နေရပ်ပြန်ကြတဲ့အခါ ပြာကျသွားတဲ့အိမ်တွေနဲ့ ဘာပစ္စည်းမှမရှိတော့တဲ့ အိမ်အခွံကြီးတွေကပဲ ပြည်သူတွေကို ဆီးကြိုနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။