စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုနေ

RFA Burmese
2024.11.19
စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုနေ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားဖန်းကျေးရွာရှိ နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ ရွာဇော်ကြီး တော်လှန်အသံ

စစ်ကိုင်းတိုင်းထဲက ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ အရာတော်၊ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဘုတလင် စတဲ့မြို့နယ်တွေက နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင်စရာအတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို နိုဝင်ဘာလ ၂၀ ရက်နေ့က ပြောပါတယ်။

အဲဒီမြို့နယ်တွေမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရလို့ နေထိုင်စရာ အခက်အခဲဖြစ်တဲ့ အိမ်ထောင်စုအရေအတွက်ဟာ နှစ်သောင်းခွဲခန့် ရှိနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုပါတယ်။

မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေဆီမှာ နေထိုင်ကြရတာရှိသလို ကူညီရေးအဖွဲ့တွေက ဆောက်လုပ်ပေးတဲ့ တဲအိမ်တွေမှာ နေထိုင်ကြတာလည်းရှိတယ်လို့ ဆိုပါတယ်။

မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီရေးအဖွဲ့တွေက တဲအိမ်ဆောက်လုပ်ပေးကြပေမဲ့ ထောက်ပံ့ငွေနည်းပါးလာတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က RFA ကို ပြောပါတယ်။

"တဲအိမ်တစ်လုံးကို သုံးသိန်းခွဲကျော်လောက် ကုန်ကျပါတယ်။ အခုနောက်ပိုင်း ထောက်ပံ့ငွေရရှိမှုတွေ နည်းလာတယ်။ တဲအိမ်ဆောက်လုပ်တဲ့စရိတ်က မြင့်လာတယ်။ ပြည်တွင်း၊ ပြည်ပ အကူအညီတွေက အရင်ကလောက်တော့ ရတာမရှိတော့ဘူး။ ဒေသခံတွေအတွက် နေထိုင်စရာ တဲအိမ်တွေ ဆောက်လုပ်ဖို့ ကူညီကြဖို့ တိုက်တွန်းပါတယ်"

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ရေဦး၊ ဒီပဲယင်း၊ အရာတော် စတဲ့ မြို့နယ် ခုနစ်မြို့နယ်မှာ တဲအိမ် ၁၃၇၀ ဆောက်လုပ်ပေးထားတယ်လို့ သူက ပြောပါတယ်။

မြေပြင်အခြေအနေပေါ် မူတည်ပြီး မီးလောင်ပြင်မှာ ပြန်ဆောက်လုပ်ပေးတာရှိသလို ကာလရှည် စစ်ဘေးဒုက္ခသည်တွေအတွက် တခြား သင့်တော်ရာနေရာတစ်ခုမှာ ဆောက်လုပ်ပေးတာလည်းရှိတယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော်ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။